Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 26—“မမြဲသော လောကီ စည်းစိမ်ကို သုံးဆောင်ကြလော့”

    လုကာ၊ ၁၆:၁-၉။ ကို အခြေပြုပါသည်။

    ခရစ်တော် ကြွလာတော်မူခဲ့သည့် အချိန်က လူတို့သည် လောကီရေးရာများကိုသာ ဂရုစိုက်နေကြပါသည်။ လောကီရေးရာများကို ထာဝရ ကာလရေးရာများထက် ပို၍ အရေးပေးကြ၏။ ပစ္စုပ္ပန်ရေးရာများကို အနာဂတ်ရေးရာများထက် ပို၍ အာရုံစိုက်ကြ၏။ အမှန်တရားကို စိတ်ကူးယဉ်မှုဟူ၍ လည်းကောင်း၊ စိတ်ကူးယဉ်မှုကို အမှန်တရားဟူ၍ လည်းကောင်း ထင်မှတ်မှားကြ၏။ သူတို့သည် မျက်မြင် မရသော ကမ္ဘာကို ယုံကြည်ခြင်းအားဖြင့် မကြည့်မမြင်ကြ။ စာတန်သည် သူတို့အား ယခု ဘဝ၏ ရေးရာများကိုသာ တပ်မက်ဖွယ်ရာ ဖြစ်အောင်၊ စိတ်ပါဝင်စားဖွယ် ဖြစ်အောင် သွေးဆောင်ဖြားယောင်းနေသည်ကိုသာ သူတို့ အလေးဂရုပြုနေကြ၏။COLB 465.1

    လူတို့သည် ယင်းသို့ အညှို့ခံနေရသည်ကို လည်းကောင်း၊ မကောင်းမှု၌သာ စွဲလိမ်းနေသည်ကို လည်းကောင်း၊ ပရိယာယ်နှင့် ကျော့မိနေသည်ကို လည်းကောင်း ပယ်ဖျက်လွှဲပြောင်းရန် ခရစ်တော် ကြွလာတော်မူခဲ့ပါသည်။ လူတို့သည် လောကီ လိုအပ်ချက်များ နှင့် ကောင်းကင်လိုအပ်ချက်များကို ညှိနှိုင်း၍ ပစ္စုပ္ပန်ကိုသာ အာရု့စိုက်နေမည့် အစား အနာဂတ် ကာလကို အာရုံပြုရန် ကိုယ်တော်ရှင် သြဝါဒ ပေးတော်မူ၏။ လူတို့သည် ခေတ်၏ အလိုကိုသာ လိုက်နေမည့် အစား ထာဝရ ကာလအတွက် ဘဏ္ဍာကို ဆည်းပူးကြရန် ကိုယ်တော်ရှင် ခေါ်တော်မူ၏။COLB 465.2

    ထိုကြောင့် ကိုယ်တော်က “ငွေရတတ်သော သူတစ်ယောက်၌ ဘဏ္ဍာစိုး ရှိ၏။ ထို ဘဏ္ဍာစိုးသည် သခင်၏ ဥစ္စာများကို ဖျက်ဆီးသည့် အကြောင်းကို သူတစ်ပါးတို့သည် သခင် ရှေ့၌ အပြစ်တင်” ကြ၏ ဟု မိန့်တော်မူ၏။ ထို သူဌေးကြီးသည် မိမိ ဥစ္စာဘဏ္ဍာ ရှိသမျှကို သူ၏ ကျွန်လက်၌ အပ်ထားခဲ့၏။ သို့သော် ထို ကျွန်သည် သစ္စာမဲ့သည်ကို လည်းကောင်း၊ စနစ်တကျ သူ၏ ဥစ္စာပစ္စည်းများအား အလွဲသုံးစား ပြုနေသည်ကို လည်းကောင်း သိလေ၏။ ထိုသူကို မိမိ၏ လုပ်ငန်းတွင် ဆက်လက် မထားရန် ဆုံးဖြတ်ပြီးလျှင် ၎င်းကျွန်ကို ခေါ်၍ စာရင်းရှင်းစေပြီးလျှင် “သင်၏ အမှု အရာ၌ ငါကြားရသော စကား အဘယ်သို့နည်း၊ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့၊ ယခုမှ စ၍ ဘဏ္ဍာစိုး မလုပ်ရဟု ဆို၏။”COLB 465.3

    ဘဏ္ဍာစိုးသည် အလုပ်မှ ထုတ်ပယ်ခြင်း ခံရတော့မည်ကို သိသောအခါ ပင်ပန်းစွာ လုပ်ကိုင်ရမည်၊ သို့မဟုတ် တောင်းစားရမည်၊ သို့မဟုတ် အငတ် ပြဿနာနှင့် ရင်ဆိုင်ရမည် စသည်ဖြင့် ရွေးချယ်ရန် နည်းလမ်း သုံးမျိုးကို တွေ့မြင်လေ၏။ ထိုကြောင့် စဉ်းစားမိသည်မှာ “ငါသည် အဘယ်သို့ ပြုရမည်နည်း၊ ငါ၏ သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ၊ လယ်လုပ်ခြင်းငှါ မစွမ်းနိုင်၊ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက်၏။ ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတစ်ပါးတို့သည် မိမိတို့ အိမ်၌ ငါ့ကို လက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ သခင်၏ ငွေ ရှိသော သူအပေါင်းတို့ကို ခေါ်၍ ငါ၏ သခင်ကို ဆပ်ပေးရန် သင်၌ အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကို မေးလျှင် ထိုသူက ဆီ အခွက် တစ်ထောင်ပေးရန် ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း သင်၏ စာရင်းကို ယူ၍ အသော့ထိုင်ပြီးလျှင် အခွက် ငါးရာကို ရေးမှတ်လော့ဟု ဆို၏။ ထိုနောက် အခြားသော သူကို ခေါ်၍ ငါ၏ သခင်ကို ဆပ်ပေးရန် သင်၌ အဘယ်မျှလောက် ရှိသနည်းဟု မေးလျှင် ထိုသူက ဂျုံစပါး အတင်း တစ်ထောင်ပေးရန် ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း သင်၏ စာရင်းကို ယူ၍ အတင်း ရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။”COLB 466.1

    သစ္စာမဲ့သော အမှုထမ်းသည် မိမိ ကိုယ်တိုင် သစ္စာမဲ့သည့် ကိစ္စတွင် သူတစ်ပါးကိုပါ ဆွဲသွင်းသေး၏။ ထိုသူတို့၏ အကျိုးအတွက် မိမိ၏ သခင်ကို ဆုံးရှုံးစေခြင်းမှာ ထိုသူတို့သည် သူ ပေးသော အခွင့်အရေးကို လက်ခံခြင်းဖြင့် သူ့ကို မိမိတို့၏ နေအိမ်များတွင် လက်ခံရန် တာဝန်ယူရကြ၏။COLB 466.2

    “မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာ ပြုသည်ကို သခင်သည် ချီးမွမ်းလေ၏” သူအား လိမ်လည်လှည့်ဖြားသော်လည်း သူဌေးသည် လောကီသား ပီသစွာ ထိုသူ၏ ထက်မြက် ပါးနပ်ပုံကို ချီးမွမ်း၏။ သို့သော် သူဌေးကြီး၏ ချီးမွမ်းစကားသည် ဘုရားသခင် ချီးမွမ်းတော်မူသကဲ့သို့ မဟုတ်ပါ။COLB 466.3

    ခရစ်တော်သည် ထို မတရားသော ဘဏ္ဍာစိုးကို ချီးမွမ်းနေခြင်း မဟုတ်ပါ။ မိမိ အလိုရှိသော သြဝါဒကို ပေးရန်အတွက် “သင်တို့သည် စုတေသောအခါ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံ လတ္တံ့သော အဆွေ ရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့” ဟု ထို စဉ်က လူသိများသော အဖြစ်အပျက်ကို အသုံးပြု၍ သြဝါဒ ပေးတော်မူ၏။COLB 467.1

    ကယ်တင်ရှင်သည် အခွန်ခံသော သူ၊ ဆိုးသော သူတို့နှင့် ပေါင်းသင်းသည်ဟု ဖါရိရှဲများက ကဲ့ရဲ့ ပြစ်တင်ကြ၏။ သို့သော် သူတို့အပေါ် ကိုယ်တော် စိတ်ဝင်စားမှု လျော့နည်းခြင်း မရှိ၊ သူတို့အတွက် အားထုတ် ဆောင်ရွက်မှုကိုလည်း ရပ်ဆိုင်းတော် မမူပါ။ ထိုသူတို့၏ လုပ်ငန်းသည် စုံစမ်း နှောင့်ယှက်ခြင်းနှင့် မကင်းသည်ကို ကိုယ်တော် သိတော်မူ၏။ မကောင်းမှု မျိုးစုံသည် သူတို့အား ဝန်းရံ မြူဆွယ်လျက် ရှိနေ၏။ အမှားဘက်သို့ ပထမ ခြေတစ်လှမ်းမှာ လွယ်ကူပါ၏။ ထိုနောက် ပို၍ သစ္စာတရား ကင်းမဲ့လာ၏။ ထိုမှတစ်ဆင့် ပို၍ ကြီးလေးသော ရာဇဝတ်မှုကို ကျူးလွန်ရန် လျင်မြန်လာတော့၏။ ထိုကြောင့် ထိုသူတို့သည် ပို၍ မြင့်မြတ်သော ရည်ရွယ်ချက် ရှိကြရန် နှင့် သာလွန် ကောင်းမွန်သော ကျင့်ဝတ် ကျင့်စဉ်များကို လိုက်လျှောက်ကြရန် ခရစ်တော်သည် သူတို့အား နည်းမျိုးစုံဖြင့် လမ်းညွှန် မိန့်ကြားတော်မူ၏။ သစ္စာမဲ့သော ဘဏ္ဍာစိုး၏ ဥပမာတွင် ယင်း ရည်ရွယ်ချက် ရှိတော်မူ၏။ ဥပမာတွင် ဖေါ်ပြပါရှီသည့်အတိုင်း အခွန်ခံများတို့တွင် အလားတူ အဖြစ်အပျက်များ ရှိသည် ဖြစ်၍ ခရစ်တော် မိန့်တော်မူသောအခါ သူတို့ ကိုယ်တိုင် အကျင့်များကို မှတ်မိသတိရကြ၏။COLB 467.2

    * * * * *

    “ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်” ဆာ၊ ၆၂:၁၀။ “ပျောက်တတ်သော အရာကို စေ့စေ့ မျက်မှောက်ပြုသင့်သလော၊ အကယ်စစ်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတက်သကဲ့သို့ ထိုအရာသည် အတောင်တို့ကို လုပ်၍ ပျံသွားတတ်၏။” သု၊ ၂၃:၅။ “ထိုသူတို့သည် ကိုယ် ဥစ္စာကို ကိုးစား၍ ကိုယ် စည်းစိမ် များသောကြောင့် ဝါကြွားသော်လည်း မိမိ ညီအစ်ကိုကို အဘယ်သူမျှ အလျှင်း မရွှေ့နိုင်၊ ရွေးရန် အဖိုးကို ဘုရားသခင်၌ မပေးနိုင်။” ဆာ၊ ၄၉:၆၊၇။ ထိုအခါ သူတို့ သတိတရား ရကြပြီးလျှင် သူတို့၏ သစ္စာမဲ့သော အကျင့်ဓလေ့များ ရုပ်လုံးပေါ်သဖြင့် အများသော သူတို့သည် ဝိညာဉ်ရေးဆိုင်ရာ သစ္စာတရားကို နားလည် သဘောပေါက်ကြ၏။

    မည်သို့ပင် ဖြစ်စေ ယင်း ဥပမာပုံကို တပည့်တော်တို့အား တိုက်ရိုက် ဟောကြားတော်မူ၏။ ဖေါင်းကြွစေတတ်သော တဆေးနှင့် တူသည့် သမ္မာတရားတော်ကို တပည့်တော်များအား ပထမ ကမ်းလှမ်းတော်မူပြီးလျှင် သူတို့မှ တစ်ဆင့် အခြားသော သူများထံသို့ ဆက်လက် ပေးပို့ ဝေငှရန် ဖြစ်ပါသည်။ တပည့်တော်များသည် ခရစ်တော်၏ သြဝါဒများကို ပထမတွင် နားမလည်ကြသည် သာမက လုံးဝ မေ့လျော့သွားသကဲ့သို့ပင် မကြာခဏ ဖြစ်တတ်ပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော် နှိုးဆော်ခြင်းဖြင့် ယင်း သစ္စာတရားများသည် နောက်ပိုင်းတွင် ထင်ရှားပြတ်သားစွာ ပြန်၍ ပေါ်လာပြီးလျှင် တပည့်တော်များသည် အသင်းတော်သို့ ထပ်လောင်း ဝင်ရောက်လာသည့် ယုံကြည်သူ အသစ်များအား ထပ်ဆင့် ဝေငှ သရုပ်ဖေါ်ကြ၏။COLB 468.1

    ၎င်းအပြင် ကယ်တင်ရှင်သည် ဖါရိရှဲများအားလည်း သြဝါဒ ပေးနေခြင်း ဖြစ်ပါသည်။ ထို သြဝါဒ စကားများ၏ အကျိုးသက်ရောက်မှုကို ဖါရိရှဲများ သဘောမပေါက် နားမလည်ဘဲ နေကြလိမ့်မည်ဟု ကိုယ်တော် မမျှော်လင့်ပါ။ အများသော သူတို့ လေးလေးနက်နက် နားလည် သဘောပေါက်ကြပြီး ဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော် လမ်းပြခြင်းအားဖြင့် သမ္မာတရားကို ကြားနာရပါက အများသော သူတို့သည်လည်း ခရစ်တော်ကို ယုံကြည်သော သူများ ဖြစ်လာကြပေလိမ့်မည်။COLB 468.2

    ခရစ်တော်သည် အခွန်ခံသောသူ၊ ဆိုးသော သူတို့ နှင့်အတူ စားသောက် ပေါင်းဖေါ်သည်ဟု ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့် ကိုယ်တော်ကို ဂုဏ်နိမ့်အောင် ဖါရိရှဲတို့က ရှုတ်ချ ပြောဆိုကြ၏။ ထိုသို့ ပြစ်တင်ပြောဆိုခြင်းကို ယခု သူတို့ ဘက်သို့ မြားဦးလှည့်ပေးလိုက်ပါသည်။ အခွန်ခံတို့ လောကတွင် ဖြစ်ပျက်နေသည်ဟု သိရသော မြင်ကွင်းကို ဖါရိရှဲများ၏ ရှေ့တွင် မြှောက်၍ ပြလိုက်ခြင်းဖြင့် လူတို့၏ အမှားများကို ပြုပြင်ရန် တစ်နည်း တစ်လမ်းသာ ရှိသည်ကို လည်းကောင်း၊ ၎င်း ကိစ္စနှင့် ပတ်သက်၍ သူတို့ မည်သို့ ပြုလုပ် ဆောင်ရွက်နေကြသည်ကို လည်းကောင်း ဖေါ်ပြလိုက်ခြင်း ဖြစ်ပါသည်။ COLB 468.3

    သစ္စာမဲ့သော ဘဏ္ဍာစိုးအား ယုံကြည်စွာ လွှဲအပ်ထားသော ဥစ္စာဓနများမှာ အများအတွက် ကောင်းမှုပြုရန် ဖြစ်ပါသော်လည်း သူတို့ ကိုယ်တိုင် ကောင်းစားရေးအတွက်သာ ရှေးရှု အသုံးပြုလိုက်၏။ ဣသရေလ လူတို့သည်လည်း ယင်း အတိုင်းပင် ပြုနေကြ၏။ အာဗြဟံ၏ အမျိုးအနွယ်ကို ထာဝရအရှင် ဘုရားသခင် ရွေးချယ်တော်မူ၏၊ သူတို့ ကျွန်ခံရာ အဲဂုတ္တုပြည်မှ မြတ်တော်မူသော လက်ရုံးတော်ဖြင့် သူတို့အား ထုတ်ဆောင်ခဲ့တော်မူ၏။ ဤ လောကအတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေရမည့် မြတ်တော်မူသော သမ္မာတရားတော် သိုလှောင်ရာ ဘဏ္ဍာတိုက်များ အဖြစ် ကိုယ်တော်သည် သူတို့အား ရွေးချယ်ထားတော်မူ၏။ ကိုယ်တော်သည် အသက်ရှင်သော ဗျာဒိတ်တော်များကို သူတို့အား ယုံကြည်စွာ လွှဲအပ်ထားတော်မူသည်မှာ သူတို့သည် ထို အလင်းတရားတော်ကို သူတစ်ပါးတို့အား ထပ်ဆင့် ဝေငှကမ်းလှမ်းရန် တာဝန်ပေးထားခြင်း ဖြစ်ပါသည်။ သို့သော် ကိုယ်တော်၏ ဘဏ္ဍာစိုးများသည် ယင်း ဆုကျေးဇူးများကို သူတို့ ကိုယ်တိုင် ကောင်းစားရေး နှင့် သူတို့ကိုယ် သူတို့ ချီးမြှင့်ရေးအတွက်သာ အသုံးချကြ၏။COLB 469.1

    ဖါရိရှဲတို့သည် ကိုယ့်ဂုဏ်ကိုယ် ဖေါ်၍ သူတို့ကိုယ် သူတို့ ဖြောင့်မတ်သည်ဟု သဘောပိုက်ပြီးလျှင် ကိုယ်တော်၏ ဘုန်းတော် ထင်ရှားစေရန်အတွက် သူတို့အား ဘုရားသခင် အပ်နှင်းထားသည့် ဥစ္စာပစ္စည်းများကို အလွဲအသုံးချကြ၏။COLB 469.2

    ဥပမာတွင် ပုံဆောင်ထားသည့် အစေခံသည် နောင်ရေးအတွက် စီမံထားခြင်း မပြုမလုပ်ပါ။ အများ ကောင်းကျိုးအတွက် သူ့အား ပေးအပ်ထားသော ဥစ္စာပစ္စည်းများကို ကိုယ်ကျိုးအတွက် သက်သက် အသုံးပြု၏။ သို့သော် သူသည် လက်ရှိ အချိန်အတွက်သာ အာရုံစိုက်ခဲ့၏။ ဘဏ္ဍာစိုး တာဝန်ကို လက်လွှတ်ရမည် ဆိုပါက သူပိုင် ပစ္စည်းဟူ၍ လုံးဝ ရှိ တော့မည် မဟုတ်ပါ။ သို့သော် သခင်၏ ဥစ္စာပစ္စည်းများ သူ့ လက်တွင်း၌ပင် ရှိနေသေး၍ သူ၏ နောင်ရေးအတွက် စိတ်ချရန် ယင်း ဥစ္စာပစ္စည်းများကို အသုံးပြုမည်ဟု သူ ဆုံးဖြတ်လိုက်၏။ ယင်း အကြံထမြောက်ရေးအတွက် အသစ်သော စီမံကိန်းနှင့် ဆောင်ရွက်ရပေမည်။ ဤနေရာတွင် သူ့ အဖို့သာ စုသိမ်းမည့်အစား သူတစ်ပါးအား ဝေငှပေးကမ်းရပေမည်။ ၎င်းနည်းအားဖြင့်သာလျှင် သူသည် နှင်ထုတ်ခြင်းကို ခံရသောအခါ သူ့ကို လက်ခံမည့် မိတ်ဆွေများ ရှိနေပေလိမ့်မည်။ ဖါရိရှဲတို့ အတွက်မှာလည်း ၎င်းအတိုင်းပင် ဖြစ်နေပါသည်။ ဘဏ္ဍာစိုးရာထူး တာဝန်ကို သူတို့ထံမှ မကြာမီ ရုတ်သိမ်းတော်မူလိမ့်မည် ဖြစ်၍ သူတို့၏ နောင်ရေးအတွက် စီမံပြုပြင်ထားရန် သူတို့အား တိုက်တွန်းနိုးဆော်တော်မူခြင်း ဖြစ်၏။ သူတစ်ပါးအတွက် ကောင်းကျိုးပြုမှသာလျှင် သူတို့အတွက် အကျိုးကျေးဇူး ခံစားရကြပေလိမ့်မည်။ ဘုရားသခင်၏ ဆုကျေးဇူးတော်များကို ယခု ပစ္စုပ္ပန် ဘဝတွင် ဝေငှပေးကမ်းမှသာလျှင် ထာဝရကာလအတွက် စီမံထားပြီး ဖြစ်ပေလိမ့်မည်။COLB 469.3

    ခရစ်တော်သည် ဥပမာ ဆုံးသောအခါ “လောကီသားတို့သည် မိမိတို့ အမှုကို ဆောင်ရွက်ရာတွင် အလင်းသို့ ရောက်သော သူတို့ထက် သာ၍ လိမ္မာကြ၏။” ဟု မိန့်မြွက်တော်မူ၏။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သားသမီးဟု အခေါ်ခံသူများသည် ကိုယ်တော်၏ အမှုတော်ကို ထမ်းဆောင်ရာ၌ ပညာဉာဏ်ကို အသုံးပြုသည်ထက် လောကီရေးတွင် ပညာရှိသော သူများသည် မိမိတို့ ကိုယ်ကျိုးအတွက် ဆောင်ရွက်စီမံရာ၌ ပညာဉာဏ်ကို ပို၍ သုံးကြ၏၊ ပို၍ ဇွဲကောင်းကြ၏။ ခရစ်တော်၏ လက်ထက်က ၎င်းအတိုင်း ဖြစ်ခဲ့၏၊ ယနေ့လောကတွင်လည်း ၎င်းအတိုင်းပင် ဖြစ်နေ၏။ ခရစ်ယာန် အမည်ခံသူများ၏ ဘဝ အသက်တာများကို စဉ်းစားဆင်ခြင်ကြပါ။ ဘုရားသခင်သည် သူတို့အား အရည်အချင်း၊ စွမ်းရည်သတ္တိ နှင့် သြဇာတိက္ကမကို လည်းကောင်း၊ ငွေရေးကြေးရေးကို လည်းကောင်း၊ ကြီးမြတ်တော်မူသည့် ရွေးနုတ်ခြင်း စီမံကိန်းတွင် ကိုယ်တော် နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် အခွင့်အရေးများကို လည်းကောင်း ယုံကြည်စွာ လွှဲအပ်ထားတော်မူ၏။ ကိုယ်တော်၏ ဆုကျေးဇူး အားလုံးကို လူသားတို့အတွက် ကောင်းချီမင်္ဂလာ ဖြစ်စေရန် နှင့် အတိ ဒုက္ခရောက်သော သူများ နှင့် ဆင်းရဲနွမ်းပါးသူများကို ချမ်းသာပေးရာတွင် အသုံးချရပါမည်။ ကျွန်ုပ်တို့သည် ဆာလောင် မွတ်သိပ်သော သူကို ကျွေးမွေးရမည်၊ အဝတ်အချည်းစည်း ရှိသော သူကို အဝတ်ပေးရမည်၊ မိဘမဲ့ နှင့် မုဆိုးမများကို ကြည့်ရှုပြုစုရမည်၊ ဆင်းရဲပင်ပန်းသော သူ နှင့် အလွန် ဒုက္ခရောက်သည့် အနှိမ်ခံ လူတန်းစားကို ကူညီထောက်ပံ့ရမည်။ ဤ ကမ္ဘာလောကကြီးတွင် ဆင်းရဲဒုက္ခ ပြန့်ပွားနေစရန် ဘုရားသခင် အလိုရှိတော်မူသည် မဟုတ်ပါ။ လူ တစ်ဦးတစ်ယောက်၏အသက်တာတွင် စည်းစိမ်ဥစ္စာ မြောက်များစွာကို ခံစား၍ အခြားသော သူတို့၏ ကလေးများမှာ မူကား စားစရာ မလုံလောက်၍ ငိုနေကြသည်ကို ဘုရားသခင် အလိုတော်ရှိသည် မဟုတ်ပါ။ အသက်တာအတွက် အမှန်စင်စစ် လိုအပ်သည့် အရာများကို သုံးစွဲရန်ထက် ပိုလျှံသော ဥစ္စာပစ္စည်းများကို ယုံကြည်စွာ လွှဲအပ်ထားခြင်းမှာ လူသားများအားကောင်းချီးမင်္ဂလာ ဖြစ်စေရန် နှင့် ကောင်းမှုပြုရန် ဖြစ်ပါသည်။ ထိုကြောင့် သခင်ဘုရား မိန့်တော်မူသည်မှာ “သင်တို့ ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့” လု၊ ၁၂:၃၃။ “စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း” အတွက် အသင့် ရှိလော့။ ၁ တိ၊ ၆:၁၈။ “သင်သည် ပွဲခံသောအခါ ဆင်းရဲသော သူ၊ အင်္ဂါချို့တဲ့သော သူ၊ ခြေမစွမ်းသော သူ၊ မျက်စိကန်းသော သူများကို ခေါ်ဖိတ်လော့” လု၊ ၁၄:၁၃။ “မတရား အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကို ချခြင်း၊ ညှဉ်းဆဲခံရသော သူကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျကို ချိုးခြင်း” “မွတ်သိပ်သော သူကို အစာကျွေးခြင်း၊ နေရာ မရှိ၊ ဆင်းရဲသော သူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကို မြင်လျှင် အဝတ်ကို ပေးခြင်း” “ဆင်းရဲခံရသော သိူကု သနားသော စိတ်နှင့် ချမ်းသာပေး” လော့။ ဟေရှာ၊ ၅၈:၆၊၇၊၁၀။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိ တရားတော်ကို ဟောကြလော့။” မာကု၊ ၁၆:၁၅။ ဤ ပညတ်များသည် သခင် ဘုရာ၏ သြဝါဒများ ဖြစ်ပါသည်။ ခရစ်ယာန်ထုကြီးသည် ဤ အမှုတော်ကြီးကို ထမ်းဆောင်လျက် ရှိကြပါ၏လော။COLB 470.1

    ဘုရားသခင်၏ ကျေးဇူးတော်များကို ကိုယ်ကျိုးအတွက် သက်သက် ခွဲဝေသုံးစွဲနေသူများ အဘယ်မျှလောက် များပြားနေကြပါသနည်း။ အိမ် တစ်လုံးက နှစ်လုံး ဖြစ်အောင်၊ လယ်ယာမြေ တစ်ကွက်က နှစ်ကွက် ဖြစ်အောင် ထပ်လောင်း ပေါင်းစပ်နေသူများ အဘယ်မျှ များပြားနေပါသနည်း။ မိမိတို့၏ ကြေးငွေများကို အပျော်အပါး လိုက်စားရေးအတွက် သက်သက်၊ လျှာ၏ အလိုဆန္ဒ ပြည့်ဝရေးအတွက် သက်သက်၊ ခမ်းနားထယ်ဝါးသော အိမ်များ၊ အိမ်ထောင် ပရိဘောဂများ နှင့် ဝတ်စားတန်ဆာများအတွက် သက်သက် သုံးစွဲနေသူများ အဘယ်မျှများပြားနေပါသနည်း။ သူတို့နှင့် စပ်ဆိုင်သော လူသား အချင်းချင်းများမှာ မူကား အတိဒုက္ခရောက်နေကြ၏။ တရားဥပဒေကိုပင် ကျူးလွန်နေကြ၏၊ ရောဂါဝေဒနာ နှင့် သေမင်းကိုပင် ရင်ဆိုင်နေရကြ၏။ လူတို့သည် အစုလိုက် အစုလိုက် မြောက်များစွာ ပျက်စီးဆုံးရှုံးနေကြပါလျက် ကြင်နာစွာ ကြည့်မြင်သူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ထောက်ထားသည့် စကားတစ်ခွန်းကိုမျှ မပြော၊ ညှာတာသည့် အမှု တစ်ခုကိုမျှ မပြုမလုပ်ကြပါတကား။COLB 472.1

    လူတို့သည် ဘုရားသခင်၏ ဥစ္စာဘဏ္ဍာများကို လုယူနေကြပါပြီတကား။ မိမိတို့၏ ဥစ္စာပစ္စည်းများကို ဒုက္ခဆင်းရဲခြင်း အမျိုးမျိုး ခံစားနေရသော လူသားများအတွက် သက်သာချောင်ချိရေး နှင့် အသက်ဝိညာဉ် ကယ်ဆယ်ရေးအတွက် အသုံးချခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ရောင်ပြန်ဟပ်စေမည့် အစား ကိုယ်ကျိုးအတွက် သက်သက် အသုံးချခြင်းဖြင့် ဘုရားသခင်၏ ဥစ္စာဘဏ္ဍာများကို လုယူနေကြ၏။ ကိုယ်တော်ရှင် ယုံကြည်စိတ်ချစွာ လွှဲအပ်ထားသော ဥစ္စာဓနများကို အလွဲသုံးစား ပြုကြ၏။ ထိုကြောင့် ကိုယ်တော် မိန့်တော်မူသည်မှာ “သင်တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်းမည် ……. သူငှါးကို အခ မပေး ညှဉ်းဆဲသော သူ၊ မိဘ မရှိသော သူငယ် နှင့် မုဆိုးမကို ညှဉ်းဆဲသော သူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ ........ တို့ တစ်ဖက်၌ ငါသည် လျင်မြန်သော သက်သေ ဖြစ်မည်။” “လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော၊ သို့သော်လည်း သင်တို့သည် ငါ့ ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသနည်းဟု သင်တို့ မေးလျှင် ဆယ်ဖို့တစ်ဖို့ကို လည်းကောင်း၊ ပူဇော်သက္ကာတို့ကို လည်းကောင်း လုယူကြပြီ။ သင်တို့သည် ကျိန်ခြင်း အမင်္ဂလာကို ခံရကြ၏။ အကြောင်းမူကား ပြည်သူပြည်သား အပေါင်းတို့သည် ငါ့ ဥစ္စာကို လုယူကြပြီ” မာလခိ၊ ၃:၅၊၈၊၉။ “အချင်း သူဌေးသူကြွယ်တို့၊ ယခု လာကြ …….. သင်တို့ ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက် ရှိ၏၊ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ၊ ရွှေငွေလည်း အချေးတက် ၍ ပျက်ကုန်ပြီ၊ ထိုအချေးသည် သင်တို့ တစ်ဖက်၌ သက်သေ ဖြစ်၍ …. နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား” “သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ် ခံစား၍ အလွန် ပျော်မွေ့ကြပြီ။” “နားထောင်ကြ၊ သင်တို့ လယ်ကွက်၌ ရိတ်သော သူတို့ကို လှည့်စား၍ အခ မပေးဘဲနေသောကြောင့် ထို အခသည် ကြွေးကြောလေ၏။ ရိတ်သော သူတို့၏ အော်ဟစ်ခြင်း အသံသည်လည်း ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။” ယာကုပ်၊ ၅:၁-၃၊ ၅၊၄။COLB 473.1

    မိမိအား ယုံကြည်စွာ လွှဲအပ်ထားသည့် ဆုကျေးဇူးအတွက် လူတိုင်း စာရင်းတင်ပြရကြပါမည်။ နောက်ဆုံးတရားစီရင်သော နေ့တွင် လူတို့ သိုလှောင်ထားသော ဥစ္စာဘဏ္ဍာ အပေါင်းသည် သူတို့အတွက် တန်ဖိုး မရှိ ဖြစ်လိမ့်မည်။ သူတို့ ပိုင်ပစ္စည်းဟု ပြောစရာ လုံးဝ ရှိတော့မည် မဟုတ်ပါ။ ဤလောက၏ ဥစ္စာဘဏ္ဍာများကိုသာ ဆည်းပူးခြင်းဖြင့် မိမိတို့ ဘဝ အသက်တာကို ကုန်လွန်စေသော သူများမှာ သစ္စာမဲ့သော ဘဏ္ဍာစိုးသည် မိမိ နောင်ရေးအတွက် မစုမသိမ်းသည်ထက် ပို၍ ဉာဏ်ပညာမဲ့သော သူများ၊ ထာဝရ ကောင်းစားရေးအတွက် အာရုံမစိုက်သော သူများ ဖြစ်ကြ၏။ လောကီသားများသည် သူတို့ အမှုကို သူတို့ ဆောင်ရွက်ရာ၌ အသိပညာ ရှိသလောက် အလင်းတရား ရှိပါသည်ဟု အဆိုပြုသော ထို ခေတ်က လူတို့တွင် အသိပညာ မရှိကြပါ။ ဤသူတို့သည် ပုရောဖက် ဟေရှာယ၏ ရူပါရုံ၌ နောက်ဆုံး တရားစီရင်ရာနေ့တွင် တွေ့မြင်ရသော သူများ ဖြစ်ကြ၏။ “ထို ကာလ၌ လူတို့သည် မိမိတို့ ကိုးကွယ်ဖို့ မိမိတို့ လုပ်ဖူးသော ငွေရုပ်တု ရွှေရုပ်တုတို့ကို ပွေးများ၊လင်းနို့များ၌ ပစ်ထားကြလိမ့်မည်။ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော်အခါ ထို ဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။” ဟေရှာ၊ ၂:၂၀၊၂၁။COLB 473.2

    ထိုကြောင့် ခရစ်တော်က “သင်တို့သည် စုတေသောအခါ အစဉ်အမြဲ တည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတ္တံ့သော အဆွေ ရှိစေခြင်းငှါ မမြဲသော လောကီ စည်းစိမ်ကို သုံးဆောင်ကြလော့” ဟု မိန့်တော်မူ၏။ အတိဒုက္ခရောက်သော သူများ၊ ဆင်းရဲဒုက္ခ ခံစားရသော သူများ နှင့် ဆိုးသွမ်းသော သူများကို ခမည်းတော်၊ သားတော် နှင့် ကောင်းကင်တမန်တို့ စောင့်ရှောက် ကြည့်ရှုတော်မူကြ၏။ ယင်း အမှုတော်အတွက် ဘုရားသခင်အား ကိုယ်ကိုကိုယ် ဆက်ကပ်ပါ။ ကိုယ်တော် ပေးသနားတော်မူသည့် ဆုကျေးဇူးများကို ယင်း လုပ်ငန်းအတွက် အသုံးချပါ။ ၎င်းအပြင် သင်ကိုယ်တိုင် ကောင်းကင်ဗိုလ်ခြေ အပေါင်း နှင့်အတူ ပူးပေါင်းဆောင်ရွက်ပါ။ သူတို့သည် ကြင်နာသော စိတ် ရှိသည်နည်းတူ သင်သည်လည်း ကြင်နာသော စိတ်နှလုံး ရှိလိမ့်မည်။ သင်၏ အကျင့်စာရိတ္တသည် သူတို့ နည်းတူ ဖြစ်လာလိမ့်မည်။ အစဉ်အမြဲတည်သော ဗိမာန်တော်၌ နေကြသော သူတို့သည် သင်နှင့် အကျွမ်းဝင်ပြီးသူများ ဖြစ်ကြလိမ့်မည်။ လောကီဆိုင်ရာ ကိစ္စရပ်များ ပြီးဆုံးချိန် ရောက်သောအခါ ကောင်းကင် တံခါးတော်များသည် သင့်အား ဝမ်းမြောက်စွာ ကြိုဆိုကြလိမ့်မည်။COLB 474.1

    ထိုအခါ ကောင်းချီးမင်္ဂလာ ဖြစ်စေသည့် ဥစ္စာပစ္စည်းများကို အကျိုးအမြတ် နှင့်တကွ ပြန်၍ ရလိမ့်မည်။ ကြွယ်ဝချမ်းသာမှုများကို မှန်ကန်စွာ အသုံးချလျှင် ကောင်းမှုများစွာ ပြီးမြောက်လိမ့်မည်။ အသက်ဝိညာဉ်များစွာကို ခရစ်တော် ထံသို့ ပို့ဆောင်နိုင်လိမ့်မည်။ ခရစ်တော်၏ အသက်တာ ပုံစံနမူနာကို လိုက်လျှောက်သော သူသည် ဘုရားသခင်၏ ကောင်းကင် တံတိုင်းတော်သို့ ရောက်သောအခါ ဤ လောကတွင် သူ ကိုယ်တိုင် အနစ်နာခံ၍ အမှုတော် ဆောင်ရွက်ထားသည့်အတွက် ကယ်တင်ခြင်း ရရှိသော သူများနှင့် တွေ့ဆုံရပေလိမ့်မည်။ ရွေးနုတ်ခြင်းကို ခံရသော သူတို့သည် မိမိတို့ ကယ်တင်ခြင်း ရရှိရေးအတွက် အမှုဆောင်ရွက်သူများကို ကျေးဇူးတရား သိတတ်စွာဖြင့် သတိရကြလိမ့်မည်။ အသက်ဝိညာဉ် ကယ်ဆယ်ရေး လုပ်ငန်းတွင် သစ္စာ ရှိသော သူများအတွက် ကောင်းကင်နိုင်ငံတော်သည် မွန်မြတ်လှပါသည်တကား။COLB 475.1

    ဤ ဥပမာ၏ သင်ခန်းစာမှာ လူတိုင်းအတွက် ဖြစ်ပါသည်။ ခရစ်တော်အားဖြင့် ပေးအပ်ထားသည့် ကျေးဇူးတော်များကို လက်ခံရရှိသော လူတိုင်း တာဝန် ရှိလိမ့်မည်။ လောကီရေးရာ ကိစ္စရပ်များနှင့်သာ အချိန်ဖြုန်းရန်အတွက် ဘဝ အသက်တာသည် လေးနက်လွန်းလှပါ၏။ မျက်စိဖြင့် မတွေ့မမြင်ရသော ထာဝရေးရာများမှ ကျွန်ုပ်တို့ ရရှိထားသမျှကို တစ်ဆင့်ကမ်း ဝေငှပေးကမ်းရန် ကိုယ်တော် အလိုရှိတော်မူ၏။COLB 475.2

    သန်းပေါင်းများစွာသော လူသားတို့၏ အသက်ဝိညာဉ်များသည် နှစ်စဉ်နှစ်တိုင်း သတိပေး နှိုးဆော်မည့်သူ၊ ကယ်ဆယ်မည့်သူကို မတွေ့ရဘဲ ထာဝရကာလသို့ ရွေ့လျောသွားကြလေပြီ။ တစ်နာရီ မှ တစ်နာရီသို့ ပြောင်းလဲနေသည့် ကျွန်ုပ်တို့၏ ဘဝ အသက်တာတွင် အသက်ဝိညာဉ်များကို ကယ်ဆယ်နိုင်သည့် အခွင့်အရေးများနှင့် အမြဲတစေ ကြုံကြိုက်နေပါသည်။ ယင်း အခွင့်အရေးများသည် စဉ်ဆက်မပြတ် သွားလျက် ပြန် လျက် ရှိပါသည်။ ထိုကြောင့် ယင်း အခွင့်အရေးများကို အတတ်နိုင်ဆုံး အသုံးချရန် ဘုရားရှင် အလိုရှိတော်မူ၏။ နေ့များ၊ သီတင်းများ၊ လများ ရွေ့လျော နေကြသည် ဖြစ်၍ ကျွန်ုပ်တို့သည် တာဝန်ကို ထမ်းဆောင်ရန် တစ်နေ့၊ တစ်သီတင်း၊ တစ်လ လျော့နည်းသွားလေပြီ။ နောက်နှစ် အနည်းငယ်တွင် “ဘဏ္ဍာစိုး အရာ၌ မှတ်ထားသော စာရင်းကို ပေးလော့” ဟု ကျွန်ုပ်တို့အား အမိန့် ပေးတော်မူသည့် အသံကို ကြားရကြပေလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့ ငြင်းဆိုနိုင်ကြလိမ့်မည် မဟုတ်ပါ။COLB 475.3

    လူတိုင်း ဂရုစိုက်၍ ဆင်ခြင်သုံးသပ်ရန် ခရစ်တော်ဆင့်ဆိုတော်မူ၏။ သစ္စာနှင့် ချင့်ချိန်ကြပါ။ ချိန်ခွင် တစ်ဖက်တွင် ခရစ်တော်ကို ထည့်ထားပါ၊ ဆိုလိုသည်မှာ ထာဝရဘဏ္ဍာများ ဖြစ်သည့် အသက်၊ သမ္မာတရား၊ ကောင်းကင်နိုင်ငံတော် နှင့် အသက်ဝိညာဉ်များကို ဆယ်နုတ်နိုင်သည့်အတွက် ခရစ်တော်၏ ဝမ်းမြောက်ခြင်းများ ဖြစ်ပါသည်။ အခြား တစ်ဖက်တွင် လောကမှ ပေးနိုင်သည့် စိတ်ဝင်စားဖွယ်ရာ ရှိသမျှကို ထည့်ထားပါ။ ချိန်ခွင်ခွက် တစ်ဖက်တွင် ဆုံးရှုံးပြီးသော သင်၏ အသက်ဝိညာဉ် နှင့် သင် ကိုယ်တိုင် အမှုတော် ဆောင်ရွက်လျှင် ဆယ်နုတ်နိုင်မည့် အသက်ဝိညာဉ်များကို ထည့်ထားပါ၊ အခြား တစ်ဖက်တွင် သင် နှင့် သူတို့အတွက် လုံလောက်သည့် ဘုရားသခင်၏ အသက် နှင့်တူညီသော အသက် တစ်ဆူကို ထည့်ထားပါ။ ပြီးလျှင် မျက်မှောက် ကာလအတွက် လည်းကောင်း၊ ထာဝရကာလအတွက် လည်းကောင်း သစ္စာနှင့် ချိန်စက်ပါ။ သင်သည် ယင်းသို့ ချိန်စက်နေစဉ် “လူသည် ဤ စကြဝဠကို အကြွင်းမဲ့ အစိုးရ၍ မိမိ အသက်ဝိညာဉ် ရှုံးလျှင် အဘယ် ကျေးဇူးရှိသနည်း” ဟု ခရစ်တော်သည် သင့်အား မေးနေတော်မူ၏။ မာ၊ ၈:၃၆။COLB 476.1

    ကျွန်ုပ်တို့သည် လောကီနှင့် ဆိုင်သော အရာများကို ရွေးချယ်မည့် အစား ကောင်းကင်နိုင်ငံတော်နှင့် ဆိုင်ဿော အရာများကို ရွေးချယ်ရန် ဘုရားရှင် အလိုရှိတော်မူ၏။ ကောင်းကင် ဘဏ္ဍာကို ဆည်းကူးနိုင်ရန်အတွက် ဖြစ်နိုင်သော အရာများကို ကိုယ်တော်သည် ကျွန်ုပ်တို့၏ မျက်မှောက်တွင် ဖွင့်ပြထားတော်မူ၏။ ကျွန်ုပ်တို့၏ အမြင့်ဆုံးသော ရည်မှန်းချက် အတွက် ကိုယ်တော်သည် တိုက်တွန်း နှိုးဆော်တော်မူ၏။ ကျွန်ုပ်တို့သည် အကောင်းဆုံးသော ဘဏ္ဍာကိုရွေးချယ်ရန်အတွက် ကာကွယ်စောင့်ရှောက်တော်မူ၏။ ထိုကြောင့် “လူသည် ရွှေစင်ထက် အဖိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် သြဖိရ ရွှေကျောက်ထက် အဖိုးထိုက်မည် အကြောင်း ငါပြုမည်” ဟု ကိုယ်တော် ကတိပြုတော်မူ၏။ ဟေရှာ၊ ၁၃:၁၂။ သံချေးပိုးရွ ဖျက်ဆီးနိုင်သော ဥစ္စာ ဘဏ္ဍာများ ကွယ်ပျေက်လေသောအခါ ခရစ်တော်၏ တပည့်တော်များသည် ထာဝရ တည်မြဲသော ကောင်းကင်ဘဏ္ဍာြဖင့် မွေ့လျော် ပျော်ပိုက်နိုင်ကြပေလိမ့်မည်။COLB 476.2

    ခရစ်တော်၏ ရွေးနုတ်ခြင်းကို ခံရပြီးသူ အချင်းချင်း မိတ်ဆွေ့ဖွဲ့ရခြင်းသည် လောကီ မိတ်ဆွေ ဖွဲ့ခြင်း ရှိသမျှထက် ပို၍ ကောင်း၏။ ဤ လောကတွင် ဂုဏ်အကြီးဆုံးသော နန်းတော် တစ်ဆောင်ကို ပိုင်ဆိုင်ခွင့် ရသည်ထက် ကိုယ်တော်သွား၍ပြင်ဆင်နေသော နေစရာ အခန်း အများတွင် နေထိုင်ခွင့် တစ်နေရာ ရသည်က ပို၍ ကောင်း၏။ “ငါ့ ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသော သူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သော နိုင်ငံကို လာ၍ အမွေခံကြလော့” ဟု မိမိ၏ အမှုဆောင်များအား ကယ်တင်ရှင် မိန့်မြွက်တော်မူသည့် စကားလုံးများသည် လောကီ ချီးမွမ်းစကား ရှိသမျှထက် ပို၍ကောင်းပါသည်။ မ၊ ၂၅:၃၄။COLB 477.1

    ကိုယ်တော်၏ ဥစ္စာပစ္စည်းများကို အကျိုးမဲ့ သုံးဖြုန်းနေသူများအား ခရစ်တော်သည် ထာဝရ တည်မြဲသော ဥစ္စာဘဏ္ဍာများကို ဆည်းပူးရန် အခွင့်ကောင်း အခါကောင်းများ ကမ်းလှမ်း နေတော်မူဆဲပင် ဖြစ်ပါသည်။ “သူတစ်ပါးအား ပေးကြလော့၊ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။” “မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့ လုပ်ကြလော့။ သူခိုး မရောက်၊ ပိုးများ မဖျက်ဆီးရာ အရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သော ဘဏ္ဍာကို ဆည်းပူးကြလော့” ဟူ၍ လည်းကောင်း၊ လုကာ၊ ၆:၃၈။ ၁၂:၃၃။ “ဤ ဘဝ၌ ငွေရတတ်သော သူတို့သည် မာန်မာစိတ်နှင့် ကင်းလွတ်၍ …. သူတစ်ပါးအား ကျေးဇူးပြုခြင်း၊ ကောင်းသော အကျင့်၌ ကြွယ်ဝ ပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာ စိတ် ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊ မှန်သော အသက်ကို ဝင်စားလိုသောငှါ၊ နောင်ဘဝ၌ ကောင်းသော ဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြုရမည်” ဟူ၍ လည်းကောင်း ကိုယ်တော် လမ်းညွှန်မြွက်ကြားတော်မူ၏။ ၁ တိ၊ ၆:၁၇-၁၉။COLB 477.2

    ထိုကြောင့် ကောင်းကင်နိုင်ငံတော်သို့ သင်၏ ဥစ္စာစည်းစိမ်များကို ရှေးဦးစွာ ပို့ထားနှင့်ပါ။ ဘုရားသခင်၏ ပလ္လင်တော်ရင်းတွင် သင်၏ ရတနာများကို ဆည်းပူးထားပါ။ ခရစ်တော် ပိုင်ဆိုင်တော်မူသည့် စစ်၍ မကုန်နိုင်သော ဘဏ္ဍာရတနာများကို သင်လည်း ပို်ငဆိုင်ခွင့်အတွက် စိတ်ချအောင် ဆောင်ရွက်ထားပါ။ “သင်တို့သည် စုတေသောအခါ အစဉ်အမြဲ တည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတ္တံ့သော အဆွေ ရှိစေခြင်းငှါ မမြဲသော လောကီ စည်းစိမ်ကို သုံးဆောင်ကြလော့။”COLB 478.1

    * * * * *