Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 15—“ဤသူသည် ဆိုးသော သူတို့ကို လက်ခံ၍”

    လုကာ၊ ၁၅:၁-၁၀။ ကို အခြေပြုပါသည်။

    “အခွန်ခံသော သူတို့ နှင့် ဆိုးသော သူအပေါင်းတို့သည်” ခရစ်တော်ကို ဝိုင်းဝန်း၍ နေကြသောအခါ ယုဒဆရာတို့ မကြိုက်မနှစ်သက်ကြ။ ထိုကြောင့် သူတို့က “ဤသူသည် ဆိုးသော သူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကား” ဟု ကဲ့ရဲ့ကြ၏။COLB 214.1

    ယင်းသို့ ကဲ့ရဲ့ပြစ်တင်ကြခြင်းမှာ ခရစ်တော်သည် အပြစ်နှင့် လည်းကောင်း၊ ဆိုးသွမ်းမှုနှင့် လည်းကောင်း မိတ်သဟာယဖွဲ့သည်ဟု စွပ်စွဲကြသည် သာမက၊ ထိုသူတို့၏ ဆိုးယုတ်မှုများကိုလည်း မသိရုံမျှမက ဥပေက္ခာပြုသည်ဟု သွယ်ဝိုက်၍ ပြောဆိုနေကြခြင်း ဖြစ်ပါသည်။ ယုဒဆရာတို့ ခရစ်တော်ကို စိတ်ပျက်ကြ၏။ ထိုမျှလောက် အကျင့်စာရိတ္တ မြင့်မြတ်ပါသည်ဟု ဆိုသော သူသည် သူတို့နှင့် အဘယ်ကြောင့် မရောမနှောပါသနည်း၊ သူတို့ သြဝါဒ ပေးပုံပေးနည်းများကိုလည်း အဘယ်ကြောင့် မလိုက်လျှောက်ပါသနည်း၊ မည်သည့်အတွက် ဟိတ်ဟန် မရှိ ရိုးသားစွာဖြင့် လူထု လူတန်းစားမျိုးစုံတို့တွင် လှုပ်ရှားနေပါသနည်း၊ သူသည် ပုရောဖက် အမှန် ဖြစ်ခဲ့ပါလျှင် သူတို့နှင့် သင့်မြတ်၍ အခွန်ခံသော သူတို့ နှင့် ဆိုးသွမ်းသော သူအပေါင်းကို ထိုက်သင့်သည်အတိုင်း ဥပေက္ခာပြုလိမ့်မည်ဟု သူတို့ချင်း ဆွေးနွေးကြ၏။ သူတို့နှင့် အမြဲတစေ ဆန့်ကျင်လျက် ရှိနေသော်လည်း ထိုသူ၏ အသက်တာ သန့်ရှင်းမြင့်မြတ်ပုံသည် သူတို့အား ရွံ့ကြောက် ရိုသေစေ၍ သူတို့၏ အပြစ်များကိုလည်း ထင်ရှားပေါ်လွင်စေသော ထိုသူသည် မည်သည့်အတွက်ကြောင့် လူအများက ဝိုင်းပယ်ထားသော သူများကို သိသိသာသာ စေတနာ ကရုဏာ သက်ဝင်နေရပါသနည်းဟု လူ့အဖွဲ့အစည်းကို အုပ်ထိန်းစောင့်ရှောက်ရသော ယုဒဆရာတို့ အမျက်ဒေါသထွက်ကြ၏။ ထိုသူ၏ လမ်းစဉ်ကို သူတို့ သဘောမတူကြ၊ သူတို့သည် ပညာရှိများ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ယဉ်ကျေးသိမ်မွေ့သော သူများ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ထူးကဲစွာ ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်သည်ဟူ၍ လည်းကောင်း သူတို့ကိုယ် သူတို့ သဘောထား ကြသော်လည်း ခရစ်တော်၏ ပုံသက်သေသည် သူတို့၏ တစ်ကိုယ်ကောင်း စိတ်ထားများကို ဖေါ်ထုတ်နေပါသည်။COLB 214.2

    မည်သည့်အခါကမျှ တရားဇရပ်များတွင် မတွေ့မမြင်ရသည့်အပြင် သူတို့အား မထီလေးစား ပြုလေ့ရှိသော သူတို့သာလျှင် ယေရှု၏ အနီးတွင် ဝန်းရံလျက် ကိုယ်တော်၏ တရားတော်များကို ဘဝင်ခိုက်အောင် အာရုံစိုက်၍ နာယူနေကြသည်ကို ယုဒဓမ္မဆရာများ တွေ့မြင်ကြသောအခါ ဒေါသအမျက် ချောင်းချောင်း ထွက်ကြ၏။ ကိုယ်တော်၏ ရှေ့တော်တွင် ဤမျှ ပီပြင်သန့်စင်ခြင်းကို ကျမ်းပြုဆရာများ နှင့် ဖါရိရှဲတို့က အပြစ်တင်စရာ အကြောင်းကိုသာ တွေ့မြင်ကြ၏။ ထိုသို့ဆိုပါက အခွန်ခံသော သူတို့ နှင့် ဆိုးသော သူအပေါင်းတို့သည် မည်သည့်အတွက်ကြောင့် ယေရှု၏ အနီးသို့ ချဉ်းကပ်ကြပါသနည်း။COLB 215.1

    အဖက်မတန်ဟု ယူဆသောကြောင့် “ဤသူသည် ဆိုးသော သူတို့ကို လက်ခံ” သည်ဟု ရှုတ်ချစွပ်စွဲသည့် စကားများ၌ပင် ရှင်းလင်းချက် အဖြေရှိနေသည်ကို သူတို့ မသိနားမလည်ကြ။ ယေရှုထံတော်သို့ လာရောက်ကြသော သူတို့သည် ကိုယ်တော်၏ ရှေ့တော်မှောက်၌ အပြစ်ငရဲတွင်းမှ လွတ်မြောက်လျက် ရှိနေသညဟု တွေ့ထိခံစားနေရကြ၏။ ဖါရိရှဲတို့သည် ထိုသူတို့အား အပြစ်တင်ခြင်း နှင့် ရှုတ်ချခြင်း ပြုကြ၏။ သို့သော် ခရစ်တော်ကမူကား ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၍ အဘ၏ အိမ်တော်နှင့် ကင်းကွာနေသော်လည်း ခမည်းတော်က မေ့လျော့ထားခြင်း မရှိကြောင်း ဖေါ်ညွှန်း၍ ကြိုဆိုနှုတ်ဆက်နေပါသည်။ ၎င်းအပြင် သူတို့၏ စိတ်ဆင်းရဲခြင်း ဒုက္ခ နှင့် အပြစ် ဒုစရိုက်များကြောင့် သူတို့အား ပို၍ ကရုဏာသက်ဝင်တော်မူ၏။ သူတို့သည် စိတ်လေလွင့်၍ ကိုယ်တော်၏ ထံတော်မှ ဝေးကွာသွားသည်နှင့်အမျှ သူတို့အား ကယ်ဆယ်ရန် ပို၍ ဆန္ဒပြင်းပြတော်မူ၏၊ ပို၍ အနစ်နာခံရနော်မူ၏။COLB 215.2

    ဣသရေလ ဓမ္မဆရာများအနေဖြင့် သူတို့ စောင့်ရှောက် လိုက်နာပါသည်ဟူ၍ လည်းကောင်း၊ သူတို့အနက် အဓိပ္ပါယ် ဖေါ်ပြ ရှင်းလင်းတတ်ပါသည် ဟူ၍ လည်းကောင်း ပြော၍ သူတို့ ဂုဏ်ယူသော ကျမ်းစာ တော်မြတ်တွင် ဤ အရာ အားလုံးကို သူတို့ သင်ယူ၍ တတ်ကျွမ်းပြီး ဖြစ်သင့်ပါသည်။ ဒါဝိဒ်မင်းကြီး၊အသက်သေစေတတ်သော အပြစ်ညွန်တွင်းသို့ ကျဆင်းဖူးသော ဒါဝိဒ်မင်းကြီးက “ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီ။ ကိုယ်တော်၏ ကျွန်ကို ရှာတော်မူပါ။” ဟု အက္ခရာတင်ထားခဲ့သည် မဟုတ်ပါလော။ ဆာလံ၊ ၁၁၉:၁၇၆။ “အပြစ်မှ လွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော် လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော်မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း” ဟု ပုရောဖက် မိက္ခာက ဒုစရိုက်သားအပေါ်တွင် ထားရှိသော ဘုရားသခင်၏ ကရုဏာတော် အကြောင်းကို ဖေါ်ထုတ်ထားသည် မဟုတ်ပါလော။ မိက္ခာ၊ ၇:၁၈။COLB 215.3