Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နုတ်ယူခြင်း ခံရသည့် စွမ်းရည်

    “ထိုကြောင့် အခွက် တစ်ဆယ်ကို ထို သူ၏ လက်မှ နုတ်ကြ၊ အခွက် တစ်ရာ ရှိသော သူကို ပေးကြ” ဟု ပျင်းရိသော ကျွန်ကို စီရင်ချက် ချမှတ်လိုက်ပါသည်။ သစ္စာ ရှိသော လုပ်သား၏ ဆုလာဘ်သည် နောက်ဆုံး တရားစီရင်ခြင်းနေ့မှသာ ရရှိမည့် ဆုလာဘ်ကို ဆိုလိုသည် မဟုတ်ပါ။ ယခု ဘဝ အသက်တာတွင် တဖြည်းဖြည်း တိုးတက်လာသည့် အကျိုးသက်ရောက်မှုလည်း ပါဝင်သည် ဖြစ်၍ ပျင်းရိသော ကျွန်ကို စီရင်ချက်ချမှတ်သည်မှာလည်း ၎င်းအတိုင်းပင် ဖြစ်ပါသည်။ သဘာဝ လောကမှာကဲ့သို့ ဝိညာဉ်ရေး လောကတွင်လည်း စွမ်းအား ရှိသမျှကို အသုံးမချဘဲ ထားပါက အားနည်း၍ တရွေ့ရွေ့ ယိုယွင်းပျက်စီးလမ့်မည်။ လှုပ်ရှားမှုသည် သက်ရှင်ခြင်း တရားဖြစ်၍ အလဟဿ နေခြင်းသည် သေခြင်းတရား ဖြစ်၏။ “ကောင်းသော အကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူ အသီးသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ၏။” ၁ ကော၊ ၁၂:၇။ သူတစ်ပါး အကျိုးဆောင် ကိုယ်အကျိုးအောင် ဆိုသကဲ့သို့ သူတစ်ပါး ကောင်းချီးမင်္ဂလာ ခံစားရအောင် လုပ်ဆောင်သော သူ၏ ဆုကျေးဇူးများ တိုးပွားလိမ့်မည်။ အတ္တ ကောင်းကျိုးအတွက် သက်သက် ဆောင်ရွက်လျှင် ယင်း ဆုကျေးဇူးများ ယုတ်လျော့၍ နောက်ဆုံးတွင် နုတ်ယူခြင်းကို ခံရလိမ့်မည်။ ရရှိထားသော ဥစ္စာပစ္စည်းများကို သူတစ်ပါးအား ဝေငှပေးကမ်းခြင်း မပြုသော သူသည် နောက်ဆုံးတွင် ပေးကမ်းစွန့်ကြဲရန် လုံးဝ မရှိတော့်သည်ကို တွေ့ရလိမ့်မည်။ ထိုသူသည် အသက်ဝိညာဉ်၏ စွမ်းရည်သတ္တိများကို တဖြည်းဖြည်း သိမ်ဖျင်းစေ၍ နောက်ဆုံးတွင် လုံးဝ ဖျက်ဆီးခြင်း ခံရသည့် လမ်းစဉ်ကို သဘောတူ လိုက်လျှောက်နေခြင်း ဖြစ်ပါသည်။COLB 462.1

    ကိုယ်ကျိုးအတွက် သက်သက် အသက်ရှင်နိုင်သည်ဟု အဘယ်သူမျှ မထင်မမှတ်ပါစေနှင့်။ ၎င်းအပြင် ကိုယ်ကျိုးအတွက်ကိုသာ စိတ်ပါစွာ လုပ် ဆောင်ပြီးမှ သူ၏ သခင် နှင့်အတူ ဘုန်းစည်းစိမ်သို့ ဝင်စားရလိမ့်မည် ဟူ၍လည်း မထင်ပါလေနှင့်။ ကိုယ်ကျိုး မငဲ့သော မေတ္တာ၏ ဝမ်းမြောက်ခြင်း၌သူတို့ ပါဝင် ဆက်ဆံနိုင်ခြင်း မရှိပါ။ သူတို့သည် ကောင်းကင်တံတိုင်းတော်အတွက် ထိုက်တန်သူများ မဟုတ်ပါ။ မေတ္တာတော်နှင့် ပြည့်လျှံလျက် ရှိသည့် ကောင်းကင်ဘုံ၏ သန့်စင်သော ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးကို သူတို့ နားမလည်နိုင်ပါ။ ကောင်းကင်တမန်များ နှင့် စောင်းတော်သံများသည် သူတို့ကို နှစ်သိမ့်စေလိမ့်မည် မဟုတ်ပါ။ ကောင်းကင်သိပ္ပံပညာသည် သူတို့၏ စိတ်နှလုံးတွင် ပဟေဠိ ဖြစ်နေလိမ့်မည်။COLB 462.2

    နောက်ဆုံး တရားစီရင်ရာ နေ့ရက်ကြီးတွင် ခရစ်တော်အတွက် အမှုတော် မဆောင်ရွက်သူများ၊ ရေစုန်ကို မျှော်လိုက်နေသူများ၊ တာဝန် လုံးဝ မယူသော သူများ၊ ကိုယ်ကျိုးကိုသာ လိုလားသူများ၊ ကိုယ်ကိုကိုယ်သာ နှစ်သိမ့်နေသူများ အားလုံးကို ဤ ကမ္ဘာမြေကြီးအား တရားစီရင်ရသော အရှင်က မကောင်းမှုဒုစရိုက်ကို ပြုသော သူများ နှင့်အတူ ထားပြီးလျှင် သူတို့ နှင့်အတူ ပြစ်ဒဏ် စီရင်လိမ့်မည်။COLB 463.1

    ခရစ်ယာန် အမည်ခံသူ အများသည် ဘုရားသခင် ဆင့်ဆိုတော်မူသည်ကို ဥပေက္ခာ ပြုလျက်ပင် သူတို့၌ အမှားအယွင်း မရှိဟု ထင်မှတ်မှားကြ၏။ ဘုရားတရားကို ပြစ်မှားသော သူ၊ လူအသက်ကို သတ်သော သူ၊ သူတစ်ပါး၏ ဇနီးကို ပြစ်မှားသော သူများသည် ပြစ်ဒဏ် စီရင်ခြင်းကို ခံထိုက်သော သူများ ဖြစ်သည်ဟု သူတို့ သိနားလည်ကြ၏။ သို့သော် သူတို့မူကား ဘာသာရေးဆိုင်ရာ ဝတ်ပြုခြင်းများ၌ မွေ့လျော် ပျော်ပိုက်နေကြ၏။ ဧဝံဂေလိ တရားတော်ဆိုင်ရာ ဟောပြောခြင်းကို နားထောင်ရန် သူတို့ နှစ်သက်မြတ်နိုးကြ၏။ ထိုကြောင့် သူတို့သည် ကောင်းသော ခရစ်ယာန်များ ဖြစ်သည်ဟု သဘောထားကြ၏။ သူတို့သည် ကိုယ်ကိုကိုယ် စောင့်ရှောက် ကြည့်ရှုခြင်းဖြင့်သာ အသက်တာကို ကုန်လွန်စေကြ၏။ သို့သော် ဥပမာပုံတွင် “အခွက် တစ်ဆယ်ကို ထိုသူ၏ လက်မှ နုတ်ကြ” ဟု သစ္စာမဲ့သော ကျွန်အား သခင်က စီရင်ချက် ချမှတ်သည် နည်းတူ သူတို့အား စီရင်ချက် ချမှတ်သောအခါ သူတို့ အံ့အားသင့်နေရကြလိမ့်မည်။ ယုဒလူCOLB 463.2

    များကဲ့သို့ သူတို့ ရရှိခံစားရသော ကောင်းချီးမင်္ဂလာများကို အသုံးချသင့်သည့်အတိုင်း အသုံးမချဘဲ မှားယွင်းစွာ စည်းစိမ် ခံစားကြ၏။COLB 464.1

    ခရစ်ယာန်ဆိုင်ရာ ကြိုးပမ်းမှု လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန်အတွက် လုံလောက်သော စွမ်းရည် မရှိပါဟူ၍ ဆင်ခြေကန်သူ အများ ရှိပါသည်။ သို့သော် ဘုရားသခင်သည် သူတို့အား ထိုမျှလောက် မစွမ်းဆောင်နိုင်အောင် စီမံထားတော်မူပါသလား။ မည်သို့မျှ မဟုတ်နိုင်ပါ။ ယင်းသို့ စွမ်းရည်သတ္တိ ကင်းမဲ့ရခြင်းမှာ သူတို့ လှုပ်ရှားမှု နည်းလွန်းသောကြောင့်သာ ဖြစ်၍ သူတို့ လိုလားစွာ ရွေးချယ်သည့်အတွက် ထာဝရ တည်မြဲခြင်းသို့ ရောက်ရပါသည်။ ထိုကြောင့် “အခွက် တစ်ဆယ်ကို ထိုသူ၏ လက်မှ နုတ်ကြ” ဟု ဆိုသည့် သူတို့အတွက် စီရင်ချက်ကို သူတို့၏ နေ့စဉ် ကျင့်ဝတ်များအရ ပေါ်လွင် ထင်ရှားနေပါသည်။ သူတို့၏ စွမ်းရည်သတ္တိများကို စဉ်ဆက်မပြတ် အလွဲ အသုံးချနေကြ သောကြောင့် တစ်ခုတည်းသော အလင်းတရား ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ထံမှ လုံးဝ ဆုတ်ခွာတော်မူလိမ့်မည်။ “အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြ” ဆိုသည့် စီရင်ချက်အတိုင်းပင် သူတို့ ကိုယ်တိုင် ရွေးချယ်သည့် ထာဝရ စီရင်ချက်ကို ကောင်းကင် တံဆိပ်ခတ်လိုက်ခြင်း ဖြစ်ပါသည်။COLB 464.2

    * * * * *