Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 8—“ဝှက်ထားသော ဘဏ္ဍာ”

    မ၊ ၁၃:၄၄။ ကို အခြေပြုပါသည်။

    “တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့် တူ၏။ ထို ဘဏ္ဍာကို တွေ့သော သူသည် တစ်ဖန် ဖုံးအုပ်၍ ဝမ်းမြောက်သော စိတ်နှင့် သွားပြီးလျှင် ရတတ်သမျှကို ရောင်း၍ ထို လယ်ကို ဝယ်လေ၏။”COLB 107.1

    ရှေးအခါက သူခိုး ဓါးပြ ပေါများသောကြောင့် လူတို့သည် မိမိတို့၏ ဥစ္စာဘဏ္ဍာများကို မြေတွင် မြှပ်ထားလေ့ ရှိကြပါသည်။ ၎င်းအပြင် အုပ်ချုပ်သူ အာဏာပိုင်များ ပြောင်းလဲသောအခါတိုင်း ဥစ္စာပစ္စည်း ကြွယ်ဝသူများအပေါ် အခွန်အတုတ်များစွာ စည်းကြပ်လေ့ ရှိကြပါသည်။ ထိုမျှမက တိုင်းပြည်ကို ဝင်ရောက်တိုက်ခိုက်လုယက်သော သောင်းကျန်းသူများနှင့်လည်း မကြာခဏ ရင်ဆိုင်ရတတ်ပါသည်။ ထိုကြောင့် ဥစ္စာဓန ပေါကြွယ်ဝသူများသည် မိမိတို့ပိုင် ဥစ္စာဘဏ္ဍာများ တည်မြဲစေရန် ကြိုးစား၍ သိုဝှက်ထားရကြသည် ဖြစ်ရာ မြေ၌ မြှပ်ထားလျှင် လုံခြုံသည်ဟု သဘောထားကြ၏။ သို့သော် ယင်း မြှပ်ထားသော နေရာကို မေ့လျော့သွားတတ်ပါသည်။ သို့မဟုတ် ဥစ္စာရှင် သေဆုံးခြင်း၊ အကျဉ်းထောင်သို့ ကျရောက်ခြင်း၊ ပြည်နှင်ဒဏ်ခံရခြင်းများကြောင့် မိမိပိုင် ဥစ္စာဘဏ္ဍာများနှင့် ခွဲခွာရတတ်သဖြင့် ဒုက္ခခံ၍ စုဆောင်း သိုဝှက်ထားသော ဘဏ္ဍာများကို အကြောင်းအားလျော်စွာ အခြားသူ တစ်ဦးတစ်ယောက်က တွေ့ရှိသွားတတ်ပါသည်။ ခရစ်တော် လက်ထက်က အမှုမဲ့ အမှတ်မဲ့ထားသော မြေများတွင် ရှေးဟောင်း ငွေဒင်္ဂါးများ၊ ရွှေတန်ဆာ၊ ငွေတန်ဆာများ တွေ့ရတတ်ပါသည်။COLB 107.2

    ထိုအချိန်က လူ တစ်ယောက်သည် စိုက်ပျိုးရေးလုပ်ရန် မြေ တစ်ကွက်ကို ငှါး၍ နွားတို့နှင့် ထွန်ယက်သောအခါ မြှပ်ထားသော ဘဏ္ဍာကို တွေ့လေ၏။ ထိုသူသည် ယင်း ဘဏ္ဍာရတနာများကို တွေ့သောအခါ ဥစ္စာဓန ကြွယ်ဝခြင်းသို့ ရောက်တော့မည်ကို သိ၍ တွေ့သော ရွှေငွေတို့ကို နဂိုမူလအတိုင်း ပြန်၍ မြှပ်ထားပြီးလျှင် ဝှက်ထားသော ဘဏ္ဍာများ ရှိသည့် လယ်မြေကို ဝယ်ယူရန်အတွက် အိမ်သို့ ပြန်၍ မိမိပိုင် ပစ္စည်း ရှိသမျှကို ရောင်းလေ၏၊ သူ၏ အိမ်သူအိမ်သားများ နှင့် အိမ်နီးချင်းတို့က သူသည် စိတ်နောက်သော သူကဲ့သို့ ပြုသည်ဟု ထင်မှတ်ကြ၏။ ဂရုမစိုက်ဘဲ ပစ်ထားသော လယ်မြေ ဖြစ်၍ တန်ဖိုး ရှိသည်ဟု သူတို့ မထင်မမှတ်ကြ။ သို့သော် ထိုသူကား တပ်အပ် သေချာစွာ သိ၏။ ယင်း လယ်မြေကို ဝယ်၍ ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများ ရရှိသောအခါ လယ်မြေ တစ်ကွက်လုံး အနှံ့အပြား ရှာဖွေ၍ မိမိ ပိုင်ဆိုင်သော ရွှေငွေ ဥစ္စာဘဏ္ဍာများကို စိတ်တိုင်းကျ ရယူလေ၏။COLB 107.3

    ဤ ဥပမာသည် ကောင်းကင်ဘဏ္ဍာ၏ တန်ဖိုးနှင့် ယင်း ဘဏ္ဍာကို ရအောင် ယူရန် ကြိုးစား အားထုတ်သင့်ကြောင်း ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ လယ်တွင် မြှပ်ထားသော ဘဏ္ဍာကို တွေ့သော သူသည် ယင်း ဘဏ္ဍာကို ရယူရန်အတွက် မိမိ ပိုင်ဆိုင်သမျှကို စွန့်လွှတ်၍ အားသွန်ခွန်စိုက် လုပ်ဆောင်ရန် အသင့် ဖြစ်နေပါသည်။ ထိုနည်းအတူ ကောင်းကင်ဘဏ္ဍာကို တွေ့သိသော သူသည်လည်း ဥစ္စာဘဏ္ဍာနှင့် တူသော သမ္မာတရားအတွက် မည်ကဲ့သို့သော စွန့်လွှတ်မှုကိုမျှ ကြီးလွန်းသည်ဟူ၍ လည်းကောင်း၊ မည်ကဲ့သို့သော လုပ်ဆောင်မှုကိုမျှ ပင်ပန်းလွန်းသည်ဟူ၍ လည်းကောင်း သဘောထားလိမ့်မည် မဟုတ်ပါ။COLB 108.1

    ဥပမာတွင် လယ်မြေသည် ကျမ်းစာတော်မြတ် ဖြစ်၍ ဝှက်ထားသော ဘဏ္ဍာသည် ဧဝံဂလိ တရားတော် ဖြစ်ကြောင်း ပုံဆောင်ထားပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်သည် ရတနာ ရွှေငွေတည်းဟူသော ဧဝံဂလိ သတင်းစကားများနှင့် ပြည့်ဝနေသကဲ့သို့ ကမ္ဘာမြေကြီး သက်သက်တွင် ရွှေကြောများ လိမ်ယှက်၍ ရတနာများ ပြည့်ဝနေသည် မဟုတ်ပါ။COLB 108.2

    Larger font
    Smaller font
    Copy
    Print
    Contents