Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 10—ပိုက်ကွန်

    မ၊၁၃:၄၇-၅၀။ ကို အခြေပြုပါသည်။

    “ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ ချ၍ အမျိုးမျိုးသော ငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့် တူ၏။ ငါးနှင့် အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ ဆွဲတင်၍ ထိုင်လျက် ကောင်းသော ငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍ မကောင်းသော ငါးကို ြပင်သို့ ပစ်လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာ အဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင် ဖြောင့်မတ်သော သူတို့အထဲမှ ဆိုးသော သူတို့ကို နုတ်ယူခွဲထား၍ ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်း ရှိရာ မီးဖို၌ ချကြလတ္တံ့။”COLB 133.1

    ပိုက်ကွန်ကို ပင်လယ်၌ ချခြင်းသည် ဧဝံဂလိ တရားတော်ကို ဟောပြောခြင်း ဖြစ်ပါသည်။ ဤသို့ အမှုတော်ကို ဆောင်ရွက်ခြင်းအားဖြင့် ကောင်းသော သူများ နှင့် မကောင်းသော သူများ ရောပြွမ်း၍ အသင်းတော်သို့ ဝင်ရောက်လာကြလိမ့်မည်။ ဧဝံဂလိ တရားတော်ဆိုင်ရာ သာသနာ လုပ်ငန်း ပြီးဆုံးချိန်သို့ ရောက်သောအခါ ကောင်းသူ နှင့် ဆိုးသူ ခွဲခြားသည့် လုပ်ငန်းကို တရားစီရင်ခြင်း နည်းဖြင့် အဆုံးသတ်ပါလိမ့်မည်။ အသင်းတော်၌ အသင်းသား အတုများ ရှိခြင်းအားဖြင့် သမ္မာတရားတော် လမ်းစဉ်ကို မကောင်း သတင်း ဖြန့်ကြလိမ့်မည် ဖြစ်ကြောင်း ခရစ်တော် ကြိုတင် သိမြင်တော်မူ၏။ ပါမေက္ခအတုများ၏ မတည်ငြိမ်သော အသက်တာများကြောင့် လောကီသားတို့သည် ဧဝံဂလိ တရားတော်ကို ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။ ကိုယ်တော်၏ ဝိညာဉ်တော် အုပ်ချုပ်မှုကို မခံယူသော ခရစ်ယာန် အမည်ခံသူများသည် အခြားသော ခရစ်ယာန်များအတွက် ထိမိ၍ လဲစရာ ဖြစ်ကြလိမ့်မည်၊ ဤကဲ့သို့ ဆိုးသွမ်းသူများ အသင်းတော်၌ ရှိခြင်းအားဖြင့် ဘုရားသခင်သည် သူတို့၏ အပြစ်များကို လွှတ်တော်မူသည်ဟု လူအများက ထင်မှတ်မှားစရာ အကြောင်း ရှိနေပါသည်။ ထိုကြောင့် ခရစ်တော်က ရာထူးဌာနန္တရအားဖြင့် မဟုတ်၊ အကျင့်စာရိတ္တအားဖြင့်သာလျှင် လူတို့၏ အနာဂတ် ဘဝ အသက်တာကို ဖန်တီးလိမ့်မည် ဖြစ်ကြောင်း အနာဂတ်ကို မျှော်ရှုရန် ရေးရေးရိပ်ရိပ် ပြတော်မူ၏။COLB 133.2

    တောပင်များ နှင့် ပိုက်ကွန် ဥပမာတို့တွင် ဆိုးသွမ်းသူ အားလုံးတို့သည် ဘုရားသခင်၏ ထံတော်သို့ ပြန်လာကြမည့် အချိန် ရှိမည် မဟုတ်ကြောင်း ထင်ရှားစွာ သင်ပြထားပါသည်။ စပါးပင် နှင့် တောပင်တို့သည် စပါးရိတ်သိမ်းရာ ကာလတိုင်အောင် အတူ ကြီးပွားကြ၏။ ပိုက်ကွန်တွင် မိသော ငါး အားလုံးကို ကမ်းခြေသို့ ရောက်အောင် ဆွဲယူပြီးမှ ကောင်းသော ငါး နှင့် မကောင်းသော ငါးတို့ကို အပြီးသတ် ခွဲခြားပါသည်။COLB 134.1

    ၎င်းအပြင် တရားစီရင်တော်မူပြီးသည့် အောက်ပိုင်းတွင် ကရုဏာတံခါးကို ဖွင့်ထားလိမ့်မည် မဟုတ်တော့ကြောင်း ဤ ဥပမာများက ထင်ရှားစွာ သင်ပြထားပါသည်။ ဧဝံဂလိ တရားတော်ကို ဟောပြောသည့် အချိန် ပြီးပြည့်စုံသောအခါ ကောင်းသူ နှင့် မကောင်းသူတို့ကို အပြီးသတ် ခွဲခြား၍ ယင်း လူတစ်စုစီ၏ ထာဝရ အဆုံးစွန်ရာ အဖြစ်ကို ဆုံးဖြတ်လိမ့်မည်။COLB 134.2

    ဘုရားသခင်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖျက်ဆီးရန် အလိုတော် မရှိပါ။ “အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ငါ အသက်ရှင်သည်အတိုင်း ဆိုးသော သူသည် အသေခံခြင်း အမှုကို ငါနှစ်သက်သည် မဟုတ်။ ဆိုးသော သူသည် မိမိ ဆိုးသော လမ်းမှ လွှဲ၍ အသက်ရှင်းခြင်း အမှုကိုသာ ငါ နှစ်သက်၏။ …. သင်တို့ လိုက်သော လမ်းဆိုးမှ လွှဲကြလော့၊ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။” ယေဇ၊ ၃၃:၁၁။ ကရုဏာတံခါး မပိတ်မီ ကာလပတ်လုံး အခမဲ့ ပေးနေသော အသက် လက်ဆောင်ကို လက်ခံရယူကြရန် ကိုယ်တော်၏ ဝိညာဉ်တော်က အားပေး တိုက်တွန်းနေပါသည်။ ဝိညာဉ်တော် တိုက်တွန်းခြင်းကို ငြင်းပယ်သော သူများသာလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။ အပြစ် ဒုစရိုက်သည် စကြဝဠာကို ပျက်စီးယိုယွင်းစေသည့် မကောင်းမှု ဖြစ်သောကြောင့် လုံးဝ ဖျက်ဆီးရမည်ဟု ဘုရားသခင် ကြေငြာထားတော်မူ၏။ ထိုကြောင့် အပြစ် ဒုစရိုက်ကို စွဲမြဲစွာ တွယ်ကပ်နေသူများသည်လည်း ယင်း ဒုစရိုက် အပြစ်ကို သုတ်သင်ရာတွင် တစ်ပါတည်း ပါသွားကြပါလိမ့်မည်။COLB 134.3

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents