Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မစ္စစ် အီ၊ ဂျီ၊ ဝှိုက်၏ အတ္ထုပ္ပတ္တိ နှင့် အလုပ်။

    အယ်လင်ဂျီဝှိုက် နှင့် သူမ၏ အမွှာပူး ညီမတို့သည် အမေရိကန် ပြည်ထောင်စုနိုင်ငံ၏ အရှေ့မြောက်ဘက်ပိုင်းရှိ မိန်းနယ်၊ ဂေါ်ဟမ်မြို့တွင် ၁၈၂၇ ခု၊ နိုဝင်ဘာလ ၂၆ ရက်နေ့၌ မွေးဖွားကြသည်။ အသက် ကိုးနှစ် အရွယ်တွင်၊ အယ်လင်သည် သတိမရှိသော ကျောင်းနေဖက် သူငယ်ချင်း တစ်ဦးက ကျောက်ခဲနှင့် ပစ်သဖြင့် ထိခိုက်ဒဏ်ရာရခဲ့၏။ သူမ၏ မျက်နှာ၌ ထိခိုက်သော ဒဏ်ရာကြောင့် သူမသည် သေလုမတတ် ဝေဒနာခံလိုက်ရသဖြင့်၊ သူမသည် အလွန်ပင် အားနည်း ချူချာသော သူ ဖြစ်လာသောကြောင့် ကျောင်းတွင်ပညာ ဆက်လက် သင်ကြားခွင့် မရှိတော့ချေ။CCB1 29.3

    အသက် ဆယ့်တစ်နှစ် အရွယ်တွင် သူမသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ဆက်ကပ်၍ များမကြာမီ၊ ပင်လယ်ရေတွင် နှစ်ခြင်းကို ခံယူလျက် မက်သဒစ် အသင်းတော်တွင် အသင်းဝင်သူ တစ်ဦး ဖြစ်လာ၏။ အခြား အိမ်ထောင်သားများ နှင့်အတူ သူမသည် မိန်းနယ်၊ ပို့ (တ) လန်မြို့တွင် သခင်ခရစ်တော် ကြွလာခြင်း အကြောင်း ဟောပြောသော စည်းဝေးများသို့ သွားရောက် နားထောင်ကြပြီး၊ ဝီလျံမီးလား နှင့် သူ၏ မိတ်ဆွေများ ဟောပြောသည်အတိုင်း၊ သခင်ခရစ်တော် ဒုတိယအကြိမ် ကြွလာဖို့ နီးကပ်ခြင်း အကြောင်းကို လုံးလုံး သဘောကျ လက်ခံကြပြီး ကယ်တင်ရှင် ပြန်ကြွလာမည်ကို ယုံကြည်အားကိုးခြင်းနှင့် မျှော်လင့်နေကြ၏။CCB1 30.1

    ၁၈၄၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နေ့သော နံနက်၌ သူမသည် အခြားသော အမျိုးသမီး လေးယောက်တို့နှင့် ဆုတောင်းနေစဉ်၊ ဘုရားသခင်၏ တန်ခိုးတော်သည် သူမ အပေါ်သို့ သက်ဆင်းလာ၏။ ပဋ္ဌမဦးစွာ သူမသည် လောကီအရာများကို မမြင်ရတော့ဘဲ၊ ပုံပမာအားဖြင့် ဖော်ပြသော ဗျာဒိတ်ရူပါရုံတွင် ကြွလာခြင်းကို မျှော်လင့်သော သူတို့သည် ဘုရားသခင်၏ မြို့တော်သို့ ခရီးသွားနေကြသည်ကို လည်းကောင်း၊ သစ္စာရှိသော သူတို့သည် အကျိုးကျေးဇူးကို ခံစားရကြသည်ကို လည်းကောင်း သူမသည် တွေ့မြင်ရ၏။ ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် အသက် ဆယ့်ခုနစ်နှစ် အရွယ်ရှိ ဤမိန်းမပျိုသည် ဤရူပါရုံ နှင့်တကွ နောက်မြင်ရသော ရူပါရုံတို့ကို ပို့ (တ) လန်မြို့ရှိ မိမိ၏ ခရစ်ယာန်ချင်းတို့အား ပြန်၍ ပြောပြခဲ့၏။ ထိုနောက် အခွင့်သာသောအခါ၊ မိန်းနယ် နှင့် အနီးအနား နယ်များမှ ကြွလာခြင်း မျှော်လင့်နေသော လူတစ်စုအား ရူပါရုံတို့ကို တစ်ဖန်ပြန်၍ ပြောပြ၏။CCB1 30.2

    ၁၈၄၆ ခုနှစ်၊ သြဂုတ်လတွင် အယ်ဘင်ဝှိုက်သည် ပျိုရွယ်သူ၊ ကြွလာခြင်း မျှော်လင့်ခြင်း အသင်းအမှုဆောင် တစ်ဦး ဖြစ်သူ၊ ဆရာဂျိမ်း (စ) ဝှိုက် နှင့် အိမ်ထောင်ကျလေ၏။ နောက် သုံးဆယ့်ငါးနှစ် လုံးလုံး ၁၈၈၁ ခုနှစ် သြဂုတ်လ ၆ ရက်နေ့၌ မိမိ၏ ခင်ပွန်း အနိစ္စရောက်သည် တိုင်အောင် မစ္စစ်ဝှိုက်၏ အသက်တာသည် ခင်ပွန်းသည်၏ ပင်ပန်းလှသော ဧဝံဂေလိ တရားဟော လုပ်ငန်းနှင့် အလွန် နီးစပ်စွာ ဆက်သွယ်လျက်ရှိ၏။ သူတို့သည် အမေရိကန်ပြည်ထောင်စုတွင် အတော် ကျယ်ဝန်းစွာ ခရီးသွားလျက် တရားဟော ခြင်း၊ စာပေ ရေးသားခြင်း၊ စိုက်ပျိုး၍ အဆောက်အဦးများ ဆောက်ခြင်း၊ သာသနာ တည်ထောင်လျက် အသင်းတော် လုပ်ငန်းများကို စီမံခြင်းအမှုများဖြင့် အချိန်ကုန်လွန်ခဲ့ကြ၏။CCB1 30.3

    ဆရာကြီး နှင့် မစ္စစ်ဝှိုက်၊ ၎င်းပြင် သူတို့၏ အဖွဲ့ဝင်များတို့က ချမှတ်ခဲ့သော တိုက်မြစ်များသည် မည်မျှ ကျယ်ဝန်း၊ ခိုင်မြဲလျက် သူတို့သည် မည်မျှ သတိ ပညာရှိစွာနှင့် လည်းကောင်း၊ ကောင်းမွန်စွာနှင့် လည်းကောင်း တည်ဆောက်ခဲ့ကြသည်ကို အချိန်ကာလ နှင့် စုံစမ်းစစ်ဆေးခြင်းအားဖြင့် သက်သေထင်ရှား၏။ ဥပုသ်နေ့ကို စောင့်သော မျှော်လင့်ခြင်း အသင်းသားတို့အထဲတွင် ၁၈၄၉ ခုနှစ် နှင့် ၁၈၅၀ ပြည့်နှစ်၌ စာပေပရိယတ္တိ ပုံနှိပ်ဖြန့်ဖြူးရေး လုပ်ငန်းကို သူတို့သည် အစပြု တည်ထောင်ခဲ့သည့် အပြင်၊ ၁၈၄၀ မှ ၁၈၄၀ ပြည့်နှစ်များအတွင်း ကြေးငွေတောင့်တင်းလျက် စည်းကမ်းကျနစွာ အသင်းတော် တည်ထောင်မှု၌ တိုးတက်အောင် ဦးဆောင်ခဲ့ကြ၏။ အဆုံး၌ ၁၈၆၃ ခုနှစ်တွင် အမေရိကန်ပြည်ဆိုင်ရာ သတ္တမနေ့ ဥပုသ် မျှော်လင့်ခြင်း အသင်း၏ ဗဟိုဋ္ဌာနချုပ် အသင်းကြီးကို တည်ထောင်ခဲ့ကြ၏။ ၁၈၅၀ မှ ၁၉၆၀ ပြည့်နှစ်များ၏ အလယ်လောက်တွင် ကျွန်ုပ်တို့၏ ဆေးကုသခြင်း လုပ်ငန်းကို အစပြုခဲ့ကြပြီး အသင်းတော်၏ ပညာသင်ကြားရေး လုပ်ငန်းကြီးကို ၁၈၆၀ မှ ၁၈၇၀ ပြည့်နှစ်များအတွင်း စောစောပိုင်းတွင် ဦးစွာ စတင် တည်ထောင်ခဲ့၏။ နှစ်စဉ် တောစခန်းတွင် ရွက်ထည်တဲများဖြင့် စည်းဝေးပွဲများ ကျင်းပခြင်း စီမံကိန်းကို ၁၈၆၈ ခုနှစ်တွင် အစပြုခဲ့၏။ ၎င်းပြင် ၁၈၇၄ ခုနှစ်တွင် သတ္တမနေ့ ဥပုသ် အသင်းမှ မိမိတို့၏ ပဋ္ဌမဦးဆုံး သာသနာပြုသူများကို ရပ်ဝေးသို့ စေလွှတ်ခဲ့၏။CCB1 31.1

    ဤကဲ့သို့ တိုးတက်ကြီးပွားမှု ကိစ္စအပေါင်းတို့သည် မစ္စစ် အီ၊ ဂျီ၊ ဝှိုက်အားဖြင့် ဘုရားသခင်က ဤလူမျိုးတို့အား ပေးတော်မူသော အကြံဉာဏ်များကို နှုတ်အားဖြင့် လည်းကောင်း၊ စာအားဖြင့် လည်းကောင်း ကူညီလမ်းပြမှု ရရှိခဲ့၏။CCB1 31.2

    စောစောပိုင်းက အဆက်အသွယ်ပြုလျက် သွန်သင် သြဝါဒပေးချက်များမှာ ကိုယ်တိုင် ရေးသားသော စာများတွင် ဖော်ပြထား၏။ သို့မဟုတ် ပဋ္ဌမဦးစွာ အချိန်မှန် ထုတ်ဝေဖြန့်ဖြူးသော ခေတ်ကာလ၏ သမ္မာတရား (Present truth) ခေါ် စာစောင်တွင် ရေးသားထားသော ဆောင်းပါးများအားဖြင့် ဖော်ပြထား၏။ စာမျက်နှာ ၆၄ မျက်နှာရှိ မစ္စစ် အယ်လင် ဂျီဝှိုက်၏ ခရစ်ယာန် ဗဟုသုတ နှင့် မျှော်မြင်ချက်များ (မြင်ကွင်း၊ ရူပါရုံ) များကို အကြမ်း ဖော်ပြထားခြင်းဟု အမည်တပ်ထားသော ပဋ္ဌမ စာအုပ်ကို မစ္စစ်ဝှိုက်က ၁၈၅၁ ခုနှစ်က မထုတ်မီတိုင်အောင် ထိုသို့ ဖော်ပြနေ၏။CCB1 31.3

    ၁၈၅၅ ခုနှစ်တွင် အစပြုလျက် စာစောင်ငယ် (ဝေစာ) များကို အစဉ်အလိုက် တစ်မျိုးစီ ထုတ်ဝေသွားလျက် စာစောင် အသီးအသီးတွင် အသင်းတော်၏ သက်သေခံချက်ဟု အမည်ပေးထား၏။ ဤအရာများအားဖြင့် တစ်ချိန်မှ တစ်ချိန်သို့ ဘုရားသခင်က မိမိ၏ လူများအား ကောင်းကြီးပေးရန်၊ ဆုံးမရန် နှင့် လမ်းပြစောင့်ရှောက်ရန် ပို့ပေးတော်မူသည့် ဆုံးမသွန်သင်၍ ပြုပြင်ပေးသော သတင်းစကားများကို ရရှိနိုင်ကြသည်။ ဤသွန်သင်ဆုံးမ သြဝါဒပေးသော အချက်တို့ကို ဆက်လက် ရရှိသွားစေရန် ၎င်းကို ၁၈၅၅ ခုနှစ်တွင် စာစောင် လေးစောင်တွဲလျက် စာအုပ်များကို ရိုက်နှိပ်၍ အခြားသော စာစောင်များကို ၁၈၈၉ မှ ၁၉၀၉ ခုနှစ်အတွင်း ရိုက်နှိပ်ရာ၊ အသင်းတော်အတွက် သက်သေခံချက်များဟူသော အမည်နှင့် ကိုးစောင်တွဲ စာအုပ်များကို ဖြစ်ပေါ်လာစေလေပြီ။CCB1 32.1

    ဝှိုက်တို့ ဇနီးမောင်နှံတွင် သားသမီး လေးယောက် ထွန်းကားခဲ့၏။ အကြီးဆုံးသားဖြစ်သူ ဟင်နရီသည် အသက် ဆယ့်ခြောက်အထိသာ အသက်ရှင်၏။ အငယ်ဆုံးသားဖြစ်သူ ဟာရ်ဘတ်မှာ သုံးလသား ကလေး အရွယ်မှာပင် သေဆုံးသွားရ၏။ အလယ်တွင်ရှိ သားနှစ်ယောက်ဖြစ်သူ၊ အက် (ဒ) ဆန် နှင့် ဝီလျံတို့မှာ အသက်အရွယ် ကြီးရင့်သည်တိုင်အောင် နေရကြလျက် အသီးအသီးတို့သည် သတ္တမနေ့ ဥပုသ် မျှော်လင့်ခြင်း အသင်း၏ လုပ်ငန်းများတွင် ထင်ထင်ရှားရှား အမှုဆောင်ရွက်ခဲ့ကြ၏။CCB1 32.2

    ဗဟိုဋ္ဌာနချုပ် အသင်းကြီးက တောင်းပန်ခဲ့သည်အတိုင်း မစ္စစ်ဝှိုက်သည် ၁၈၈၅ ခုနှစ် နွေဥတုတွင် ဥရောပတိုက်သို့ ခရီးထွက်ခဲ့၏။ ထိုနေရာ၌ သူမသည် ထိုတိုက်ပေါ်တွင် အသစ် တိုးတက် တည်ထောင်ထားသော လုပ်ငန်းကို ခိုင်မာလာစေရန် နှစ်နှစ်ကြာမျှ တိုက်တွန်းနှိုးဆော် ကူညီပေးခဲ့၏။ ဆွစ်ဇာလန်ပြည်၊ ဘက်ဆယ် (လ) မြို့တွင် နေထိုင်ပြီး ဥရောပတိုက် တောင်ပိုင်း၊ အလယ်ပိုင်း နှင့် မြောက်ပိုင်းတို့တွင် အနှံ့အပြား ခရီးထွက်ခဲ့ပြီးလျှင် အသင်း တော်၏ စည်းဝေးများတွင် တက်ရောက်လျက် စုရုံးလာကြသော ယုံကြည်သူတို့နှင့် တွေ့ဆုံ စကားစမြည်းပြောဆိုခဲ့၏။CCB1 32.3

    အမေရိကန်ပြည်ထောင်စုနိုင်ငံသို့ ပြန်ရောက်ပြီးနောက် လေးနှစ် ကြာသောအခါ၊ ဗဟိုဋ္ဌာနချုပ် အသင်းကြီးက ခေါ်ဖိတ်သည်အတိုင်း၊ မစ္စစ်ဝှိုက်သည် အသက် ၆၃ နှစ်တွင် သြစတြေလျကျွန်းသို့ သင်္ဘောဖြင့် ခရီးထွက်ခဲ့၏။ ထိုအရပ်၌ သူမသည် ကိုးနှစ်တိုင်တိုင် နေထိုင်ပြီး အစပြု တည်ထောင်လျက် တိုးပွားလာသော လုပ်ငန်း၊ အထူးသဖြင့် ပညာရေး နှင့် ဆေးကုသရေး ဋ္ဌာနများတွင် အားပေး ကူညီ လမ်းပြခဲ့၏။ မစ္စစ်ဝှိုက်သည် ၁၉၀၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ အနောက်ပိုင်းသို့ ပြန်လာပြီးလျှင်၊ ၁၉၁၅ ခုနှစ်တွင် သေဆုံးသည်တိုင်အောင် သူမသည် ကယ်လီဖိုးနီးယားပြည်၊ စိန့်ဟယ်လင်မြို့တွင် နေထိုင်ခဲ့လေ၏။CCB1 33.1

    အမေရိကန်ပြည်၌ နှစ်ပေါင်း ၆၀ နှင့် ပင်လယ်ရပ်ခြားနိုင်ငံများ၌ ၁၀ နှစ်ကြာရှည်စွာ မစ္စစ်ဝှိုက်သည် အမှုတော် ဆောင်ရွက်ခဲ့သည် ကာလအတွင်း သူမသည် အမှန်းအားဖြင့် ရူပါရုံပေါင်း ၂၀၀၀ ခန့် မြင်ခဲ့ရ၍ လူအသီးအသီး၊ အသင်းတော်များ၊ လူအစုအဝေးများ နှင့် ဗဟိုဋ္ဌာနချုပ် အစည်းအဝေးများတွင် အကြံဉာဏ်ပေးရာ၌ မမောမပန်း ကြိုးပမ်းမှုအားဖြင့် ၎င်းရူပါရုံများသည် ဤလုပ်ငန်းကြီး၏ တိုးတက်ကြီးပွားရေးကို များစွာပင် ပြုပြင်ဖန်တီးလျက် အကောင်အထည် ဖေါ်ခဲ့လေသည်။ သက်ဆိုင်သော သူအပေါင်းတို့အား မိမိ ရရှိသော ဘုရားသခင်၏ သတင်းစကားများကို ဖော်ပြခြင်း လုပ်ငန်းသည် မည်သည့်အခါမျှ ပြီးဆုံးသည် မရှိပါ။CCB1 33.2

    သူမ ရေးသားသော စာစောင်များမှာ စာမျက်နှာ တစ်သိန်းကျော်ကျော် ရှိ၏။ သူမ၏ ကလောင်မှ ထွက်လာသော သတင်းစကားများသည် လူတို့ထံသို့ ကိုယ်တိုင် ရေးသော စာများ၊ တစ်ပတ်ပြီး တစ်ပတ် ရိုက်နှိပ်သော ကျွန်ုပ်တို့ အသင်းတော်၏ ဂျာနယ်များတွင် ပါရှိသော ဆောင်းပါးများ နှင့် သူမ၏ များစွာသော စာအုပ်များဖြင့် ရောက်ရှိသွားကြသည်။ ၎င်းတို့တွင် ပါရှိသော အကြောင်းအရာတို့မှာ ကျမ်းစာ၏ ရာဇဝင်၊ ခရစ်ယာန်တို့၏ နေ့စဉ် ကိုယ်တွေ့ ဗဟုသုတ၊ ကျန်းမာရေး၊ ပညာရေး၊ ဧဝံဂေလိ အမှုဆောင်လုပ်ငန်း၊ အခြားလက်တွေ့ အကြောင်းအရာများနှင့် သက်ဆိုင်ပေသည်။ သူမ၏ စာအုပ် လေး ဆယ်ခြောက်မျိုးထဲမှ အများသော စာစောင်တို့ကို လောက၏ အရေးကြီးသော ဘာသာ စကားကြီးများဖြင့် ပုံနှိပ်လျက် သန်းပေါင်းများစွာသော စောင်ရေများကို ရောင်းချ ဖြန့်ဖြူးပြီးခဲ့လေပြီ။CCB1 33.3

    အသက် ၈၁ နှစ်တွင် မစ္စစ်ဝှိုက်သည် ၁၉၀၉ ခုနှစ်၌ ပြုလုပ်ကျင်းပသော ဗဟိုဋ္ဌာနချုပ် စည်းဝေးကြီးကို တက်ရောက်ရန် အမေရိကတိုက်ကို ဖြတ်လျက် နောက်ဆုံး ခရီးထွက်ခဲ့၏။ သူမ အသက်တာတွင် နောက်ဆုံး ၆ နှစ်၌ သူမ၏ စာပေလုပ်ငန်းတို့ကို ပြီးဆုံးတိုင် လုပ်ကိုင်နေခြင်းဖြင့် အချိန် ကုန်လွန်ခဲ့၏။ အသက်တာ ကုန်ဆုံးခါနီး အချိန်တွင် မစ္စစ်ဝှိုက်က ဤစကားများကို ရေးသားထားခဲ့ပါသည်။ “ကျွန်ုပ်အား အသက်ရှင်နေသေးဖို့ အခွင့်ပြုတော်မူသည် ဖြစ်စေ၊ အပြုဘဲနေတော်မူသည် ဖြစ်စေ၊ ကျွန်ုပ်၏ စာစောင်များသည် ဆက်လက် ဟောပြောနေကြလိမ့်မည်၊ ၎င်းဖြင့် အချိန်ကာလ ရှိနေသေးသမျှ ကာလပတ်လုံး ၎င်းတို့၏ အလုပ်တာဝန်သည် ရှေ့သို့ တိုးတက်သွားလျက်ရှိလိမ့်မည်။”CCB1 34.1

    သူမ၏ ရွေးနုတ်ရှင်သခင်၌ ရဲရင့်ခြင်း၊ လုံးလုံးအားထားခြင်း ရှိလျက် သူမသည် မိမိ ကိုယ်ပိုင် အိမ်၌ ၁၉၁၅ ခု၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အနိစ္စရောက်သဖြင့်၊ မိရှိဂန်နယ်၊ ဘက်တလ်ကရိ (ခ) မြို့ရှိ အုတ် (က) ဟီးလ် သင်္ချိုင်းတွင် မိမိ၏ ခင်ပွန်း နှင့် သားများ၏ အနားတွင် မြှပ်နှံသင်္ဂြိုလ်ခြင်း ခံရလေ၏။CCB1 34.2

    သူမ နှင့်အတူ လုပ်ဖော်ဆောင်ဖက်များ၊ အသင်းတော်သားများ နှင့် သူမ၏ အိမ်ထောင်သားများတို့က မစ္စစ်ဝှိုက်ကို သစ္စာရှိ၍ အိမ်ထောင်ကို ဂရုစိုက်သော မိခင်အဖြစ်နှင့် လည်းကောင်း၊ စိတ်အားထက်သန်၊ ရက်ရော၍ မမောမပန်းဘဲ ဘာသာတရားကို ဂရိုစိုက်သော အမှုတော်ဆောင်အဖြစ်နှင့် လည်းကောင်း ရိုသေလေးစားချီးမြှင့်ကြ၏။ သူမသည် မည်သည့်အခါမျှ အသင်းတော်၏ လုပ်ငန်းဆိုင်ရာ၊ ရာထူးကို မယူခဲ့ချေ။ အသင်းတော် နှင့် သူမကိုယ်တိုင်ကပင် သူမသည် မိမိ၏ လူများအတွက် ဘုရားသခင်ထံတော်မှ သတင်းစကားကို ကြားပြောရသော စေတမန်ဟူ၍ သဘောထားခဲ့၏။ အခြားသူများအား မိမိကိုယ်ကို ကြည့်ရှုလေ့လာစေခြင်းငှါ သူမသည် မည်သည့်အခါမျှ မပြော။ မိမိ ခံစားရသော ဆုကျေးဇူးကိုလည်း မိမိ၏ စီးပွားရေးအလိုငှါ လည်းကောင်း ထင်ပေါ်ကျော်စောမှုအလိုငှါ လည်းကောင်း မည်သည့်အခါမျှ အသုံးမပြုပါ။ သူမ၏ အသက်တာ နှင့် သူမ၌ ရှိသမျှ အရာခပ်သိမ်းကို ဘုရားသခင်၏ အမှုတော်အတွက် ဆက်ကပ်ပူဇော်ထား၏။CCB1 34.3

    သူမ သေဆုံးသောအခါ၌၊ အင်ဒီပင်းဒင့်ခေါ် လူကြိုက်များသော ရက်သတ္တပတ် တစ်ကြိမ်ထုတ် မဂ္ဂဇင်း တစ်ခု၏ အယ်ဒီတာသည် ၁၉၁၅ ခု၊ သြဂုတ်လ ၂၃ ရက်နေ့စွဲနှင့် ထုတ်သော စာစောင်တွင် သူမ၏ အကျိုးဖြစ်ထွန်းစေသော အသက်တာအကြောင်း အောက်ပါ စကားများဖြင့် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြထားပါသည်။ “သူမသည် မိမိ၏ ဗျာဒိတ်ရူပါရုံများ၌ ယုံကြည်ခြင်းတွင် လုံးလုံး ရိုးသားဖြောင့်မတ်၏။ သူမ၏ အသက်တာသည် ၎င်းတို့နှင့် ထိုက်တန်ပေသည်။ သူမသည် ဝိညာဉ်ရေး၌လည်း ကြွားဝါခြင်း မရှိ၊ ၎င်းပြင် သူမသည် ညစ်ညူးသော အမြတ်အစွန်းကို မရှာလို။ သူမသည် ပရောက်ဖက်မ၏ အကျင့်နှင့် ညီညွတ်စွာ နေထိုင်ပြုမူခဲ့ပေသည်။”CCB1 35.1

    မသေခင် နှစ်အနည်းငယ်အထက်က မစ္စစ်ဝှိုက်သည် ပစ္စည်းထိန်းသိမ်းရေး အဖွဲ့တစ်ခုကို စီမံတည်ထောင်လျက် ၎င်းအဖွဲ့တွင် အသင်းတော်တွင် ထင်ရှားသော လူကြီးများ ပါဝင်၏။ သူတို့လက်တွင် သူမ ရေးသားခဲ့သော စာစောင်များ အပ်နှံထားပြီး၊ ၎င်းတို့ကို စောင့်ရှောက်ထိန်းသိမ်း၍ ဆက်လက် ပုံနှိပ်ဖြန့်ဖြူးရန် သူတို့၌ တာဝန်ရှိကြောင်းကို အသေအချာ မှာထားခဲ့၏။ အမေရိကန်ပြည်ထောင်စုနိုင်ငံ ကိုလံဘီယာနယ်၊ ဝါရှင်တန်မြို့တွင် သတ္တမနေ့ ဥပုသ် မျှော်လင့်ခြင်း အသင်း၏ ကမ္ဘာဋ္ဌာနချုပ်ရုံးတွင် ဤအဖွဲ့သည် အီ၊ ဂျီ၊ ဝှိုက်၏ စာအုပ်များကို အင်္ဂလိပ်ဘာသာဖြင့် ဆက်လက် ရိုက်နှိပ်ဖြန့်ဖြူး၍ တစ်အုပ်လုံး သို့မဟုတ် အစိတ်အပိုင်းတို့ကို အခြားသော ဘာသာစကားများဖြင့် ရိုက်နှိပ်ဖြန့်ဖြူးရန် အားပေး တိုက်တွန်းလျက်ရှိကြသည်။ သူတို့သည် မစ္စစ်ဝှိုက်၏ သွန်သင်သြဝါဒပေးချက်နှင့် ညီညွတ်စွာ ကာလအပိုင်းအခြားနှင့် ထုတ်ဝေသော စာစောင်တို့အထဲမှ ဆောင်းပါးများ နှင့် စာမူများကိုလည်း စုပေါင်း၍ များစွာ ရိုက်နှိပ်ဖြန့်ဖြူးခဲ့ကြ၏။ ဤအဖွဲ့၏ အခွင့်ပြုချက်အရ ဤစာစောင်ကို ရိုက်နှိပ်ဖြန့်ဖြူးရ၏။CCB1 35.2