Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၁။—သန့်ရှင်းသော အသက်တာ။

    ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ကျွန်ုပ်တို့၌ ရှိသမျှကို တောင်းတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ပဋ္ဌမဦးဆုံး နှင့် အသန့်ရှင်းဆုံး အကြံအစည်တို့ကို လည်းကောင်း၊ ကျွန်ုပ်တို့၏ အစင်အကြယ်ဆုံး နှင့် အပြင်းထန်ဆုံးသော စွဲလမ်းခြင်းကို လည်းကောင်း တောင်းတော်မူ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သဘောတော်မျိုးကို ဧကန် အမှန် ခံယူရရှိကြလျှင်၊ ကျွန်ုပ်တို့၏ စိတ်နှလုံး နှင့် နှုတ်က၊ ကိုယ်တော်ကို အစဉ်အမြဲ ချီးမွမ်းနေကြလိမ့်မည်။ ကျွန်ုပ်တို့၏ တစ်ခုတည်းသော လုံခြုံမူကား မိမိတို့ ကိုယ်ကို ကိုယ်တော်အား အလုံးစုံ အပ်နှံ၍ ကျေးဇူးတော်၌ လည်းကောင်း၊ သမ္မာတရားကို သိကျွမ်းခြင်း၌ လည်းကောင်း အစဉ်အမြဲ ကြီးပွားတိုးတက်ခြင်း ဖြစ်သတည်း။CCB1 190.1

    သမ္မာကျမ်းစာ၌ ဖော်ပြထားသော သန့်ရှင်း စင်ကြယ်ခြင်းသည် ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်မှ စ၍ လူတစ်ကိုယ်လုံးနှင့် သက်ဆိုင်သည်။ ဤနေရာ၌ လုံးလုံး ဆက်ကပ်ခြင်းနှင့် ဆိုင်သော သဘော အမှန်ကို ဖော်ပြထား၏။ သက်သာလောနိတ်မြို့၌ ရှိသော အသင်းတော်သည် ဤကြီးမြတ်သော ကောင်းကြီးမင်္ဂလာကို ခံစားစေဖို့ ပေါလုက ဆုတောင်း၏။ “ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းတော်မူပါစေသော၊ ငါတို့ သခင်ယေရှုခရစ်တော် ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။” (၁ သက်သာလောနိတ်၊ ၅: ၂၃။)CCB1 190.2

    ဘာသာရေး လောကတွင် သန့်ရှင်းစင်ကြယ်ခြင်း အကြောင်းနှင့် စပ်ဆိုင်၍ ထင်မြင်ချက် တစ်ခု ရှိရာ၊ ၎င်းကိုယ်တိုင်ပင် မှားယွင်း၍ ဘေးဥပဒ် ဖြစ်စေတတ်သည်။ အများသော အမှု၌ သန့်ရှင်းစင်ကြယ်ခြင်း အကြောင်း ပြောဆိုနေကြသော သူတို့၌ မှန်သော သန့်ရှင်းစင်ကြယ်ခြင်း မရှိကြ။ သူတို့၏ သန့်ရှင်းစင်ကြယ်ခြင်းသည် အပြော နှင့် စိတ်ဆန္ဒအလျောက် ကိုးကွယ် ဝတ်ပြုခြင်း ဖြစ်သည်။CCB1 190.3

    သူတို့သည် ဆင်ခြင်ဉာဏ် နှင့် ဝေဖန်ပိုင်းခြားတတ်သော ဉာဏ်ကို ပယ်ထား၍၊ တစ်ခါတစ်ရံ ခံစားရသော စိတ်ထကြွမှု အပေါ်၌ သန့်ရှင်းစင်ကြယ် ခြင်း အကြောင်းသည် အခြေတည်သည်ဟု ဆိုလျက်၊ သူတို့၏ စိတ်ထင်မြင်ချက်များ အပေါ်တွင် လုံးလုံး အားကိုးတတ်ကြသည်။ သူတို့သည် သန့်ရှင်းခြင်း အကြောင်းကို အခိုင်အမာ ပြောဆိုရာ၌ ခေါင်းမာလျက် စကားသာ များစွာ ပြောနေကြသော်လည်း၊ သက်သေ အဖြစ် အဖိုးထိုက်သော အသီးကို မသီးစေကြ။ သန့်ရှင်းစင်ကြယ်ခြင်း ရှိသည်ဟု ပြောဆိုနေကြသော ဤသူတို့သည် အယောင်ဆောင်ခြင်းဖြင့် မိမိတို့၏ ဝိညာဉ်ကိုသာ လှည့်စားနေကြသည် မဟုတ်။ ဘုရားသခင်၏ အလိုတော်ကို စိတ်အားထက်သန်စွာ လိုက်နာလိုသော သူအများကိုလည်း မှားစေရန် သွေးဆောင်နေကြသည်။ “ဘုရားသခင်သည် ငါ့ကို လမ်းပြတော်မူ၏။ ဘုရားသခင်သည် ငါ့ကို သွန်သင်တော်မူ၏။ ငါသည် အပြစ်ကင်းလျက် နေထိုင်၏” ဟု ထပ်ခါထပ်ခါ သူတို့ ပြောဆိုနေကြသည်ကို ကြားနိုင်သည်။ ဤသဘောမျိုးကို ရရှိသော သူအများသည် မိမိတို့ နားမလည်နိုင်သော မှောင်မိုက်၊ နက်နဲသော အရာ တစ်စုံတစ်ခုနှင့် ကြုံကြိုက်ရတတ်သည်။ သို့ရာတွင် ဤအရာသည် တစ်ဦးတည်းသော မှန်သော သက်သေ တည်းဟူသော သခင်ခရစ်တော်နှင့် လုံးလုံး မတူညီသော အရာ ဖြစ်ပေသည်။2SL 7-10;CCB1 190.4

    သန့်ရှင်းစင်ကြယ်ခြင်းသည် အဆင့်ဆင့် တိုးတက်နေသော အမှု ဖြစ်သည်။ တစ်ဆင့်ပြီး တစ်ဆင့် ပြုရသော အမှုများကို ပေတရု၏ စကားများတွင် ဖော်ပြထား၏။ “ထိုသို့ အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို လည်းကောင်း၊ သီလ၌ ပညာကို လည်းကောင်း၊ ပညာ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို လည်းကောင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံခြင်းကို လည်းကောင်း၊ သည်းခံခြင်း၌ ဘုရားကို ဝတ်ပြု၍ မွေ့လျော်ခြင်းကို လည်းကောင်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို လည်းကောင်း၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို လည်းကောင်း၊ အလွန် ကြိုးစား အားထုတ်၍ ထပ်ဆင့်ကြလော့။ အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့ သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှါ၊ အကျိုးမဲ့ မဖြစ်စေခြင်းငှါ လည်းကောင်း ပြုပြင်တတ်ကြ၏။” (၁ ပေတရု၊ ၁: ၅-၈။) “ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ ခံၕရသော ခေါ်တော်မူခြင်း နှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှါ ကြိုးစား အားထုတ်ကြလော။ သို့ပြုလျှင် ရွေ့လျော့ခြင်းနှင့် ကင်း လွတ်သည် ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်း အခွင့်ကို သင်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူလတ္တံ့။” (ငယ်၊ ၁၀၊ ၁၁။)CCB1 191.1

    ကျွန်ုပ်တို့သည် ဘယ်အခါမျှ မပျက်စီးနိုင်ဟု သေချာသော လမ်းတစ်ခု ရှိသည်။ ခရစ်ယာန် သီလများကို ရရှိရန် အပေါင်း လက္ခဏာ နည်းကို ထိုသို့ အသုံးပြုသော သူတို့အား သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးများကို ချပေးတော်မူရာ၌ ဘုရားသခင်သည် အမြှောက် လက္ခဏာနည်းကို အသုံးပြုတော်မူမည်ဟု ဂတိထားတော်မူပြီ။CCB1 192.1

    သန့်ရှင်းစင်ကြယ်ခြင်း အမှုသည် တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်အတွင်း ပြုလုပ်ရသော အမှု မဟုတ်။ ၎င်းသည် အမြဲသဖြင့် ကျေးဇူးတော်၌ ကြီးပွားနေခြင်း ဖြစ်သည်။ တစ်နေ့၌ ကျွန်ုပ်တို့ တိုက်ခိုက်ရမည့် နောက်ဆုံးတိုက်ပွဲသည် မည်မျှ အားကြီးမည်ကို ကျွန်ုပ်တို့ မသိကြ။ စာတန်သည် အသက်ရှင်လျက် လှုပ်ရှားနေသဖြင့် ကျွန်ုပ်တို့သည် အကူအညီ ရ၍ သူ့ကို တားဆီးခုခံနိုင်ရန် ဘုရားသခင်ထံ စိတ်အားကြီးစွာ ကြွေးကြော်ဖို့ သင့်သည်။ စာတန်သည် အုပ်စိုးနေသမျှ ကာလပတ်လုံး၊ ကျွန်ုပ်တို့သည် မိမိ ကိုယ်ကို နှိမ့်ချရကြမည်။ အတားအဆီးများကို အောင်မြင်ရမည်။ ၎င်းပြင် ရပ်နေစရာ မလို၊ ကျွန်ုပ်တို့သည် လုံးလုံး မိမိ အလိုရှိရာသို့ ရောက်ပြီဟု ပြောဆို၍ ကျွန်ုပ်တိုု့ ရောက်ရှိနိုင်သော နေရာ တစ်စုံတစ်ခုမျှ မရှိပါ။CCB1 192.2

    ခရစ်ယာန် အသက်တာသည် အမြဲသဖြင့် ရှေ့သို့ တိုးတက်နေရမည်၊ သခင်ယေရှုသည် မိမိ၏ လူများကို ချွတ်တော်မူသော သူ နှင့် ဖြူစင်စေတော်မူသော သူ အဖြစ်နှင့် ထိုင်နေတော်မူ၏။ ၎င်းပြင် သူတို့၌ ကိုယ်တော်၏ ပုံသဏ္ဍာန်သည် စုံလင်စွာ ဖြစ်ပေါ်လာသောအခါ၊ သူတို့သည် စုံလင် သန့်ရှင်းလာကြ၍ ကိုယ်ခန္ဓာ ပြောင်းလဲခြင်းငှါ ပြင်ဆင်ခြင်း ရှိလာကြ၏။ ခရစ်ယာန်အတွက် ကြီးကျယ်သော အလုပ်ကို လိုပေသည်။ ကျွန်ုပ်တို့ ကိုယ်တိုင်မှ ကာယ နှင့် ဝိညာဉ် အညစ်အကြေးများကို ဆေးကြောလျက်၊ ဘုရားသခင်ကို ကြောက်ရံွ့ခြင်း၌ သန့်ရှင်းခြင်း အဖြစ်ကို စုံလင်စွာ ရရှိစေရမည်ဟု ကျွန်ုပ်တို့အား ဆုံးမသြဝါဒပေးထား၏။ ဤနေရာ၌ ကြီးစွာသော လုပ်ဆောင်ခြင်း အမှု ရှိသည်ကို ကျွန်ုပ်တို့ တွေ့ရသည်။ ခရစ်ယာန်အတွက် အမြဲ အလုပ်တစ်ခု ရှိသည်။ အသီးသီးမည် အကြောင်း စပျစ်ပင်မကြီးမှ အကိုင်းတိုင်းသည် ပင်မမှ အသက် နှင့် ခွန်အားကို ရရှိသင့်သည်။4IT 340;CCB1 192.3

    သူတို့သည် ဘုရားသခင်၏ ပညတ်တစ်ခုကို နင်းချေလျက်နေစဉ်၊ ဘုရားသခင်သည် သူတို့၏ အပြစ်ကို လွတ်၍ သူတို့အား ကောင်းကြီးပေးတော်မူမည်ဟု ယုံကြည်လျက်၊ အဘယ်သူမျှ မိမိကိုယ်ကို မလှည့်ဖြားစေနှင့်။ ထင်ရှားသော အပြစ်ကို သက်သက် ကျူးလွန်ခြင်းဖြင့် ဝိညာဉ်တော်၏ သက်သေခံသော အသံကို တိတ်ဆိတ်စေ၍ ဝိညာဉ်အား ဘုရားသခင်နှင့် ကွဲကွာစေ၏။ ဘာသာရေး၌ အလွန်အကျူး စိတ်ဝင်စားမှု ရှိသော်လည်း၊ ဘုရားသခင်၏ပညတ်တော်ကို ဂရုမစိုက်သော စိတ်နှလုံးထဲ၌ သခင်ယေရှုသည် တည်နေတော်မမူနိုင်။ ဘုရားသခင်ကို ချီးမြှောက်သော သူကိုသာ ဘုရားသခင်သည် ချီးမြှောက်တော်မူမည်။5SL 92;CCB1 193.1

    “ငြိမ်သက်ခြင်း၏ အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူပါသော” (၁ သက်သာလောနိတ်၊ ၅: ၂၃) ဟု ပေါလုက ရေးထားသောအခါ၊ သူတို့ မမီနိုင်သော စံနမူနာကို ရောက်ဖို့ ရည်မှန်းရန် ညီအစ်ကိုတို့အား သူက ဆုံးမသည် မဟုတ်။ ဘုရားသခင်က ပေးရန် အလိုရှိတော် မမူသော ကောင်းကြီးမင်္ဂလာကို ရရှိစေမည် အကြောင်း သူသည် ဆုမတောင်းပါ။ သခင်ခရစ်တော်ကို တွေ့ဆုံရန် သင့်တော်သော သူအပေါင်းတို့၌ ဖြူစင်သန့်ရှင်းသော အကျင့်ရှိရမည်ကို သူ သိ၏။ (၁ ကောရိန္သု၊ ၉: ၂၅-၂၇။ ၁ ကောရိန္သု၊ ၆: ၁၉၊ ၂၀ ကို ဖတ်ပါ။)CCB1 193.2

    မှန်သော ခရစ်ယာန် အခြေခံတရားသည် ဖြစ်ပေါ်လာသော အကြောင်းကို ဆင်ခြင်ရန် ရပ်နားနေလိမ့်မည် မဟုတ်။ ငါသည် ဤအရာကို ပြုလုပ်လျှင် လူများတို့က ငါ့ကို မည်ကဲ့သို့ ထင်မှတ်ကြမည်နည်း၊ သို့မဟုတ် ငါသည် ဤအရာကို ပြုလျှင် လောကတွင် ၎င်းသည် ငါ၏ ရှေ့ရေးကို မည်ကဲ့သို့ ထိခိုက်မည်နည်းဟု ၎င်းက မမေးပါ။ မိမိတို့၏ အလုပ်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် အကြောင်း၊ အလွန် ပြင်းပြသော တောင့်တခြင်းနှင့်၊ ဘုရားသခင်သည် မိမိတို့အား အဘယ်သို့ ပြုစေလိုတော်မူသည်ကို ဘုရားသခင်၏ သားသမီးတို့သည် သိရှိလိုကြလိမ့်မည်။ တပည့်တော် အပေါင်းတို့သည် လောက ၌ လောင်နေလျက် ထွန်းတောက်သော အလင်း ဖြစ်ကြမည် အကြောင်း၊ သူတို့၏ စိတ်နှလုံး နှင့် အသက်တာကို ဘုရားသခင်၏ ကျေးဇူးတော်က အုပ်စိုးစေခြင်းငှါ သခင်ဘုရားသည် လုံလောက်အောင် စီမံထားတော်မူ၏။6SL 26, 39;CCB1 193.3