Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်သဘော တစ်ခုတည်းသည် သန့်ရှင်းခြင်းကို ဖော်ပြသော အရာ မဟုတ်။

    ပျော်ရွှင်သော စိတ်သဘော သို့မဟုတ် ဝမ်းမြောက်ခြင်း ကင်းမဲ့ခြင်းသည် လူတစ်စုံတစ်ယောက်၌ သန့်ရှင်းခြင်း ရှိသည် မရှိသည်ကို ဖော်ပြသော သက်သေ မဟုတ်။ တစ်ခဏလောက် သန့်ရှင်းခြင်းဆိုသော အရာသည် မရှိချေ။ မှန်သော သန့်ရှင်းခြင်းသည် အသက်ရှင်သမျှ ကာလပတ်လုံး နေ့စဉ် ဆက်လက် ပြုလုပ်ရသော အမှု ဖြစ်သည်။ နေ့စဉ် စုံစမ်းခြင်း နှင့် တိုက်လှန်လျက် မိမိတို့၏ အပြစ်ပြုလိုသော စိတ်ကို အောင်မြင်ပြီး စိတ်နှလုံး နှင့် အသက်တာ သန့်ရှင်းခြင်းကို ရှာဖွေနေသော သူတို့သည် သန့်ရှင်းခြင်း အကြောင်းကို ကြွားဝါ ပြောဆိုမနေကြပါ။ သူတို့သည် ဖြောင့်မတ်ခြင်းကို ဆာငတ်မွတ်နေကြ၏။ သူတို့အဖို့ ဒုစရိုက်သည် အလွန် ကြီးမားသော အပြစ်ကဲ့သို့ ထင်ရ။16SL 10;CCB1 204.1

    ကျွန်ုပ်တို့၏ အပြစ်များကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါ။ ကျွန်ုပ်တို့သည် အမှားကို ပြုလျက် သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်နာစေကြလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် နောင်တရ၍ဘုရားသခင်ထံသို့ ကြေကွဲသော စိတ်နှလုံးနှင့် လာကြလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်မခံဘဲ နေတော်မမူ။ ပယ်ရှားရန် တားဆီးခြင်း အမှုများ ရှိသည်။ မှားသော ထင်မြင်ချက်များကို မွေးမြူကြပြီ။ ၎င်းပြင်မာနကြီးခြင်း၊ ကိုယ်ကိုကိုယ် အထင်ကြီးခြင်း၊ သည်းမခံခြင်း နှင့် ညည်းညူခြင်းများ ရှိကြပြီ။ ဤအရာ အားလုံးသည် ကျွန်ုပ်တို့အား ဘုရားသခင်ထံမှ ခွဲခွာထားကြ၏။ အပြစ်များကို ဖော်ပြ ဝန်ချရမည်။ စိတ်နှလုံးထဲံ၌ ကျေးဇူးတော်၏ ပြုပြင်ခြင်းကို များစွာ ခံယူရမည်။ အားနည်း၍ စိတ်ပျက်နေသော သူသည် ဘုရားသခင်၏ ခွန်အားကြီးသော သူ ဖြစ်လာ၍ ဘုရားသခင်အတွက် မြင့်မြတ်သော အမှုကို ပြုလုပ်နိုင်လိမ့်မည်။ သို့သော် သူတို့သည် မြင့်မြတ်သော အခြေအနေက စ၍ လုပ်ဆောင်ရကြမည်။ ကိုယ်ကျိုးရှာတတ်သော သဘော မပါရှိရချေ။CCB1 204.2

    အချို့တို့က သူတို့သည် စုံစမ်းခြင်း ခံနေရကြလျက်၊ ကိုယ်တော်ထံမှ ကောင်းကြီးမင်္ဂလာကို မတောင်းမီ၊ မိမိတို့သည် ပြုပြင်ပြောင်းလဲခြင်း ရှိကြကြောင်း ထာဝရဘုရားအား သက်သေပြရမည်ဟု ထင်မှတ်နေကြသည်။ သို့သော် ဤသူတို့သည် ယခုပင် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာကို တောင်းဆိုနိုင်ကြသည်။ သူတို့၏ အားနည်းခြင်းအဖြစ်ကို ကူညီရန် သူတို့၌ ကိုယ်တော်၏ ကျေးဇူးတော်၊ သခင်ခရစ်တော်၏ ဝိညာဉ်တော်ကို ရရှိထားရမည်။ သို့မဟုတ် သူတို့၌ ခရစ်ယာန် အကျင့်စာရိတ္တကို မဖြစ်ပွားစေနိုင်။ ကျွန်ုပ်တို့သည် အပြစ်ရှိ၍ အားကိုးရာမဲ့ ဖြစ်လျက် မှီခိုနေလိုသော အချိန်အခါမှာပင်၊ မိမိ၌ ရှိနေသော အခြေအနေမျိုးနှင့်ပင် ကိုယ်တော်ထံ ချဉ်းကပ်စေဖို့ သခင်ယေရှုသည် နှစ်သက်တော်မူ၏။CCB1 205.1

    နောင်တရခြင်း နှင့်တကွ အပြစ်လွှတ်ခြင်းသည် သခင်ခရစ်တော်အားဖြင့် ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ ပြုပြင်ခြင်း တန်ခိုးအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ကို မြင်လာလျက် အပြစ်လွှတ်ခြင်း ခံရဖို့ လိုကြောင်း သိမြင်လာကြ၏။ စိတ်နှလုံး ကြေကွဲခြင်း ရှိသော သူသာလျှင် အပြစ်လွှတ်ခြင်း ခံရမည်။ သို့ရာတွင် နောင်တရရန် စိတ်နှလုံးကို ပြုပြင်သော အရာကား ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အားနည်းခြင်း မကျန်းမာခြင်း အဖြစ်ကို သိကျွမ်း၍ ကျွန်ုပ်တို့ကို ကူညီတော်မူမည်။172TT 91-94;CCB1 205.2

    မှောင်မိုက် နှင့် စိတ်ပျက်ခြင်းသည် စိတ်ဝိညာဉ်ပေါ်သို့ တစ်ခါတစ်ရံ သက်ရောက်လာ၍ ကျွန်ုပ်တို့ကို လွှမ်းမိုးရန် ခြိမ်းချောက်ကြလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ယုံကြည်အားထားမှုကို မပယ်ရှားရ။ ကျွန်ုပ်တို့သည် သိရှိထားသော တာဝန် ရှိသမျှကို သစ္စာနှင့် ဆောင်ရွက်ဖို့ ကြိုးစားပြီးနောက် ဘုရားသခင်၏ ဂတိတော်များကို တည်ကြည်စွာ အားကိုးအားထားရကြမည်။CCB1 205.3

    မကြာခဏ ကျွန်ုပ်တို့၏ မထိုက်တန်ခြင်း အဖြစ်ကို လုံးလုံး သိမြင်လာသောအခါ၊ ကျွန်ုပ်တို့၏ စိတ်ထဲ၌ အလွန် ထိတ်လန့်ခြင်း ဖြစ်လာလိမ့်မည်။ သို့ရာတွင် ဤအရာကား ဘုရားသခင်သည် ကျွန်ုပ်ထံသို့ ပြောင်းလဲလာတော်မူခြင်း သို့မဟုတု် ကျွန်ုပ်တို့က ဘုရားသခင်ထံ ပြောင်းလဲခြင်း၏ သက်သေ မဟုတ်။ ပြင်းထန်သော စိတ်လှုပ်ရှားမှု တစ်စုံတစ်ခု ဖြစ်လာအောင် စိတ်ကို ချုပ်ချယ်ထားဖို့ မကြိုးစားသင့်ပေ၊ မနေ့က ကျွန်ုပ်တို့ ရရှိခဲ့သော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းမျိုးကို ယနေ့ မရှိဘဲ နေတတ်သည်၊ သို့သော် ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ လက်တော်ကို ယုံကြည်ခြင်းနှင့် ဆွဲကိုင်ထားလျက်၊ အလင်းထဲမှာ ကဲ့သို့ပင် မှောင်မိုက်ထဲ၌ လည်း ကိုယ်တော်ကို လုံးလုံး အားကိုးရကြမည်။ CCB1 206.1

    အောင်မြင်မည့် သူတို့အတွက် သိုထားသော သရဖူများကို ယုံကြည်ခြင်းနှင့် မျှော်ကြည့်ပါ။ အသေသတ်ခြင်းကို ခံ၍ ဘုရားသခင်အဖို့ ငါတို့ကို ရွေးနှုတ်တော်မူသော သိုးသငယ်သည် ထိုက်တန်တော်မူ၏။ ထိုက်တန်တော်မူ၏ဟု ရွေးနှုတ်ခြင်းခံရသော သူတို့က ဝမ်းမြောက်စွာ သီဆိုသော အသံကို နားထောင်ပါ။ ဤရှုခင်းတို့သည် အကယ် ဖြစ်သည်ဟု ထင်မှတ်ရန် ကြိုးစားပါ။CCB1 206.2

    ကျွန်ုပ်တို့သည် သခင်ခရစ်တော် နှင့် ကောင်းကင်ဋ္ဌာနကို စိတ်စွဲလမ်းရန် ကြိုးစားကြလျှင်၊ သခင်ဘုရား၏ စစ်ပွဲများကို တိုက်ခိုက်ရာတွင် တန်ခိုးကြီးသော အင်အား နှင့် အထောက်အပံ့ကို ရရှိကြလိမ့်မည်။ မကြာမီ ကျွန်ုပ်တို့၏ နေရပ်ဋ္ဌာန ဖြစ်မည့် သာ၍ ကောင်းသော ပြည်တော်၏ ဘုန်းအသရေတို့အကြောင်းကို ကျွန်ုပ်တို့သည် ဆင်ခြေအောက်မေ့ကြသောအခါ၊ ကြွားဝါခြင်း နှင့် လောကကို တပ်မက်ခြင်း သတ္တိတို့သည် ပျောက်ကွယ်သွားကြ လိမ့်မည်။ သခင်ခရစ်တော်၏ နှစ်သက်ဖွယ်သော အရာများ အနီးတွင် လောက၏ စွဲမက်စရာ အပေါင်းသည် အဖိုးမတန်သော အရာကဲ့သို့ ထင်ရလိမ့်မည်။CCB1 206.3

    ပေါလုသည် ရောမမြို့၏ ထောင်ထဲတွင် အကျဉ်းခံနေရ၍ ကောင်းကင် အလင်း နှင့် လေကို မရရှိ၊ ဧဝံဂေလိ အမှုဆောင်လုပ်ငန်းကို မလုပ်ရဘဲ မကြာမီ သေဒဏ်ကိုပင် ခံရဖို့ မျှော်လင့်နေရသော်လည်း၊ သူသည် ယုံမှားခြင်း စိတ်ပျက်ခြင်း မရှိချေ။ ထိုမှောင်မိုက်သော ထောင်ခန်းထဲမှ အလွန် ထူးကဲ မြင့်မြတ်သော ယုံကြည်ခြင်း နှင့် ရဲရင့်ခြင်း အကြောင်းတို့ကို သေခါနီးတွင် သက်သေခံခဲ့ သော အချက်များကို ရရှိကြသဖြင့် ကာလ အဆက်ဆက် သန့်ရှင်းသူတို့ နှင့် ယုံကြည်ခြင်းအတွက် အသတ်ခံရသော သူတို့၏ စိတ်တို့ကို ထကြွနိုးကြားစေခဲ့ကြပြီ။ ဤစာမျက်နှာများတွင် ကျွန်ုပ်တို့ ကြိုးစား၍ ဖော်ပြခဲ့သော သန့်ရှင်းခြင်း၏ အကျိုးကျေးဇူးကို သူ၏ စကားများက တော်လျော်စွာ ဖော်ပြထားပါသည်။ “ငါ့ကို ယဇ်ပေါ်မှာ လောင်းရသော အချိန် ရှိပြီ။ စုတေ့ရသော အချိန် ရောက်လေပြီ။ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီး ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှ စ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သော သူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသော သူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။ (၂ တိ၊ ၄: ၆-၈။) 18SL 89-96.CCB1 206.4