နှောင့်နှေးခြင်းဖြင့် ဘေးမကင်း။
ညအခါဖော်ပြသော ရူပါရုံများ၌ အလွန် စိတ်စွဲစရာ ကောင်းသော ရှုခင်း တစ်ခုသည် ကျွန်ုပ် ရှေ့၌ ပေါ်လာ၏။ လှပတင့်တယ်သော အဆောက်အဦး အချို့ပေါ်သို့ အလွန် ကြီးမားသော မီးလုံးကြီး တစ်ခု ကျရောက်လာပြီးလျှင် ၎င်းတို့ကို ချက်ချင်း ဖျက်ဆီးလိုက်သည်ကို ကျွန်ုပ် မြင်ရ၏။ တစ်စုံတစ်ယောက်သော သူက “ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် မြေကြီးပေါ်သို့ ရောက်လာနေသည်ကို ကျွန်ုပ်တို့ သိရှိကြပြီ၊ သို့ရာတွင် ထိုမျှလောက် လျင်မြန်စွာ ရောက်လာမည်ကို ကျွန်ုပ်တို့ မသိရကြ” ဟု ပြောဆိုသံကို ကျွန်ုပ်တို့ ကြားရ၏။ အခြားသော သူတို့က၊ ဝေဒနာ ခံစားရသော အသံနှင့်၊ “သင်တို့ သိရှိကြပြီ။ ထိုအခါ ကျွန်ုပ်တို့အား အဘယ်ကြောင့် သင်တို့က ပြောမပြကြသလဲ။ ကျွန်ုပ်တို့ ဘာမျှ မသိကြပါတကား” ဟု ပြောဆိုကြ၏။ နေရာတကာတိုင်း၌ အလားတူ ထိုသို့ အပြစ်တင် စကားများ ပြောဆိုကြသည်ကို ကျွန်ုပ် ကြားရ၏။CCB1 134.1
ကျွန်ုပ်တို့သည် များစွာ စိတ်ဆင်းရဲခြင်နှင့် နိုးလာ၏၊ တစ်ဖန် အိပ်ပျော်သွားပြန်ရာ ကျွန်ုပ်သည် အလွန် များသော လူအစုအဝေးကြီးထဲတွင် ရောက်ရှိနေသည်ဟု ထင်ရ၏။ သြဇာရှိသော သူတစ်ယောက်က လူအစုအဝေးအား ဟောပြောနေ၏။ သူ၏ ရှေ့၌ လောက တစ်ခုလုံး၏ မြေပုံတစ်ခုကို ဖြန့်ထား၏။ သူက၊ မြေပုံသည် ဘုရားသခင်၏ စပျစ်ဥယျာဉ်ကို ပုံဆောင်ထားလျက် ၎င်းတွင် စိုက်ပျိုးပြုပြင်ရမည်ဟု ပြောဆို၏။ ကောင်းကင်မှ အလင်းသည် လူတစ်စုံတစ်ယောက် အပေါ်သို့ ထွန်းတောက်လာသောအခါ၊ ထိုသူသည် အခြားသူတို့ထံမှ မိမိ ရရှိသော အလင်းကို ပြန်၍ ဟပ်စေရမည်။ ဆီမီးများကို များစွာသော နေရာတို့၌ ထွန်းညှိထားရမည်။ ၎င်းပြင် ဤဆီမီးအလင်းများထံမှ အခြားသော ဆီမီးအလင်းများ ဖြစ်လာစေရန် ထွန်းညှိထားရမည်။CCB1 134.2
အောက်ပါ စကားများကို ထပ်မံ ဖော်ပြထား၏။ “သင်တို့သည် ဤလောက၏ ဆား ဖြစ်ကြ၏။ ဆားမူကား အငန် ကင်းပျောက်လျှင် ငန်သော အရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှ တစ်ပါး အဘယ်အသုံးမျှ မဝင်။ သင်တို့သည် ဤလောက၏ အလင်း ဖြစ်ကြ၏။ တောင်ထိပ်၌ တည်သော မြို့ကို မကွယ်နိုင်။ ဆီမီးကို ထွန်း၍ တောင်းဇလား အောက်၌ ဖုံးထားလေ့ မရှိ။ အိမ်သူအိမ်သား အပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသော အကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ သူတစ်ပါး ရှေ့၌ သင်တို့ အလင်းကို လင်းစေကြလော့။” မဿဲ၊၅: ၁၃-၁၆။CCB1 135.1
ကုန်လွန်သွားသော နေ့ရက်တိုင်းသည် ကျွန်ုပ်တို့အား ကပ်ကာလ၏ အဆုံးနှင့် သာ၍ နီးကပ်လာစေလေပြီ။ ၎င်းသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့်လည်း သာ၍ နီးကပ်လာစေပြီလော။ ကျွန်ုပ်တို့သည် ဆုတောင်းလျက် စောင့်နေကြသလော။ တစ်နေ့ပြီး တစ်နေ့ ကျွန်ုပ်တို့နှင့် ပေါင်းသင်းဆက်ဆံလာကြသော သူတို့သည် ကျွန်ုပ်တို့၏ အကူအညီ၊ ကျွန်ုပ်တို့၏ လမ်းပြစောင့်ရှောက်မှုကို အလိုရှိနေကြသည်။ သင့်တော်သော နေရာ၌ ရှိအပ်သော သံချောင်းကလေး တစ်ခုကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တော်လျော်သော အချိန်အတွက် စကားတစ်ခွန်းကို အိမ်ထောင်သို့ ကြားပြောရမည့် အခြေအနေ၌ သူတို့၌ စိတ်သည် ရောက်ရှိနေကောင်း နေလိမ့်မည်။ နံနက်ဖြန် ဤဝိညာဉ် အချို့သည် ကျွန်ုပ်က တစ်ဖန် သူတို့ထံ မည်သည့်အခါမျှ မချဉ်းကပ်နိုင်သော နေရာသို့ ရောက်ရှိနေကောင်း ရောက်ရှိနေလိမ့်မည်။ ဤခရီးသည်များတို့ အပေါ်၌ ကျွန်ုပ်တို့သည် မည်ကဲ့သို့ သြဇာတန်ခိုး လွှမ်းမိုးစေကြပြီနည်း၊ သူတို့အား သခင်ခရစ်တော်ထံ ပို့ဆောင်ရန် ကျွန်ုပ်တို့သည် မည်ကဲ့သို့ ကြိုးစား ဆောင်ရွက်နေကြသလဲ။CCB1 135.2
ကောင်းကင်တမန်တို့သည် အရပ်လေးမျက်နှာရှိ လေတို့ကို တားဆီးထားကြစဉ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၌ ရှိသမျှ အစွမ်းသတ္တိ အပေါင်းနှင့် အမှုဆောင်ရွက်ရကြမည်။ ကျွန်ုပ်တို့သည် နှောင့်နှေးခြင်း မရှိဘဲ မိမိတို့၏ သတင်းစကားကို ယူဆောင်သွားရကြမည်။ ကျွန်ုပ်တို့၏ ဘာသာတရားသည် ယုံကြည် ခြင်းတရား နှင့် တန်ခိုး ဖြစ်၍၊ ၎င်းတို့ကို သခင်ခရစ်တော်သည် ပြုပြင်တော်မူသော သူ ဖြစ်တော်မူလျက်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ ဗျာဒိတ်တော် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ကောင်းကင် စကြာဝဠာသို့ လည်းကောင်း၊ ဤဆုတ်ယုတ်သော ခေတ်ရှိ လူတို့အား လည်းကောင်း သက်သေပြရကြမည်။ လူတို့၏ ဝိညာဉ်များကို ချိန်ခွင်၌ ချိန်စက်ထားနေသည်။ သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်အတွက် နိုင်ငံတော်သားများ ဖြစ်ရကြလိမ့်မည်။ သို့မဟုတ် စာတန်၏ နိုင်တက်စီးနင်း ပြုသော နိုင်ငံတွင် ကျွန်များ ဖြစ်ရကြလိမ့်မည်။ ဧဝံဂေလိတရား၌ ဖော်ပြထားသော မျှော်လင့်ရာ အချက်ကို လူအပေါင်းတို့သည် ကိုင်စွဲထားနိုင်သော အခွင့်အရေးကို ရရှိနိုင်ကြ၏။ သို့သော် ဟောပြောသော သူ မရှိလျှင် သူတို့သည် မည်ကဲ့သို့ ကြားနာနိုင်ကြမည်နည်း။ လူအိမ်ထောင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ ရပ်တည်နေနိုင်မည် အကြောင်း အကျင့်သီလကို အသစ်ပြန်၍ ပြုပြင်လျက် အကျင့်ဓလေ့တို့ကို ပြင်ဆင်ပေးဖို့ လိုပေသည်။ ယခု ဖြစ်ပေါ်နေလျေက် ဧဝံဂေလိ သတင်းစကား ဟောပြောခြင်း လုပ်ငန်းကို ဖျက်ဆီးနေသော စိတ်အထင်အမြင်၏ အမှားများကြောင့် ပျက်စီးသွားရန် အသင့်ရှိနေသော ဝိညာဉ် အများ ရှိနေကြသည်။ မည်သူတို့သည် ဘုရားသခင် နှင့်အတူ လုပ်ဖော်ဆောင်ဖက်များ ဖြစ်လာကြရန် မိမိတို့ ကိုယ်ကို ယခု လုံးလုံး ဆက်ကပ်ပူဇော်ကြလိမ့်မည်နည်း။ ယနေ့ ကျွန်ုပ်တို့၏ လူအစုအဝေးများတွင် ပါဝင်ကြသော သူအများတို့သည် လွန်ကျူးခြင်း အပြစ်များ၌ သေလျက် ရှိနေကြသည်။ သူတို့သည် ပတ္တာပေါ်၌ လည်နေသော တံခါးရွက်ခဲ့သို့ ဟိုဘက် သည်ဘက် ရောက်သွားလျက် ရှိကြသည်။ နှစ်ပေါင်းများစွာ သူတို့သည် အလွန် ကြည်ညိုလေးစားဖွယ် ကောင်း၍ စိတ်ဝိညာဉ်ကို ထကြွနိုးကြားစေသော သမ္မာတရားများကို နှစ်သက်စွာ နားထောင်ခဲ့ကြပြီ၊ သို့ရာတွင် သူတို့သည် တရားအတိုင်း မကျင့်ကြချေ။ ထိုကြောင့် သူတို့သည် သမ္မာတရား၏ အဖိုးထိုက်တန်ခြင်း အဖြစ်ကို သာ၍ သာ၍ အသိအမြင် နည်းလာကြ၏။ အပြစ်ကို ဖော်ပြ၍ သတိပေးလျက် နေသည့် စိတ်ထကြွဖွယ် သက်သေခံချက်တို့သည် သူတို့အား နောင်တရစေခြင်းငှါ သူတို့၏ စိတ်ကို မထကြွ မနိုးကြားစေပါ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း နှင့် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း တည်းဟူ သော လူတို့၏ နှုတ်အားဖြင့် ဘုရားသခင် ထံမှ သက်ရောက်လာသော ချိုသာသော သီချင်းသံသည် သူတို့အား မေတ္တာနှင့် လည်းကောင်း၊ ကျေးဇူးဆပ်ခြင်းနှင့် လည်းကောင်း တုံ့ပြန် လက်ခံသော သဘောကို ပြစေဖို့ မပြုပြင်ချေ။ ကောင်းကင် ကုန်သည်ကြီးသည် သူတို့ ရှေ့၌ ယုံကြည်ခြင်း နှင့် ချစ်ခြင်း မေတ္တာ တည်းဟူသော အဖိုးအတန်ဆုံး ကျောက်မြတ် ရတနာတို့ကို ပြထားသော်လည်း၊ “မီး၌ ချွတ်သော ရွှေ” ကို လည်းကောင်း၊ သူတို့ ခြုံရန် “ဝတ်လုံဖြူ” ကို လည်းကောင်း၊ သူတို့ မြင်နိုင်ရန် “မျက်စဉ်း” ကို လည်းကောင်း ကိုယ်တော်ထံ၌ ဝယ်ရန် ကိုယ်တော်က သူတို့အား ခေါ်ဖိတ်တော်မူသော်လည်း၊သူတို့သည် မိမိတို့၏ စိတ်ကို သံကဲ့သို့ ကိုယ်တော် တစ်ဖက်၌ ခိုင်မာစေကြလျက် မေတ္တာ နှင့် စိတ်အားထက်သန်မှုတို့ကို နွေးရုံသာ ရှိသော အဖြစ်နှင့် လဲလှယ်ခြင်း မပြုကြ။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ကြောင်း ပြောဆိုနေကြသော်လည်း၊ ဘုရားတရားကို ကြည်ညို လေးစားသော တန်ခိုး အရှိန်ကို ငြင်းပယ်ကြပြီး သူတို့သည် ဤအခြေအနေ၌ ဆက်လက် တည်ရှိနေကြလျှင်၊ ဘုရားသခင်သည် သူတို့ကို ငြင်းပယ်တော်မူလိမ့်မည်။ သူတို့သည် မိမိတို့ ကိုယ်ကို ဘုရားသခင်၏ အိမ်ထောင်သားများ အဖြစ် မသင့်တော်အောင် ပြုလုပ်နေကြသည်။CCB1 135.3
သူတို့၏ အမည်များသည် အသင်းတော်၏ စာစောင်များတွင် မှတ်ပုံတင်ထားခြင်းဖြင့် သူတို့သည် ကယ်တင်ခြင်းကို ရရှိမည် မဟုတ်ကြောင်းကို အသင်းဝင်သူတို့သည် သတိပြုကြပါစေ။ သူတို့သည် ရှက်ကြောက်ခြင်း မရှိအပ်သော အမှုတော်ဆောင်များ ဖြစ်ကြလျက် ဘုရားသခင် နှစ်သက်တော်မူသော သူများ ဖြစ်သည်ကို ဖော်ပြရကြမည်။ သူတို့သည် တစ်နေ့ပြီး တစ်နေ့ သခင်ခရစ်တော်က စီမံညွှန်ကြားထားတော်မူသည် အတိုင်း မိမိတို့၏ စာရိတ္တမဏ္ဍိုဏ်ကို တည်ဆောက် ပြုပြင်ရကြမည်။ သူတို့သည် အမြဲသဖြင့် ကိုယ်တော်၌ ယုံကြည်ခြင်း ရှိကြောင်း ပြလျက် ကိုယ်တော်၌ တည်နေရကြမည်။ ထိုသို့အားဖြင့် သူတို့သည် သခင်ခရစ်တော်၌ ကြီးမြတ်သော ယောက်ျား၊ မိန်းမများ၊ သန့်ရှင်းသော ကျန်းမာ၍ ဝမ်းမြောက်ရွှင်လန်းလျက် ကျေးဇူးသိတတ်သော ခရစ်ယာန် အဖြစ်သို့ ပြည့်စုံစွာ ကြီးပွားကြလျက် သာ၍ ကြည်လင်တောက်ပသော အလင်း၊ ထိုမျှထက် သာ၍ ထွန်းလင်းသော အလင်း ဖြစ်လာစေရန် ဘု ရားသခင်၏ လမ်းပြခြင်းကို ခံရကြလိမ့်မည်။ ဤကဲ့သို့သော ကိုယ်တွေ့ ဗဟုသုတမျိုးကို သူတို့သည် မရရှိခဲ့ကြလျှင်၊ တစ်နေ့နေ့၌ ပြင်းထန်စွာ ငိုကြွေးမြည်တမ်းလျက်၊ “ရိတ်သိမ်းချိန် လွန်သွားပြီ။ နွေရာသီကုန်သွားပြီ။ သို့သော် ကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်ခြင်း မရရှိသေး။ အဘယ်ကြောင့် ကျွန်ုပ်သည် ခိုလှုံရန် ခိုင်ခံ့သော ရဲတိုက်ကြီးသို့ ထွက်မပြေးခဲ့သလဲ။အဘယ်ကြောင့် ကျွန်ုပ်၏ ဝိညာဉ် ကယ်တင်ရေးအတွက် ပေါ့ဆစွာ နေခဲ့ပြီနည်း၊ ၎င်းပြင် အဘယ်ကြောင့် ကျေးဇူးတော်နှင့် ဆိုင်သော ဝိညာဉ်တော်ကို မုန်းခဲ့သနည်း” ဟု ပြောဆိုသော သူတို့အထဲတွင် ပါဝင်နေကြလိမ့်မည်။CCB1 137.1
သမ္မာတရားကို ယုံကြည်ကြသည်ဟု ခိုင်လုံစွာ ပြောဆိုနေကြသော ညီအစ်ကို မောင်နှမတို့၊ သင်တို့၏ အကျင့်များသည် ကောင်းကင်က သင်တို့အား ပေးတော်မူသော အလင်းတရား၊ ထူးခြားသော အခွင့်အရေး နှင့် ကြုံကြိုက်သော အခွင့်အခါများနှင့် ညီညွတ်ကြပါသလားဟု သင်တို့ အသီးအသီးအား ကျွန်ုပ် မေးလိုပါသည်။ ဤအရာသည် အလွန် အရေးကြီးသော ပြဿနာ ဖြစ်ပါသည်။ ဖြောင့်မတ်ခြင်း၏ တရားနေမင်းသည် အသင်းတော် အပေါ်၌ မိမိ၏ အလင်းကို ထွန်းတောက်စေတော်မူပြီ ဖြစ်၍ ၎င်း၏ အလင်းကို တစ်ဖန်ပြန်၍ လင်းစေဖို့ကား အသင်းတော်၏ တာဝန်တည်း။ ဝိညာဉ်တိုင်း၏ ထူးခြားသော အခွင့်အရေးကား တိုးတက်ကြီးပွားအောင် ပြုခြင်းတည်း။ သခင်ခရစ်တော်နှင့် ဆက်သွယ်နေသော သူတို့သည် ကျေးဇူးတော်၌ လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်း၌ လည်းကောင်း၊ လူကြီးအဖြစ်သို့ လုံးလုံး ရောက်သည်တိုင်အောင် တိုးပွားရကြမည်။ သမ္မာတရားကို ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုနေကြသော သူအပေါင်းတို့သည် မိမိတို့၏ စွမ်းအားသတ္တိ နှင့် ကြုံကြိုက်သော အခွင့်အခါကို၊ အများအားဖြင့် သင်ကြားလေ့လာ၍ အမှုတော်ကို ဆောင်ရွက်ရန် အများအားဖြင့် အသုံးပြုကြလျှင်၊ သူတို့သည် သခင်ခရစ်တော်၌ ခိုင်ခံ့ခြင်း ရှိကြလိမ့်မည်။ သူတို့သည် လယ်သမား၊ စက်ပြင်ဆရာ၊ ကျောင်းဆရာ၊ ဆရာမ၊ သင်းအုပ်ဆရာမှ စ၍ မည်သည့် အလုပ်ကို လုပ်ကိုင်နေသော သူ ဖြစ်ကြစေကာမူ၊ သူတို့သည် ဘုရားသခင်အား မိမိတို့ ကိုယ်ကို လုံးလုံး ဆက်ကပ်ပူဇော်ခဲ့ကြလျှင်၊ သူတို့သည် ကောင်းကင် အရှင်သခင်အတွက် ကျွမ်းကျင်သော အမှုတော်ဆောင်များ ဖြစ်လာကြလိမ့်မည်။CCB1 138.1