Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသက်တာကို ပြောင်းလဲစေသော သတင်းစကားများ။

    မိရှီဂန်နယ်၊ ဘွတ် (ရှ) နဲလ်မြို့တွင် ဧဝံဂေလိ အမှုဆောင် တစ်ဦးသည် စည်းဝေးများကို ကျင်းပနေ၏။ သို့ရာတွင် နှစ်ခြင်းခံပြီးနောက်၊ ယုံကြည်သော သူတို့အား သတင်းစကားတွင် သင့်တော်စွာ အခြေအမြစ် မစွဲစေဘဲ သူသည် လူများထံမှ ထွက်သွားလေ၏။ လူများတို့သည် တစ်ဖြည်းဖြည်း စိတ်ပျက်လာကြပြီးလျှင် မိမိတို့၏ မကောင်းသော အကျင့်များကို အစပြု၍ ပြုကျင့်နေကြပြန်၏။ နောက်ဆုံး၌ အသင်းတော်တွင် အလွန် လူနည်းလာသဖြင့်၊ ကျန်သော အသင်းသား ၁၀၊ ၁၂ ယောက်တို့က အသင်းတော်ကို ဆက်လက် တည်ထောင်ထားဖို့ အကျိုးမရှိတော့ချေဟု ဆုံးဖြတ်ကြ၏။ နောက်ဆုံးဟု သူတို့ ထင်သော စည်းဝေးကို သူတို့သည် ရုပ်သိမ်းလိုက်ပြီး ခဏအကြာတွင် စာများ ရောက်လာရာ၊ ၎င်းတို့တွင် ရီဗျူးအင်ဟဲရဲ (ဒ) ဆိုသော စာစောင် တစ်ခု ပါရှိလာ၏။ ထိုစာစောင်တွင် ပါရှိသော သာသနာပြုခရီးဟူသော အပိုင်း၌ ဆရာကြီး နှင့် မစ္စစ်ဝှိုက်တို့သည် ၁၈၆၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှ စ၍ တရားဟော စည်းဝေးများကို ဘွတ် (ရှ) နဲလ်မြို့တွင် ကျင်းပလိမ့်မည်ဟု ကြော်ငြာထားသည်။ ဤစည်းဝေးကို ကျင်းပမည်မှာလည်း တစ်ပတ်လောက်သာ ကြတော့၏။ အိမ်သို့ ပြန်သွားနေကြသော လူများကို ကလေးများအား လွှတ်၍ ခေါ်ခိုင်းရ၏။ တောအုပ်ငယ် တစ်ခုတွင် တစ်စုံတစ်ယောက်က စည်းဝေးရန် နေရာကို ပြင်ဆင်ထားဖို့ ဆုံးဖြတ်၏။ ၎င်းပြင် လူတိုင်း မိမိတို့၏ အိမ်နီးချင်းများ၊ အထူးသဖြင့် ဖေါက်ပြန်သွားသော အသင်းသားတို့ကို ခေါ်ဖိတ်ရကြမည်။CCB1 44.2

    ဇူလိုင်လ ၂၀ ရက်၊ ဥပုသ်နေ့ နံနက်တွင် ဆရာကြီး နှင့် မစ္စစ်ဝှိုက်တို့သည် လူပေါင်း ခြောက်ဆယ် စုရုံးနေကြသော တောအုပ်ကလေးသို့ ရောက်လာကြ၏။ နံနက်ပိုင်းတွင် ဆရာကြီးဝှိုက်က ဟောပြော၏။ ညနေပိုင်းတွင် မစ္စစ်ဝှိုက်သည် ဟောပြောရန် ထ၏။ သို့သော် ကျမ်းစာဖတ်ပြီးနောက် သူမသည် စိတ်ရှုပ်သော လက္ခဏာ ရှိလာ၏။ သူမသည် အကျယ်ချဲ့၍ ပြောဆိုခြင်း မပြုဘဲ ကျမ်းစာအုပ်ကို ပိတ်ပြီးလျှင်၊ အချင်းချင်း ရင်းနှီးစွာ စကားပြောနေသကဲ့သို့ သူတို့အား ဟောပြောစ ပြုလေ၏။CCB1 45.1

    “ကျွန်ုပ်သည် ဤညနေ သင်တို့ ရှေ့၌ ရပ်နေစဉ်၊ လွန်ခဲ့သော နှစ်နှစ်အထက်က ရူပါရုံတွင် ကျွန်ုပ်အား ဖော်ပြသော သူတို့၏ မျက်နှာတို့ကို ကျွန်ုပ်သည် စေ့စေ့ ကြည့်ရှုမိနေ၏။ သင်တို့၏ မျက်နှာတို့ကို ကြည့်နေစဉ်၊ သင်တို့၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့သည် ကျွန်ုပ်၏ စိတ်ထဲ၌ ထင်ရှားစွာ ပေါ်လာသဖြင့်၊ သင်တို့အား ဟောပြောရန် ထာဝရဘုရားထံတော်မှ ကျွန်ုပ် ရရှိထားသော သတင်းစကား တစ်ခုကို ပြောပြလိုပါသည်။”CCB1 45.2

    “ဟို ထင်ရူးပင် အနားက ဤမောင်တစ်ယောက် ဖြစ်ပါသည်။ သင့်အား ကျွန်ုပ်နှင့် မိတ်ဖွဲ့ မပေးခဲ့သဖြင့် သင်၏ အမည်ကို ကျွန်ုပ် မပြောနိုင်ပါ။ သို့သော် သင်၏ မျက်နှာကို ကျွန်ုပ် ကောင်းကောင်း မှတ်မိပါသည်။ ၎င်းပြင် သင်၏ အဖြစ်အပျက်များမှာ ကျွန်ုပ် ရှေ့၌ ထင်ထင်ရှားရှား ပေါ်လွင်နေပါသည်။” ထိုနောက် သူမက ဤမောင်အား သူ၏ ဖေါက်ပြန်ခြင်း အကြောင်းကို ပြော ပြ၏။ သူ့အား ပြန်လာ၍ ဘုရားသခင်၏ လူများ နှင့်အတူ သွားလာ နေထိုင်ဖို့ အားပေးတိုက်တွန်း၏။CCB1 45.3

    ထိုနောက် ပရိသတ်ထဲတွင် အခြားနေရာ၌ ထိုင်နေသော ညီမတစ်ယောက်ထံသို့ လှည့်၍ သူမက “ဂရင်းဗီးလေး အသင်းတော်က ညီမ မေနား(ဒ) အနားမှာ ထိုင်နေသော ဤညီမတစ်ယောက် ရှိသေးသည်။ သင်၏အမည်ကို ကျွန်ုပ်အား ပြောပြမထား၍ မသိနိုင်ပါ။ သို့ရာတွင် နှစ်နှစ်လောက်အထက်က သင်၏ အကြောင်းအရာကို ကျွန်ုပ်အား ဖော်ပြထားသဖြင့်၊ သင့် အဖြစ်အပျက်တို့ကို ကျွန်ုပ် ကောင်းကောင်း သိထားပါသည်” ဟု ပြောဆို၏။ ထိုနောက် မစ္စစ်ဝှိုက်က ဤညီမကို အားပေး တိုက်တွန်းစကား ပြော၏။CCB1 46.1

    “ထိုနောက် ဝက်သစ်ချပင်နားမှာ ထိုင်နေသော မောင်တစ်ယောက်ရှိသေး၏။ သင့်ကို မတွေ့ဖူးသေး၍ သင်၏ နာမည်ကိုတော့ မပြောနိုင်၊ သို့သော် သင့်အကြောင်းကို ကျွန်ုပ် ကောင်းကောင်း သိပါသည်။” ထိုနောက် ဤမောင် အကြောင်းနှင့် ပတ်သက်၍ ပြောပြလျက် ထိုနေရာရှိ လူတိုင်းအား သူ၏ အတွင်းစိတ်သဘော အကြံအစည်ကို ဖော်ပြပြီး သူ၏ အဖြစ်အပျက်ကို ပြောပြ၏။CCB1 46.2

    ၎င်းပြင် ထိုစည်းဝေးတွင် လူတစ်ယောက်မှ တစ်ယောက်သို့ လှည့်လျက် နှစ်နှစ်အထက်က ရူပါရုံတွင် သူမအား ဖော်ပြခဲ့ပြီးသော အကြောင်းအရာတို့ကို ပြောပြ၏။ မစ္စစ်ဝှိုက်သည် တရားဟောပြောပြီးနောက်၊ ဆုံးမစကားအပြင် အားပေးတိုက်တွန်းစကားများကိုလည်း ပြောပြပြီးလျှင် ထိုင်နေ၏။ လူအစုအဝေးထဲမှ လူတစ်ယောက်သည် ထလျက် ဤကဲ့သို့ ဆို၏။ “ဤညနေတွင် မစ္စစ်ဝှိုက်က ကျွန်ုပ်တို့အား ပြောသော အရာများသည် မှန်မမှန်ကို သိလိုပါသည်။ ဆရာကြီး နှင့် မစ္စစ်ဝှိုက်တို့သည် ဤနေရာသို့ တစ်ခါမျှ မရောက်ဖူးကြပါ။ သူတို့သည် ကျွန်ုပ်ကိုလည်း လုံးလုံး သိကျွမ်းခြင်း မရှိကြပါ။ မစ္စစ်ဝှိုက်သည် အများသော ကျွန်ုပ်တို့ အမည်များကိုပင် မသိပါ။ သို့သော် သူမသည် ဤညနေ ဤနေရာသို့ လာရောက်၍လွန်ခဲ့သော နှစ်နှစ်အထက်က ကျွန်ုပ်တို့၏ အဖြစ်အပျက်များကို သူမအား ဖွင့်ပြခဲ့သော ရူပါရုံ အကြောင်းကို ကျွန်ုပ်တို့အား ပြောပြပါပြီ။ ၎င်းပြင် သူမသည် ကျွန်ုပ်တို့ အသီးအသီးအား တစ်ယောက်စီ စကားပြောလျက် လူတိုင်း၏ အနေအထိုင် နှင့် အတွင်း စိတ်သဘော အကြံ အစည်တို့ကိုပင် ဖွင့်ပြပါသည်။ ဤအရာ အားလုံးသည် လူ အသီးအသီး၌ ဖြစ်ပျက်သည်အတိုင်း မှန်ပါသလော။ သို့မဟုတ် မစ္စစ်ဝှိုက်သည် အမှား တစ်စုံတစ်ခုကို ပြောခဲ့ပါသလော။ ကျွန်ုပ် သိလိုပါသည်။”CCB1 46.3

    လူများတို့သည် တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်နေကြ၏။ ထင်းရူးပင်နားက လူသည် ရပ်နေရာမှ၊ မစ္စစ်ဝှိုက်သည် သူ့ထက်ပင် သူ၏ အကြောင်းအရာတို့ကို သာ၍ စုံလင်စွာ ပြောပြခဲ့ပါပြီဟု ဆို၏။ သူသည် သူ၏ လမ်းမှား အကြောင်းကို ဝန်ခံပြီး ပြန်လာ၍ ဘုရားသခင်၏ လူများ နှင့်အတူ သွားလာ နေထိုင်ရန် စိတ်ပြဋ္ဌာန်ခြင်း ပြုကြောင်း ဖော်ပြ၏။ ဂရင်းဗီလေး အသင်းတော်မှ ညီမ မေနား (ဒ) ၏ အနားတွင် ထိုင်နေသော ညီမကလည်း သက်သေခံ၏။ မစ္စစ်ဝှိုက်သည် မိမိထက်ပင် သာ၍ စုံလင်စွာ မိမိ၏ အဖြစ်အပျက်ကို ပြောပြခဲ့ပါပြီဟု သူမက ပြောဆို၏။ ဝက်သစ်ချပင် နားတွင် ထိုင်လျက် မစ္စစ်ဝှိုက်က မိမိအား ဆုံးမစကား၊ အားပေးစကား ပြောဆိုခြင်း ခံရသော သူက၊ မိမိ ပြောပြနိုင်သည်ထက် မစ္စစ်ဝှိုက်သည် မိမိ၏ အကြောင်းကို သာ၍ စုံလင်စွာ ဖော်ပြခဲ့ပါပြီဟု ပြောပြ၏။ အပြစ်များကို ဖော်ပြဝန်ချကြပြီး အပြစ်ဒုစရိုက်များကို ပယ်ရှားကြ၏။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သက်ရောက်လာသဖြင့်၊ ဘွတ် (ရှ) နဲလ်မြို့တွင် ဘုရားတရားရေး၌ ပြန်၍ ပြုပြင်ပြောင်းလဲခြင်း ဖြစ်လာလေ၏။CCB1 47.1

    ဆရာကြီး နှင့် မစ္စစ်ဝှိုက်တို့သည် နောက်ဥပုသ်နေ့တွင် ပြန်လာကြ၏။ နှစ်ခြင်းမင်္ဂလာကို ပေးပြီးသဖြင့် ဘွတ် (ရှ) နဲလ် အသင်းတော်သည် ကောင်းစွာ တည်မြဲလျက် အသက်ရှင်လျက်ရှိနေ၏။CCB1 47.2

    ထာဝရဘုရားကို မျှော်လင့်နေကြသော သူတို့ကို ထာဝရဘုရားသည် ချစ်တော်မူသည် နည်းတူ၊ ဘွတ် (ရ) နဲလ်မြို့ရှိ မိမိ၏ လူများကိုလည်း ဘုရားသခင်သည် ချစ်တော်မူ၏။ “ငါချစ်သမျှသော သူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို နှိုးဆော်လော့၊ နောင်တရလော့။” (ဗျာ၊ ၃: ၁၉) ဟူသော စကားကို ထိုနေရာ၌ လာရောက်ရှိနေကြသော သူတို့၏ စိတ်ထဲ၌ သတိရလာကြ၏။ လူများတို့သည် မိမိတို့၏ စိတ်နှလုံးကို ထာဝရဘုရား သိမြင်သကဲ့သို့ သိမြင်လာကြသောအခါ၊ သူတို့သည် မိမိတို့၏ မှန်သော အခြေအနေကို သိနားလည်လာကြလျက် မိမိတို့၏ အသက်တာတွင် ပြောင်းလဲခြင်း အမှုကို တောင့်တလာကြ၏။ မစ္စစ်ဝှိုက်အား ဖော်ပြသော အများသော ရူပါရုံတို့၏ ရည်ရွယ်ချက်တို့သည် ဤကဲ့သို့ပင် အမှန် ဖြစ်ကြသည်။CCB1 47.3

    ဆရာကြီးဝှိုက် သေဆုံးပြီးနောက် များမကြာမီ မစ္စစ်ဝှိုက်သည် ဟီး(ဒစ) ဘား (ဂ) ကောလိပ်ကျောင်း အနီးတွင် နေထိုင်၏။ အမျိုးသမီးအများသည် ကျောင်း၌ ပညာသင်ကြားနေကြစဉ်၊ သူမ၏ အိမ်တွင် နေထိုင်ကြ၏။ ထိုအချိန်အခါက၊ တစ်နေ့လုံး ဆံပင်များကို နေရာတကျ သေသေသပ်သပ် ရှိစေရန် ခေါင်းပေါ်၌ ရိုးရိုး ဇာကို အုပ်ထားလေ့ ရှိကြ၏။ တစ်နေ့သ၌ မိန်းမပျို တစ်ယောက်သည် မစ္စစ်ဝှိုက်၏ အခန်းထဲသို့ ဖြတ်ကူးသွားစဉ်၊ သူမ လိုချင်နေသော ဇာ အကောင်းစား တစ်ခုကို တွေ့ရှိရလေ၏။ မည်သူမျှ မသိရှိနိုင်ဟု ထင်မှတ်လျက် သူမသည် ၎င်းကို ယူပြီးလျှင် သူမ၏ သေတ္တာထဲတွင် အပေါ်ယံက တင်ထားလေ၏။ များအကြာမီ အပြင်သို့ သွားရန် အဝတ်လဲနေစဉ်၊ မိမိ၏ ခေါင်းအုပ်ဇာ ပျောက်နေသည်ကို မစ္စစ်ဝှိုက်သည် သိရှိရလေ၏။ ညဦးပိုင်းတွင် အိမ်သားများတို့သည် စုရုံကြသောအခါ မစ္စစ်ဝှိုက်က ပျောက်နေသော ဇာ အကြောင်းကို မေးရာ၊ ဘယ်မှာရောက်နေသည်ကို မည်သူမျှ မပြောကြ။CCB1 48.1

    တစ်ရက် နှစ်ရက် ကြာသောအခါ၊ မစ္စစ်ဝှိုက်သည် မိန်းမပျိုများ၏ အခန်းထဲသို့ ဖြတ်ကူးသွားစဉ်၊ “ထို သေတ္တာကို ဖွင့်ကြည့်ပါ” ဟု ပြောဆိုသံကို ကြားရ၏။ ၎င်းသည် သူမ၏ သေတ္တာ မဟုတ်သဖြင့်၊ သူမသည် ထိုသို့ မပြုလုပ်လို။ ဒုတိယအကြိမ် အမိန့်ပေးပြန်သောအခါ၊ ထိုအသံသည် ကောင်းကင်တမန်၏ အသံ ဖြစ်ကြောင်းကို သူမသည် သိရှိရ၏။ သေတ္တာ၏ အဖုံးကို ဖွင့်လိုက်သောအခါ၊ အဘယ်အတွက်ကြောင့် ကောင်းကင်တမန်က အမိန့်ပေးကြောင်းကို သိမြင်ရလေ၏။ အကြောင်းကား ထိုသေတ္တာထဲ၌ သူမ၏ ဇာကို တွေ့ရ၏။ အိမ်သားများတို့သည် စုရုံးကြပြန်သောအခါ၊ မစ္စစ်ဝှိုက်က ဇာ အကြောင်းနှင့် ပတ်သက်၍ ၎င်းသည် အလိုအလျောက် ပျောက်မသွားနိုင်ဟု ဆိုလျက် မေးမြန်းပြန်ရာ၊ မည်သူမျှ ဘာမျှ ပြန်မပြောသဖြင့်၊ မစ္စစ်ဝှိုက်သည် ၎င်းအကြောင်းကို မေ့ပစ်လိုက်လေ၏။CCB1 48.2

    ရက် အနည်းငယ် ကြာသောအခါ၊ မစ္စစ်ဝှိုက်သည် စာရေးနေရာမှ ခေတ္တ အနားယူနေစဉ်၊ ရူပါရုံတစ်ခုကို ခဏကလေးပင် မြင်လိုက်ရ၏။ မိန်းမပျို တစ်ယောက်၏ လက်သည် ခေါင်းအုပ်ဇာကို ကိုင်လျက် ရေနံဆီမီးခွက်ပေါ်တွင် ချနေသည်ကို သူမ မြင်ရ၏။ ဇာသည် မီးကို ထိသောအခါ ချက်ချင်း မီးလောင်၍ ပျောက်ကွယ်သွား၏။ ထိုသို့ ရူပါရုံသည် ပြီးဆုံးသွား၏။CCB1 48.3

    နောက်တဖန် အိမ်သားတို့သည် အတူတကွ စုရုံးကြပြန်သောအခါ၊ မစ္စစ်ဝှိုက်က ခေါင်းအုပ်ဇာ ပျောက်ဆုံးနေခြင်း အကြောင်းကို အတင်းအကြပ် မေးမြန်းပြန်၏။ သို့ရာတွင် မည်သူမျှ မိမိ အပြစ်ကို ဝန်မခံကြ၊ ၎င်းသည် ဘယ်မှာ ရောက်နေသည်ကို မည်သူမျှ သိဟန် လက္ခဏာ မရှိ။ နောက် အနည်းငယ် ကြာသောအခါမစ္စစ်ဝှိုက်သည် သေတ္တာပိုင်ရှင် မိန်းမငယ်အား အနားသို့ ခေါ်၍ မိမိ ကြားရသော စကားသံ အကြောင်း၊ သေတ္တာထဲတွင် ဘာကို တွေ့ရကြောင်းကို ပြောပြ၏။ ၎င်းပြင် မိန်းမပျိုသည် ဇာကို မီးရှို့နေသည်ကို တစ်ခဏသာ ပေါ်လာသော ရူပါရုံ၌ မြင်ရကြောင်း ပြောပြ၏။ ဤကဲ့သို့သော အကြောင်းကို ကြားသိရလျှင်၊ မိန်းမပျိုသည် ဇာကို ယူကြောင်း၊ လူများ သိရှိသွားမည် စိုးရိမ်သဖြင့် မီးရှို့ပစ်ကြောင်း ဝန်ခံ ပြောဆို၏။ သူမသည် မစ္စစ်ဝှိုက် နှင့် ထာဝရဘုရားအား မိမိ၏ အပြစ်ကို လွှတ်ရန် တောင်းပန်လေ၏။CCB1 49.1

    ခေါင်းအုပ်ဇာကလေးအတွက် ထာဝရဘုရားသည် ဝင်ရောက်စွက်ဖက်ခြင်းအမှုသည် မရောရာ သေးနှုတ်သော အမှုကိစ္စ ဖြစ်သည်ဟု ကျွန်ုပ်တို့ ထင်မှတ်ကောင်း ထင်မှတ်ကြလိမ့်မည်။ သို့ရာတွင် ၎င်းသည် အခိုးခံရသော ပစ္စည်း၏ တန်ဖိုးထက် သာ၍ အရေးကြီးသော အမှုကိစ္စ တစ်ရပ် ဖြစ်ပါသည်။ ယခု ဤနေရာ၌ သတ္တမနေ့ ဥပုသ် အသင်းဝင်သူ မိန်းမပျို တစ်ယောက် အကြောင်း ဖြစ်၏။ သူမ ပြုသော အမှုသည် မှန်သည်ဟု သူမက ထင်၏။ သို့ရာတွင် သူမကိုယ်တိုင်၏ အကျင့်တွင် ချွတ်ယွင်းချက်ကို သူမသည် မမြင်ချေ။ သူမအား ပစ္စည်းကို ခိုးစေလျက် လိမ်လည်စေဖို့ သွေးဆောင်နေသော ကိုယ်ကျိုး ရှာခြင်း သဘောကို သူမသည် မမြင်ချေ။ ဘုရားသခင်သည် မြေကြီးပေါ်၌ အလုပ်ရှုပ်နေသော မိမိ၏ စေတမန်အား ခေါင်းအုပ်ဇာကလေး တစ်ခုအတွက် ရူပါရုံကို ဖော်ပြတော်မူရခြင်း၌ သေးနှုတ်သော အရာကလေးများသည်ပင် မည်မျှ အရေးကြီးကြောင်းကို မိန်းမပျိုသည် ယခု သိမြင်လာသောအခါ၊ ဤမိန်းကလေးသည် အမှုကိစ္စများတွင် မှန်သော အလင်းတရားကို ရရှိ လေသည်။ ဤအဖြစ်အပျက်အားဖြင့် သူမ၏ အသက်တာတွင် ပြောင်းလဲခြင်း ရှိလာ၍ သူမသည် သာယာမြဲမြံသော ခရစ်ယာန် အသက်တာနှင့် ညီညွတ်စွာ နေထိုင်လာ၏။CCB1 49.2

    ၎င်းပြင် ထိုအကြောင်းကြောင့်ပင် မစ္စစ်ဝှိုက်အား ရူပါရုံများကို ပေးတော်မူ၏။ မစ္စစ်ဝှိုက် ရေးသားသော သက်သေခံချက်များသည် အလွန် ထူးခြားသော အကြောင်းအရာတို့နှင့် သက်ဆိုင်သော်လည်း၊ လောက၏ နိုင်ငံ အသီးအသီးရှိ အသင်းတော်၌ လိုအပ်သော အခြေခံ စည်းကမ်းဥပဒေများကို ဖော်ပြသေး၏။ မစ္စစ်ဝှိုက်က သက်သေခံချက်တို့၏ ရည်ရွယ်ချက် နှင့် ၎င်းတို့ကို အသုံးပြုရသော နေရာ အကြောင်း ဤစကားများဖြင့် ရှင်းလင်းစွာ ဖော်ပြထား၏။CCB1 50.1

    ရေးသားထားသော သက်သေခံချက်များမှာ အသစ်သော အလင်းတရားကို ပေးဖို့ မဟုတ်ဘဲ၊ ဝိညာဉ်တော်အားဖြင့် ဖော်ပြပြီးသော သမ္မာတရားများကို စိတ်နှလုံးထဲ၌ ထင်ထင်ရှားရှား စွဲလမ်းစေခြင်းငှါသာ ဖြစ်သည်။ ဘုရားသခင်အား လည်းကောင်း၊ မိမိ လူအချင်းချင်းတို့အား လည်းကောင်း ပြုအပ်သော တာဝန်သည် အဘယ်အရာ ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ထူးခြားစွာ ခွဲခြား ဖော်ပြထားပါသည်။ သို့ရာတွင် အနည်းငယ်မျှသော သူတို့သာ ဖော်ပြထားသော အလင်းတရားကို လိုက်နာ စောင့်ရှောက်ကြသည်။ အသစ်သော သမ္မာတရားကိုလည်း ဖော်ပြထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်သည် သက်သေခံချက်များအားဖြင့် ဖော်ပြထားပြီး ဖြစ်သော သမ္မာတရားကြီးများကို လွယ်ကူစွာ ရှင်းလင်းပြတော်မူပြီ။ သက်သေခံချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေးနှုတ်ညံ့ဖျင်းသွားစေအောင် ပြုလုပ်နိုင်သည် မဟုတ်ဘဲ၊ သမ္မာတရား၏ အနက်ကို တင့်တယ်စွာ ရှင်းလင်း နားလည်နိုင်ကြမည် အကြောင်း၊ နှုတ်ကပတ်တော်ကို ချီးမြှင့်၍ လူတို့၏ စိတ်၌ စွဲလမ်းစေရန်သာ ဖြစ်သည်။CCB1 50.2

    မစ္စစ်ဝှိုက်သည် မိမိ၏ တစ်သက်တာပတ်လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ ရှေ့၌ ထင်ရှားစေ၏။ သူမ ရေးထားသော ပဋ္ဌမဦးဆုံး စာအုပ်တွင် ဤထင်မြင်ချက်နှင့် အဆုံးသတ်ထား၏။ သူမ ဖော်ပြထားချက်မှာ။ -CCB1 50.3

    ဤစာစောင်ကို ဖတ်ရှုသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ ယုံကြည်ခြင်းတရား နှင့် သင်၏ အလေ့အကျင့်တို့တွင် စည်းကမ်း ဥပဒေ အဖြစ် လိုက်နာရန် သင့်အား အကျွန်ုပ် ထောက်ခံပါသည်။ ထိုနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့သည် တရားစီရင်ခြင်း ခံရကြမည်။ ထိုနှုတ်ကပတ်တော်၌ ဘုရားသခင်က၊ နောက်ဆုံးသော နေ့တွင် ဗျာဒိတ်ရူပါရုံတို့ကို ပေးမည်ဟု ဂတိထားတော်မူရာ၌၊ ယုံကြည်ခြင်းတရား၌ အသစ်သော စည်းကမ်းချက်အတွက် မဟုတ်ဘဲ၊ မိမိ၏ လူများတို့အား စိတ်သက်သာစေပြီး ကျမ်းစာ၏ သမ္မာတရားမှ မှားယွင်း လမ်းလွဲသွားသူတို့အား ဆုံးမပြုပြင်ပေးရန်သာလျှင် ဖြစ်ပေသည်။CCB1 51.1