ဆုတောင်းခြင်း၌ သာ၍ များပြားသော ချီးမွမ်းခြင်း ရှိရမည်။
“ဝင်သက်၊ ထွက်သက် ရှိသော အရာတိုင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြစေ။” ကျွန်ုပ်တို့ အားလုံးတို့သည် ဘုရားသခင်အား မည်မျှလောက် ကျေးဇူးတင်ရမည်ကို စဉ်းစားကြည့်ရှုကြပါသလား။ ဘုရားသခင်၏ သနားကရုဏာများသည် နံနက်တိုင်း အသစ်ဖြစ်၍ ကိုယ်တော်၏ သစ္စာရှိခြင်းသည် ကျွန်ုပ်တို့အား မည်သည့်အခါမျှမပစ်ပယ်တော်မူကြောင်းကို ကျွန်ုပ်တို့ မှတ်မိကြသလား။ ကိုယ်တော်အား အမှီပြု၍ နေရသည်ကို သိမှတ်၍ ကိုယ်တော်ရှင် ချပေးတော်မူသောဂုဏ်ကျေးဇူးများအတွက် ကိုယ်တော်ကို ကျေးဇူး တုန့်ပြန်လိုသော သဘောမျိုး ပြသကြသလား။ ကောင်းသော ဆုကျေးဇူး၊ စုံလင်သော ဆုကျေးဇူးဟူသမျှတို့သည် အထက်မှ ဆင်းသက်လာ၍၊ အလင်း၏ အဘ ထဲမှ လာရောက်သည့် အကြောင်းကို ကျွန်ုပ်တို့သည် ရံဖန်ရံခါ မေ့လျော့၍ နေတတ်ကြလေသည်။CCB1 329.1
ကျန်းကျန်းမာမာ နေထိုင်ရသော သူတို့သည်၊ တစ်နှစ်ပြီး တစ်နှစ်၊ တစ်လပြီး တစ်လ သူတို့ နေ့စဉ်ရက်ဆက် ခံစားနေသော အံ့သြဖွယ်ရာ ကောင်းလှသည့် ဂရုဏာကျေးဇူးများကို မေ့လျော့၍ နေတတ်ကြသနည်း။ ကိုယ်တော်၏ဆုကျေးဇူးများအတွက် ဘုရားသခင်အား ချီးမွမ်းခြင်း မပြုလုပ်ကြချေ။ သို့သော်လည်း ဖျားနာသော အချိန်၌ ဘုရားသခင်ကို အမှတ်ရကြလေသည်။ ဖျားနာခြင်းမှ ပျောက်ကင်းရန် ကြိုးစား၍ ဆုတောင်းတတ်ကြလေသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည်လည်း မှန်ကန်ပေ၏။ ကျန်းမာနေသည် ဖြစ်စေ၊ ဖျားနာသည် ဖြစ်စေ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခိုလှုံရာ ဖြစ်တော်မူ၏။ သို့သော်လည်း အများသော သူတို့သည် မိမိတို့၏ ပြဿနာများကို ကိုယ်တော်ထံ၌ မအပ်ကြပေ၊ ခွန်အားနည်းခြင်း နှင့် ရောဂါကို မိမိအား နှိပ်စက်နိုင်ရန် အခွင့်ပေးကြလေသည်။ သူတို့တွင် ပူပန်ခြင်း နှင့် ဗျာပါသောက များခြင်းတို့ကို မတိုးပွားစေဘဲ ရပ်တန့်စေနိုင်ပါက၊ သူတို့သည် ရောဂါမှ လျင်မြန်စွာ ပျောက်ကင်းခြင်း၌ သာ ၍ သေချာလိမ့်မည်။ သူတို့သည် အချိန် ကြာမြင့်စွာ ကျန်းကျန်းမာမာ နေထိုင်ရခြင်း၏ ကောင်းကြီးမင်္ဂလာများကို မှတ်မိ၍၊ ဤအဖိုးထိုက်တန်လှသော ဆုကျေးဇူးကို သူတို့တွင် ရှိစေရန်၊ ဖန်ဆင်းရှင်၌ အသစ်သော တာဝန်ခံခြင်းများ ရှိအပ်သည်ကို မမေ့သင့်ကြပေ။ လူနူ ဆယ်ယောက်တို့ကို ပျောက်ကင်းစေသောအခါ တစ်ယောက်သော သူသာလျှင် ပြန်လာ၍ သခင်ယေရှုကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့လေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဂရုဏာတော် တို့ထိခြင်းကို မခံရသော လူနူ ကိုးယောက်တို့၏ ကျေးဇူးမတင် တတ်သော သဘောမျိုး မရှိစေရန် ဆင်ခြင်ကြရမည်။CCB1 329.2
မကျရောက်ခင်က၊ ကျရောက်လာမည့် မကောင်းမှုများကို စဉ်းစားဆင်ခြင်၍ စိတ်မချမ်းမသာ မဖြစ်စေရ။ သို့ဖြစ်ခြင်းသည် ဉာဏ်ပညာမဲ့၍ ခရစ်ယာန်နှင့် လုံးဝ မတူချေ။ ဤကဲ့သို့ စိတ်သဘောမျိုး ရှိခြင်းဖြင့် ကောင်းကြီးမင်္ဂလာများကို မခံစားရသည့် အပြင် ပစ္စုပ္ပန် အခြေအနေကိုလည်း တိုးပွားစေရန် ဟန့်တားထားသည် နှင့် တူလေသည်။ ဘုရားသခင်သည် ယနေ့ လုပ်ရန် တာဝန်ဝတ္တရားများကို ကျွန်ုပ်တို့ ပြုလုပ်၍ စုံစမ်း နှောင့်ယှက်ခြင်းကို ခံစားကြန် အလိုရှိလေသည်။ ယနေ့ နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း မပြစ်မှားရန် စောင့်ထိန်းရမည်။ ယနေ့ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်း၍ ဂုဏ်ပြုရမည်။ ယနေ့ အသက်ရှင်သော ယုံကြည်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ရန်သူကို နှိမ်နင်းကြရမည်။ ကိုယ်တော် ထင်ရှားခြင်း ကျွန်ုပ်တို့၌ မရှိပါက၊ ကျွန်ုပ်တို့ ရပ်တည်၍ မနေနိုင်ဟု စိတ်ပိုင်းဖြတ်ခြင်း ပြု၍ ရှာဖွေရမည်။ ယနေ့သည် ကျွန်ုပ်တို့ အသက်ရှင်ရေးအတွက် နောက်ဆုံးနေ့ အဖြစ်၊ သဘောထား၍ စောင့်မျှော်၍ အလုပ်လုပ်ကြရမည်။ သို့ဖြစ်ပါက ကျွန်ုပ်တို့၏ အသက်တာသည် မည်မျှ စိတ်စေတနာ ထက်သန်ခြင်း ရှိအံ့နည်း။ စကားပြောခြင်း၌ လည်းကောင်း၊ အပြုအမူ၌ လည်းကောင်း သခင်ယေရှုနှင့် နီးကပ်စွာ လိုက်လျှောက်လိမ့်မည် ဖြစ်၏။CCB1 330.1