Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အိမ်ထောင်တွင် အသန့်ရှင်းဆုံး အချိန်။

    ဥပုသ်စာဖြေကျောင်း နှင့် တရားဟော စည်းဝေးသည် ဥပုသ်နေ့တွင် အချိန် အနည်းငယ်သာ ကြာရှည်သော အပိုင်း ဖြစ်သည်။ ကျန်သော အချိန်သည် အိမ်ထောင်အဖို့ ဥပုသ်နေ့ တစ်နေ့လုံးတွင် အသန့်ရှင်းဆုံး နှင့် အဖိုးတန်ဆုံး အချိန်အခါ ဖြစ်စေရမည်။ ထိုအချိန်များတွင် မိဘတို့သည် အများအားဖြင့် သားသမီးတို့ နှင့်အတူ ရှိလျက် အချိန်ကို ကုန်စေအပ်သည်။ အများသော အိမ်ထောင်များတွင် ကလေးသူငယ်များကို မိမိတို့ သဘောအတိုင်း ပျော်ရွှင်နိုင်သမျှ ပျော်ရွှင်စွာ နေစေရန် ပစ်ထားတတ်ကြသည်။ ပစ်ထားလျှင်၊ ကလေးများသည် မကြာမီ အငြိမ်မနေနိုင်တော့သဖြင့် ကစားနေကြလိမ့်မည်။ သို့မဟုန် လူအများ မနှစ်သက်သော အမှုတို့ကို ပြုတတ်ကြသည်။ ထိုသို့အားဖြင့် ဥပုသ်နေ့သည် သူတို့အဖို့ သန့်ရှင်းခြင်း သဘော မသက်ဝင်ချေ။CCB1 97.1

    သာယာသော ရာသီဥတုတွင် မိဘတို့သည် မိမိတို့၏ သားသမီးများ နှင့်အတူ လယ်ပြင် နှင့် တောအုပ်ကလေးများသို့ လမ်းလျှောက်သွားကြပါစေ။ သဘာဝ၏ လှပဆန်းကျယ်သော အရာများတွင် ရောက်ရှိနေရာ၊ ဥပုသ်နေ့ကို တည်ထောင်ထားရခြင်း၏ အကြောင်းရင်းကို သူတို့အား ရှင်းလင်းဖော်ပြပါ။ ဘုရားသခင်၏ ဖန်ဆင်းတော်မူခြင်း လုပ်ငန်းကြီး အကြောင်းကို သူတို့အား ဖော်ပြပါ။ မြေကြီးသည် ဘုရားသခင်၏ လက်တော်မှ ဖြစ်ပေါ်လာသောအခါ၊ ၎င်းသည် သန့်ရှင်း၍ လှပ တင့်တယ်ကြောင်းကို သူတို့အား ပြောပြပါ။ ပန်းတိုင်း အပင်ငယ်တိုင်း၊ သစ်ပင်ကြီးတိုင်းသည် ဖန်ဆင်းရှင်၏ ရည်ရွယ်တော်မူချက်အတိုင်း အသုံးဝင်ကြ၏။ မြင်လေသမျှသော အရာ အသီးအသီးသည် လှပတင့်တယ်၍ စိတ်ထဲ၌ ဘုရားသခင်၏ မေတ္တာတော် အကြောင်း ဆင်ခြင်စေ၏။ သဘာဝ၏ ကြွေးကြော်သံတိုင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်သော အသံ ဖြစ်၏။ ဘုရားသခင်၏ စုံလင်သော လုပ်ငန်းကို ဖျက်ဆီးသော အရာသည် အပြစ်ဒုစရိုက် ဖြစ်၍ ဆူးပင်များ၊ ဝမ်းနည်းခြင်း၊ ဝေဒနာ ခံစားရခြင်း အမှုကြောင့် ဖြစ်ရသည်ကို ရှင်းလင်းပြပါ။ အပြစ်၏ ကျိန်ခြင်းကြောင့် ပျက်စီးယိုယွင်းနေသောလည်း၊ ကမ္ဘာမြေကြီးသည် ဘုရားသခင်၏ ကောင်းမြတ်ခြင်း ကရုဏာတော်ကို မည်ကဲ့သို့ ဖော်ပြထင်ရှားစေ လျက် ရှိနေသေးကြောင်းကို သူတို့အား သိမြင်စေရန် လမ်းညွှန်ပေးပါ။ စိမ်းလန်းသော လယ်ပြင်များ မြင့်မားသော သစ်ပင်ကြီးများ၊ ဝမ်းမြောက်ဖွယ် ကောင်းသော နေရောင်ခြည်၊ မိုးတိမ်များ၊ နှင်းပေါက် နှင်းစက်များ၊ ညအချိန်၏ ကြည်နူးဖွယ် ကောင်းသော တိတ်ဆိတ်ခြင်း၊ ကြယ်များနှင့် ပြည့်ဝနေသော ကောင်းကင်၏ ဘုန်းတော်၊ လှပတင့်တယ်ခြင်း ရှိသော လ မှ စသော အရာအပေါင်းတို့သည် ဖန်ဆင်းတော်မူသော အရှင်၏ အကြောင်းကို သက်သေခံလျက် ရှိကြသည်။ ဘုရားသခင်၏ သည်းခံခြင်း အကြောင်း နှင့် မေတ္တာတော် အကြောင်းကို သက်သေခံဖို့ မဟုတ်လျှင်၊ ကျေးဇူးကန်းသော ကျွန်ုပ်တို့၏ လောကပေါ်သို့ မိုးရေ တစ်စက်မျှ ကျလိမ့်မည် မဟုတ်၊ ရောင်ခြည် တစ်ဖြာမျှ သက်ရောက်လာမည် မဟုတ်။CCB1 97.2

    သူတို့အား ကယ်တင်ခြင်း ရရှိရာ လမ်းကို လည်းကောင်း၊ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူသည်” ကို လည်းကောင်း သူတို့အား ပြောပြပါ။ ယောဟန်၊ ၃: ၁၆။ ဗက်လင်မြို့ အကြောင်းနှင့် ဆိုင်သော နားထောင်ဖွယ် ကောင်းသော ပုံကလေးကို ပြောပြပါ။ သခင်ယေရှုသည် မိဘ စကားကို နားထောင်သော ကလေးသူငယ် ဖြစ်ကြောင်း၊ ကြီးပြင်းလာ၍ ပျိုရွယ်သော အချိန်တွင် အိမ်ထောင်ကို ထောက်ပံ့ရန် သစ္စာနှင့် လည်းကောင်း၊ ကြိုးစား အားထုတ်ခြင်းနှင့် လည်းကောင်း ကူညီမစခဲ့ကြောင်းတို့ကို သားသမီးများအား ပြောပြပါ။ ထိုသို့အားဖြင့် ကယ်တင်ရှင်သည် ငယ်ရွယ်သူတို့၏ စုံစမ်းနှောင့်ယှက်ခြင်း၊ ရှုပ်ထွေးခြင်း၊ သွေးဆောင်ခြင်း၊ မျှော်လင့်ခြင်း နှင့် ဝမ်းမြောက်ခြင်း အကြောင်းတို့ကို သိရှိ နားလည်တော်မူသဖြင့်၊ ကိုယ်တော်သည် သူတို့အား ထောက်ထား စာနာ၍ ကူညီနိုင်တော်မူကြောင်း သူတို့အား သင်တို့သည် သွန်သင်ပေးနိုင်သည။ သူတို့နှင့် အတူ မကြာခဏ ကျမ်းစာရာဇဝင်တွင် ပါရှိသော စိတ်ဝင်စားဖွယ် ပုံဝတ္ထုများကို ဖတ်ကြပါ။ ဥပုသ်စာဖြေကျောင်းတွင် သူတို့သည် မည်သည့်အရာကို သင်ကြားခဲ့ရကြသည်ကို မေးမြန်း၍ နောက် ဥပုသ်နေ့တွင် သင်ခန်းစာကို သူတို့ နှင့်အတူ လေ့ကျက် ဖတ်ရှုပါ။ 5 6T 358,359;CCB1 98.1

    ဥပုသ်နေ့တွင် အိမ်ထောင် တစ်ခုလုံးကို ဘုရားသခင်အား ကြည်ညိုသော စိတ်နှင့် ဆက်ကပ်ပူဇော်ရမည်။ ပညတ်တော်အတိုင်း အိမ်တံခါး အတွင်း၌ရှိ သော သူအပေါင်းတို့သည် ဥပုသ်စောင့်ရမည်။ အိမ်ထဲတွင် ရှိသော သူအပေါင်းသည် မိမိတို့၏ လောကီ လုပ်ငန်းကို ပယ်ရှား၍ ဘုရားဝတ်ပြုကိုးကွယ်ခြင်း အမှုအားဖြင့် သန့်ရှင်းသော အချိန်ကို အသုံးပြုရမည်။ ဘုရားသခင်၏ သန့်ရှင်းသော နေ့တွင် ဝမ်းမြောက်ရွှင်မြူးစွာ ကိုးကွယ်ဝတ်ပြုခြင်း အမှုအားဖြင့် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမြှောက်ရန် အိမ်သား အားလုံး စုရုံးကြပါစေ။ 62TT 185.CCB1 98.2