Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၀။—ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း၊ သခင်ခရစ်တော်။

    ကိုယ် အပြစ်တို့ကို ဖော်ပြ တောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း ပြည့်စုံတော်မူ၏။ ၁ ယော၊ ၁: ၁၉။CCB1 183.1

    ကျွန်ုပ်တို့သည် မိမိတို့ အပြစ်ကို ဖော်ပြ တောင်းပန်၍ ကိုယ်စိတ်နှလုံးကို ဘုရားသခင် ရှေ့တော်၌ နှိမ့်ချစေခြင်းငှါ ဘုရားသခင်သည် အလိုရှိတော်မူ၏။ သို့ရာတွင် ထိုအချိန်မှာပင် ကိုယ်တော်ကို ယုံကြည် အားကိုးသော သူကို စွန့်ပစ်တော် မမူဘဲ နူးညံ့ သိမ်မွေ့တော်မူသော ခမည်းတော်ကဲ့သို့ ဘုရားသခင်၌ ကျွန်ုပ်တို့သည် အားကိုး ယုံကြည်ရမည်။ အများသော သူတို့သည် ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ အမြင်အားဖြင့် လျှောက်သွားနေကြသည်။ ကျွန်ုပ်တို့သည် မြင်သော အရာတို့ကို ယုံကြည်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဖော်ပြထားသော အဖိုးထိုက်သော ဂတိတော်တို့ကို မနှစ်သက်ကြချေ။ ၎င်းပြင် ဘုရားသခင် မိန့်တော်မူသော စကားတော်ကို မယုံကြည်ကြောင်းကို ပြလျက်၊ ထာဝရဘုရားသည် ကျွန်ုပ်တို့၌ စိတ်ဝင်စားခြင်း ရှိသလော သို့မဟုတ် ကျွန်ုပ်တို့ကို လှည့်ဖြားနေသလောဟု မေးမြန်းခြင်းထက် သာ၍ သေချာစွာ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ရှုတ်ချခြင်း မပြုနိုင်ကြသေးပါ။CCB1 183.2

    ကျွန်ုပ်တို့၏ အပြစ်များကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို စွန့်ပစ်တော် မမူပါ။ ကျွန်ုပ်တို့သည် အမှားကို ပြုလျက် သန့်ရှင်းသော ဝိညာဉ်တော်ကိုစိတ်နာစေကြလိမ့်မည်၊ သို့သော် ကျွန်ုပ်တို့သည် နောင်တရ၍ ဘုရားသခင်ထံသို့ ကြေကွဲသော စိတ်နှလုံးနှင့် လာကြလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်မခံဘဲ နေတော်မမူ။ ပယ်ရှားရန် တားဆီးခြင်း အမှုများ ရှိသည်။ မှားသော ထင်မြင်ချက်ကို မွေးမြူကြပြီ။ ၎င်းပြင် မာနကြီးခြင်း၊ ကိုယ်ကိုကိုယ် အထင်ကြီးခြင်း၊ သည်းမခံခြင်း နှင့် ညည်းညူခြင်းများ ရှိကြပြီ။ ဤအရာ အားလုံးသည် ကျွန်ုပ်တို့အား ဘုရားသခင်ထံမှ ခွဲခွါထားကြ၏။ အပြစ်များကို ဖော်ပြ ဝန်ချရမည်၊ စိတ်နှလုံးထဲ၌ ကျေးဇူးတော်၏ ပြုပြင်ခြင်းကို များစွာ ခံ ယူရမည်။ အားနည်း၍ စိတ်ပျက်နေသော သူသည် ဘုရားသခင်၏ ခွန်အားကြီးသော သူ ဖြစ်လာ၍ သခင်ဘုရားအတွက် မြင့်မြတ်သော အမှုကို ပြုလုပ်နိုင်လိမ့်မည်။ သို့သော် သူတို့သည် မြင့်မြတ်သော အခြေအနေက စ၍ လုပ်ဆောင်ရကြမည်။ ကိုယ်ကျိုး ရှာတတ်သော သဘော မပါရှိရချေ။CCB1 183.3

    ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ ကျောင်းတွင် သင်ကြားရကြမည်။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်း မှတစ်ပါး အဘယ်အရာကမျှ ကျွန်ုပ်တို့အား ပဋိညာဉ်နှင့် ဆိုင်သော ကျေးဇူးတော်၏ကောင်းကြီးမင်္ဂလာ တစ်စုံတစ်ခုကိုမျှ မပေးနိုင်ချေ။ ကျွန်ုပ်တို့သည် ဤကောင်းကြီးမင်္ဂလာတို့ကို ကြာမြင့်စွာကပင် အလိုရှိလျက် ရယူရန် ကြိုးစားခဲ့ကြပြီ၊ သို့သော် မရရှိကြ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှင့် ထိုက်တန်အောင် ကျွန်ုပ်တို့သည် တစ်စုံတစ်ခု ပြုလုပ်နိုင်သည် ဟူသော ထင်မြင်ချက် တည်ရှိနေသေးသောကြောင့် ဖြစ်သည်။ သခင်ယေရှုသည် အသက်ရှင်သော ကယ်တင်ရှင်ဟု ယုံကြည်လျက် ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်မှ အဝေးသို့ မကြည့်ဘဲ နေခဲ့ကြပြီ။ ကျွန်ုပ်တို့ ကိုယ်တိုင်၏ ကောင်းမြတ်ခြင်း နှင့် ကုသိုလ်ကောင်းမှုသည် ကျွန်ုပ်တို့ကို ကယ်တင်လိမ့်မည်ဟု ကျွန်ုပ်တို့သည် မထင်အပ်ပါ။ သခင်ခရစ်တော်၏ ကျေးဇူးတော်သာလျှင် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်စရာ အကြောင်း ဖြစ်သည်။ ထာဝရဘုရားသည် မိမိ၏ ပရောဖက်အားဖြင့် ဤကဲ့သို့ ဂတိထားတော်မူ၏။ “ဆိုးသော သူသည် မိမိ လမ်းကို လည်းကောင်း၊ မတရားသော သူသည် မိမိ အကြံအစည်ကို လည်းကောင်း စွန့်ပစ်၍၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။” ဟေရှာယ၊ ၅၅: ၇။ ကျွန်ုပ်တို့သည် ပွင့်လင်းသော ဂတိတော်ကို ယုံကြည်ရကြမည်။ ယုံကြည်ခြင်းအတွက် စိတ်ထင်မြင်ချက်ကို လက်မခံရ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို လုံးလုံး ယုံကြည် အားကိုးသောအခါ၊ အပြစ် လွှတ်တော်မူသော ကယ်တင်ရှင် အဖြစ်နှင့် သခင်ယေရှု၏ ကုသိုလ်တော်ကို အားကိုးသောအခါ၊ ကျွန်ုပ်တို့ အလိုရှိနိုင်သော အကူအညီ ရှိသမျှကို ရရှိကြလိမ့်မည်။CCB1 184.1

    ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်ကို ကယ်တင်နိုင်သကဲ့သို့ မိမိတို့ ကိုယ်ကို ကြည့်နေကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဤသို့ ပြုရန် အားကိုးရာမဲ့ ဖြစ် သောကြောင့်၊ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် အသေခံတော်မူ၏။ ကိုယ်တော်၌ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း၊ ကျွန်ုပ်တို့၏ ဖြောင့်မတ်ရာ၌ တည်စေခြင်း နှင့် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း တည်ရှိ၏။ ကျွန်ုပ်တို့၌ ကယ်တင်ရှင် မရှိ သို့မဟုတ် ကိုယ်တော်သည် ကျွန်ုပ်တို့ အပေါ်၌ ဂရုဏာ ရှိတော်မမူဟု ကျွန်ုပ်တို့သည် စိတ်ပျက်၍ စိုးရိမ်နေစရာ မရှိ။ ဤအချိန်၌ပင် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မိမိ၏ အမှုကို ဆောင်ရွက်နေတော်မူလျက်၊ အားကိုးရာမဲ့သော အခြေအနေ၌ပင် ကိုယ်တော်ထံသို့ လာ၍ ကယ်ဆယ်ခြင်း ခံယူရန် ခေါ်ဖိတ်လျက် နေတော်မူ၏။ ကျွန်ုပ်တို့သည် မယုံကြည်ခြင်းဖြင့် ကိုယ်တော်ကို ရှုတ်ချကြ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အကောင်းဆုံး မိတ်ဆွေကြီးအား မည်ကဲ့သို့ ပြုမူကြသည်ကို လည်းကောင်း၊ ကျွန်ုပ်တို့အား အစွမ်းကုန် ကယ်တင်နိုင်တော်မူ၍ မိမိ မဟာ မေတ္တာတော်၏ သက်သေ ရှိသမျှကို ကျွန်ုပ်တို့အား ဖော်ပြတော်မူသော ကိုယ်တော်၌ ကျွန်ုပ်တို့သည် မည်မျှ ယုံကြည် အားနည်းကြောင်းကို လည်းကောင်း သိရှိရသည်မှာ အံ့သြဖွယ် ကောင်းပေသည်။CCB1 184.2

    ကျွန်ုပ်၏ ညီအစ်ကို၊ ကယ်တင်နိုင်သော တန်ခိုးကို သင်သည် မယုံကြည်မီ သင်သည် အပြစ်နှင့် လွတ်ကင်းရမည်ဟု ထင်မှတ်လျက်၊ သင်၏ ကုသိုလ်ကောင်းမှုအားဖြင့် သင်သည် ဘုရားသခင် ရှေ့တော်၌ မျက်နှာရလိမ့်မည်ဟု သင်သည် မျှော်လင့်နေသလော။ သင်၏ စိတ်ထဲ၌ ဤကဲ့သို့ တိုက်လှန်ခြင်း ဖြစ်နေလျှင်၊ သင်သည် ခွန်အားကို မရဘဲ၊ အဆုံး၌ စိတ်ပျက်လိမ့်မည်ဟု ကျွန်ုပ် စိုးရိမ်ပါသည်။CCB1 185.1

    တောထဲ၌ ပုန်ကန်သော ဣသရေလ လူတို့အား အဆိပ်ရှိသော မြွေကိုက်စေဖို့ ထာဝရဘုရားက ခွင့်ပြုတော်မူသောအခါ၊ မောရှေအား ကြွေးဝါ မြွေရုပ်ကို မြှောက်ထားလျက် အကိုက်ခံရသော သူတို့အား ၎င်းကို ကြည့်၍ အသက်ရှင်စေဖို့ ပြောလော့ဟု မှာထားတော်မူ၏။ သို့ရာတွင် များစွာသော သူတို့သည် ကောင်းကင်မှ စီမံထားသော ကုသနည်းအားဖြင့် အကူအညီ မရရှိကြ။ သေနေသူ နှင့် သေလုနီးပါး ဖြစ်နေသော သူတို့သည် မိမိတို့ ပတ်လည်၌ ရှိနေကြ၏။ ၎င်းပြင် ဘုရားသခင်၏ အကူအညီကို မရလျှင် သူတို့သည် အမှန် သေဆုံးရကြမည်ကို သိရှိကြ၏။ သို့သော် သူတို့သည် ချက်ချင်း ချမ်းသာ ခွင့်ကို ရနိုင်သော အခါတွင်၊ သူတို့၏ ခွန်အားသည် ကုန်ခန်း၍ မျက်စိများသည် မှုန်ပြာလာသည်တိုင်အောင် သူတို့၏ အနာ၊ ဝေဒနာနှင့် အမှန် သေရခြင်းအတွက် ငိုကြွေးမြည်တမ်းနေကြ၏။CCB1 185.2

    မောရှေသည် တော၌ မြွေကို မြှောက်ထားသကဲ့သို့၊ ကိုယ်တော်ကို ယုံကြည်သော သူ ရှိသမျှတို့သည် ပျက်စီးခြင်းသို့ မရောက် ထာဝရအသက်ကို ရစေခြင်းငှါ၊ လူသားသည် မြှောက်ထားခြင်းကို ခံရ၏။ သင်သည် သင်၏ အပြစ်များကို သိမြင်လျှင်၊ ၎င်းအပြစ်များအတွက် သင်၏ စွမ်းအား ရှိသမျှ ငိုကြွေးနေခြင်းဖြင့် မကုန်ခန်းစေဘဲ မျှော်ကြည့်၍ အသက်ရှင်လော့။ သခင်ယေရှုသာလျှင် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်တော်မူ၏။ ချမ်းသာခြင်းသို့ ရောက်သင့်သော သန်းပေါင်းများစွာသော သူတို့သည် ကိုယ်တော် ပေးတော်မူသော ကရုဏာတော်ကို ငြင်းပယ်ကြသော်လည်း၊ ကိုယ်တော်၏ ကုသိုလ်ကောင်းမှုကို ယုံကြည်သော သူ တစ်ယောက်မျှ ပျက်စီးခြင်းသို့ ရောက်စေရန် ပစ်ထားခြင်း ခံရကြမည် မဟုတ်။ သခင်ခရစ်တော် မပါဘဲ အားကိုးရာမဲ့ ဖြစ်နေသော အခြေအနေကို ကျွန်ုပ်တို့သည် သိမြင်လာသောအခါ၊ ကျွန်ုပ်တို့သည် စိတ်ပျက်မနေရကြ။ ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း ခံရ၍ ထမြောက်တော်မူသော ကယ်တင်ရှင်ကို အားကိုးရကြမည်။ ဆင်းရဲ၊ အပြစ် နှင့် ဖျားနာ၍ စိတ်ပျက်နေသော ဝိညာဉ်၌၊ မျှော်ကြည့်၍အသက်ရှင်လော့။ သခင်ယေရှုသည် ဂတိထားတော်မူပြီ။ ကိုယ်တော်ထံ လာသော သူတို့ကို ကိုယ်တော်သည် ကယ်တင်တော်မူမည်။CCB1 186.1

    သခင်ယေရှုထံ လာ၍ ငြိမ်သက်ခြင်း ချမ်းသာကို ခံယူလော့။ သင်သည် ယခုပင် ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်၊ သင်သည် အားကိုးရာမဲ့ ဖြစ်၍ သင့် ကိုယ်တိုင် သင့်ကို ကောင်းကြီး မပေးနိုင်ဟု စာတန်က အကြံပေးလိမ့်မည်။ မှန်ပေသည်။ သင်သည် အားကိုးရာမဲ့ ဖြစ်နေ၏။ သို့ရာတွင် သူ့ရှေ့၌ သခင်ယေရှုကို မြှောက်ထားပြီးလျှင်၊ “ငါ၌ ထမြောက်တော်မူသော ကယ်တင်ရှင် ရှိ၏။ ကိုယ်တော်ကို ငါယုံကြည်သည်၊ ငါ့အား ရှုပ်ထွေးသွားစေရန် ကိုယ်တော်က မည်သည့်အခါမျှ ခွင့်ပြုတော်မမူ။ ကိုယ်တော်၏ နာမတော်၌ ငါအောင်မြင်၏။ ကိုယ်တော်သည် ငါ၏ ဖြောင့်မတ်ခြင်း၊ ငါ၏ ဝမ်းမြောက်ခြင်း သရဖူ ဖြစ်တော်မူ၏” ဟု ပြောပြလော့။ မိမိ၏ အခြေအနေသည် မျှော်လင့်ရာမဲ့ ဖြစ်သည်ဟု မည်သူမျှ မထင်မှတ်ပါစေနှင့်။ အကြောင်းကား၊ ထိုသို့ မဖြစ်ပါ။ သင်သည် အပြစ် ရှိသဖြင့် ဘာမျှ မပြုလုပ်နိုင်သည်ကို သင် မြင်ရလိမ့်မည်၊ သို့ရာတွင် ဤ အကြောင်းကြောင့်ပင် သင်သည် ကယ်တင်ရှင်ကို အလိုရှိနေသည်။ သင်၌ ဖော်ပြ ဝန်ချရန် အပြစ် ရှိနေလျှင် အချိန် မဖြုန်းပါနှင့်။ ဤအချိန်သည် အဖိုးထိုက်တန်၏။ “ကိုယ် အပြစ်ကို ဖော်ပြ တောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရာသခင်သည် သစ္စာတားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း၊ ပြည့်စုံတော်မူ၏။” ၁ ယောဟန်၊ ၁: ၉။ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်မွတ်သော သူတို့သည် ဝပြောခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကား၊ သခင်ယေရှုက ထိုသို့ ဂတိထားတော်မူ၏။ အဖိုးထိုက်သော ကယ်တင်ရှင်ပါတကား။ ကျွန်ုပ်တို့ကို လက်ခံရန် ကိုယ်တော်၏ လက်များကို ဖွင့်ထားတော်မူ၏။ မေတ္တာနှင့် ပြည့်ဝသော ကိုယ်တော်၏ ကြီးမြတ်သော နှလုံးတော်သည် ကျွန်ုပ်တို့ကို ကောင်းကြီးပေးရန် စောင့်နေတော်မူ၏။CCB1 186.2

    အချို့တို့က သူတို့သည် စုံစမ်းခြင်း ခံနေရကြလျက် ကိုယ်တော်ထံမှ ကောင်းကြီးမင်္ဂလာကို မတောင်းမီ မိမိတို့သည် ပြုပြင် ပြောင်းလဲခြင်း ရှိကြကြောင်း ထာဝရဘုရားအား သက်သေပြရမည်ဟု ထင်မှတ်နေကြသည်။ သို့သော် ဤသူတို့သည် ယခုပင် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာကို တောင်းဆိုနိုင်ကြသည်။ သူတို့၏ အားနည်းခြင်း အဖြစ်ကို ကူညီရန် သူတို့၌ ကိုယ်တော်၏ ကျေးဇူးတော်၊ သခင်ခရစ်တော်၏ ဝိညာဉ်တော်ကို ရရှိထားရကြမည်၊ သို့မဟုတ်သူတို့၌ ခရစ်ယာန် အကျင့်စာရိတ္တကို မဖြစ်ပွားစေနိုင်။ ကျွန်ုပ်တို့သည် အပြစ် ရှိ၍ အားကိုးရာမဲ့ ဖြစ်လျက် မှီခိုနေလိုသော အချိန်အခါမှာပင်၊ မိမိ၌ ရှိနေသော အခြေအနေမျိုးနှင့်ပင် ကိုယ်တော်ထံ ချဉ်းကပ်စေဖို့ သခင်ယေရှုသည် နှစ်တော်တော်မူ၏။CCB1 187.1

    နောင်တရခြင်း နှင့်တကွ အပြစ်လွှတ်ခြင်းသည် သခင်ခရစ်တော်အားဖြင့် ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ ပြုပြင်ခြင်း တန်ခိုးအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ကို မြင်လာလျက် အပြစ်လွှတ်ခြင်း ခံရဖို့ လိုကြောင့် သိမြင်လာကြ၏။ စိတ်နှလုံး ကြေကွဲခြင်း ရှိသော သူသာလျှင် အပြစ်လွှတ်ခြင်း ခံရမည်။ သို့ရာတွင် နောင်တရရန် စိတ်နှ လုံးကို ပြုပြင်သော အရာကား ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အားနည်းခြင်း၊ မကျန်းမာခြင်း အဖြစ်ကို သိကျွမ်း၍ ကျွန်ုပ်တို့ကို ကူညီတော်မူမည်။CCB1 187.2

    နောင်တရခြင်း၊ အပြစ်ကို ဖော်ပြဝန်ချခြင်းဖြင့် ဘုရားသခင်ထံသို့ လာ၍ မိမိ၏ အပြစ်များကို လွှတ်တော်မူ ကြောင်းကိုပင် ယုံကြည်သော သူ အချို့တို့သည် ဘုရားသခင်၏ ဂတိတော်များကို တောင်းခံသင့်သည်အတိုင်း မတောင်းခံကြသေး။ သခင်ယေရှုသည် အမြဲ တည်ရှိတော်မူသော ကယ်တင်ရှင် ဖြစ်ကြောင်းကို သူတို့သည် မသိမြင်ကြ။ ၎င်းပြင် သူတို့၏ စိတ်နှလုံးထဲ၌ ကျေးဇူးတော်၏ ပြုပြင်ခြင်း အမှုကို စုံလင်စွာ ပြုစေရန် ကိုယ်တော်ကို အားကိုးလျက် မိမိတို့၏ စိတ်ဝိညာဉ်ကို ကိုယ်တော်အား အပ်ထားရန် သူတို့သည် အသင့် မရှိကြ။ သူတို့သည် မိမိတို့ ကိုယ်ကို ဘုရားသခင်အား ဆက်ကပ်ထားကြသည်ဟု ထင်နေကြသော်လည်း၊ သူတို့သည် မိမိတို့ ကိုယ်ကို များစွာ အားကိုးလျက် ရှိနေကြသေး၏။ ဘုရားသခင်ကို တစ်ဝက် ယုံကြည်လျက် မိမိကိုယ်ကို တစ်ဝက် ယုံကြည်နေသော ဝိညာည်များ ရှိသေးသည်။ တန်ခိုးတော်အားဖြင့် စောင့်ရှောက်ခြင်း ခံရရန် သူတို့သည် ဘုရားသခင်ကို မကြည့်ကြဘဲ၊ စုံစမ်းခြင်းကို ခုခံရန် စောင့်နေခြင်း အမှုကို အားကိုးနေကြလျက်၊ ဘုရားသခင် လက်ခံတော်မူစေရန် အချို့သော တာဝန်များကို ဆောင်ရွက်နေကြသည်။ ထိုသို့သော် သူတို့သည် အကျိုးမရှိဘဲ ဆောင်ရွက်နေကြသည်။ သူတို့၏ စိတ်ဝိညာဉ်သည် အမြဲ ချည်နှောင်ခံနေရကြ၍၊ သူတို့၏ ဝန်ထုပ်များကို သခင်ယေရှု၏ ခြေတော်ရင်း၌ ချမထားမီတိုင်အောင် ငြိမ်ဝပ်ခြင်း ချမ်းသာကို မရကြ။CCB1 188.1

    အမြဲ စောင့်ကြည့်နေခြင်း၊ စိတ်ပါစွာ ဘုရားဝတ်၌ မွေ့လျော်ခြင်းရှိဖို့ လိုပေသည်။ သို့ရာတွင် ဝိညာဉ်သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်၏ စောင့်ရှောက်ခြင်းကို ခံနေရသောအခါ၊ ဤအရာတို့သည် အလိုအလျောက် ဖြစ်ပေါ်လာကြ၏။ ကျွန်ုပ်တို့သည် ဘုရားသခင် ရှေ့တော်၌ မျက်နှာရခြင်းငှါ ဘာမျှ မပြုလုပ်နိုင်၊ လုံးလုံး ဘာမျှ မပြုလုပ်နိုင်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကိုယ်တိုင်ကို လည်းကောင်း၊ ကျွန်ုပ်တို့၏ ကောင်းမှုတို့ကို လည်းကောင်း အလုံးစုံ အားမကိုးရကြချေ။ သို့ရာတွင် အပြစ် ပြုလျက် မှားယွင်းလျက် နေစဉ်၊ ကျွန်ုပ် တို့သည် သခင်ခရစ်တော်ထံ လာကြသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏ မေတ္တာ၌ ချမ်းသာခြင်းကို တွေ့ရကြမည်။ လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း ခံရသော ကယ်တင်ရှင်၏ ကုသိုလ်ကောင်းမှုကို လုံးလုံး အားကိုးလျက် ကိုယ်တော်ထံသို့ လာသော သူတိုင်းကို ဘုရားသခင်သည် လက်ခံတော်မူမည်။ မေတ္တာသည် စိတ်နှလုံးထဲက ဖြစ်ပေါ်လာ၏။ အလွန်အကျူး စိတ်ဝင်စားသော သဘောမရှိ၊ သို့ရာတွင် အမြဲသဖြင့် ငြိမ်သက်သော အားကိုး ယုံကြည်ခြင်း ရှိ၏။ ဝန်ထုပ် ရှိသမျှသည် ပေါ့သွား၏။ အကြောင်းမူကား သခင်ခရစ်တော် ပေးတော်မူသော ထမ်းပိုးသည် ထမ်းလွယ်၏။ အလုပ်ဝတ္တရားသည် ပျော်မွေ့ဖွယ် ဖြစ်လာ၍ ဆက်ကပ် ပူဇော်ခြင်းသည် ပျော်ရွှင်စရာ ဖြစ်လာ၏။ အရင်က မှောင်မိုက် ဖုံးလွမ်းနေသည်ဟု ထင်ရသော လမ်းသည် ဖြောင့်မတ်ခြင်းတရား နေမင်းထံမှ ရောင်ခြည်အားဖြင့် ထွန်းတောက်လျက် ရှိ၏။ ဤအရာသည် အလင်းတွင် သခင်ခရစ်တော် တည်ရှိတော်မူသကဲ့သို့ အလင်းတွင် လျှောက်ခြင်း ဖြစ်၏။1T T 91-95.CCB1 188.2