Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျွန်အပေါင်းတို့၏ ကျွန်။

    တပည့်တော်တို့သည် ညစာ ကျင်းပရာ အခန်းထဲသို့ ဝင်လာကြသောအခါ၊ သူတို့၏ စိတ်နှလုံးသည် နာကြည်း၍ မခံနိုင်သော သဘောနှင့် ပြည့်နေကြ၏။ ယုဒသည် သခင်ခရစ်တော်၏ လက်ဝဲတော်ဘက်သို့ တိုးဝင်ချဉ်းကပ်၍ ယောဟန်သည် လက်ယာတော်ဘက်သို့ ချဉ်းကပ်၏။ အမြင့်ဆုံးသော နေရာ တစ်စုံတစ်ခု ရှိခဲ့လျှင်၊ ယုဒသည် ထိုနေရာကိုယူရန် စိတ်ပြဋ္ဌာန်း၏။ ၎င်းပြင် ထိုနေရာသည် သခင်ခရစ်တော် နောက် အမြတ်ဆုံး နေရာဟု ထင်မှတ်၏။ ၎င်းပြင် ယုဒသည် သစ္စာဖောက်သော သူ ဖြစ်၏။CCB1 341.1

    စိတ်ဝမ်းကွဲပြားခြင်း၏ အခြား အကြောင်းရင်း တစ်ခုသည် ပေါ်လာခဲ့ပြန်၏။ စားသောက်ပွဲ၌ ကျွန် တစ်ယောက်သည် ဧည့်သည်တို့၏ ခြေကို ဆေးကြောပေးရသော ထုံးစံ ရှိသဖြင့်၊ ဤအချိန်အခါအတွက်လည်း ထိုသို့ ပြုလုပ်ရန် ပြင်ဆင်ထား၏။ ရေအိုး၊ အင်တုံ နှင့် ခြေသုတ်ပုဝါများသည် ခြေဆေး မင်္ဂလာအတွက် ထိုနေရာတွင် အသင့်ရှိ၏။ သို့ရာတွင် ကျွန် တစ်ယောက်မျှ မရှိသဖြင့် တပည့်တော်တို့၌ ထိုအမှုကို ဆောင်ရွက်ရန် တာဝန်ရှိ၏။ သို့သော တပည့်တော် အသီးအသီးတို့သည် နာကြည်းသော မာနရှိသဖြင့် ကျွန်၏ တာဝန်ကို မဆောင်ရွက်ရန် စိတ်ပြဋ္ဌာန်းထားကြ၏။ အားလုံးတို့သည် မဆိုင်သကဲ့သို့ အမှုမဲ့အမှတ်မဲ့ နေကြလျက် မိမိတို့ ပြုလုပ်ရန် ကိစ္စ တစ်စုံတစ်ခုမျှ မရှိဟု မသိမသာ ထင်မှတ်နေကြ၏။ သူတို့သည် တိတ်ဆိတ်စွာ နေကြခြင်းဖြင့်၊ မိမိတို့ ကိုယ်ကိုနှိမ့်ချဖို့ရန် ငြင်းပယ်နေကြ၏။CCB1 341.2

    တပည့်တော်တို့သည် တစ်ယောက်ကို တစ်ယောက် အစေခံခြင်းအတွက် ဘာမျှ မပြုလုပ်ဘဲ နေကြ၏။ သူတို့သည် မည်ကဲ့သို့ ပြုကြမည်နည်းဟု သိမြင်ရန် သခင်ယေရှုသည် အနည်းငယ်ကြာ စောင့်ကြည့်နေတော်မူ၏။ ထိုနောက် ဓမ္မဆရာတော်ကြီး ဖြစ်တော်မူသော ကိုယ်တော်သည် စားပွဲမှ ထတော်မူ၏။ ကိုယ်တော်၏ လှုပ်ရှားခြင်းကို အနှောင့်အယှက် ဖြစ်စေမည့် အပေါ်ရုံ ဝတ်လုံကို ချွတ်တော်မူပြီးနောက်၊ ခြေသုတ်ပုဝါကို ယူလျက် မိမိ၏ ခါးတွင် ပတ်စည်းတော်မူ၏။ တပည့်တော်တို့သည် အံ့သြ စိတ်ဝင်စားခြင်းနှင့် ကြည့်လျက် နောက်တစ်ဖန် မည်ကဲ့သို့ ပြုလိမ့်ဦးမည်နည်းဟု သိမြင်ရန် စောင့်နေကြ၏။ “ထိုနောက်မှ ရေကို အင်တုံ၌ လောင်း၍ တပည့်တော်တို့၏ ခြေကို ဆေးပြီးမှ ခါး၌ စည်းသော ပုဝါနှင့် သုတ်တော်မူ၏။” ဤအပြုအမူကြောင့် တပည့်တော်တို့သည် မျက်စိ ပွင့်လင်းလာကြ၏။ သူတို့၏ စိတ်နှလုံးသည် အလွန် ရှက်ကြောက်ခြင်း၊ နှိမ့်ချခြင်း သဘောနှင့် ပြည့်လာကြ၏။ သူတို့သည် နှုတ်အားဖြင့် ဖော်မပြသော ဆုံးမခြင်းကို သိနားလည်လာကြသဖြင့်၊ သူတို့ ကိုယ်တိုင် အသစ်သော အလင်းတရားကို မြင်လာကြလေ၏။CCB1 342.1

    ထိုသို့အားဖြင့် သခင်ခရစ်တော်သည် မိမိ၏ တပည့်တော်တို့ အပေါ်၌ ထားတော်မူသော မိမိ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြတော်မူ၏။ သူတို့၏ ကိုယ်ကျိုးရှာသော သဘောသည် ဝမ်းနည်းခြင်းနှင့် ပြည့်ဝနေ၏။ သို့သော် သူတို့၏ အခက်အခဲနှင့် စပ်ဆိုင်၍ ကိုယ်တော်သည် သူတို့နှင့် အပြန်အလှန် ပြောဆိုခြင်းကို ပြုတော်မမူ။ ထိုသို့ပြုရမည့်အစား သူတို့ ဘယ်အခါမျှ မမေ့နိုင်သော ပုံသက်သေကို ကိုယ်တော်သည် သူတို့အား ဖော်ပြတော်မူ၏။ သူတို့အတွက် ကိုယ်တော်၏ မေတ္တာတော်သည် အလွယ်တကူ ပျက်စီးပျောက်ကွယ် မသွားချေ။ ခမည်းတော်သည် မိမိ၏ လက်တော်ထဲသို့ ခပ်သိမ်းသော အရာတို့ကို ပေးတော်မူသည်ကို လည်းကောင်း၊ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ကြွလာ၍ ဘုရားသခင်ထံ ကြွသွားတော်မူရသည်ကို ကိုယ်တော်သည် သိရှိတော်မူ၏။ မိမိသည် ဘုရားဇာတိနှင့် ပြည့်စုံတော်မူကြောင်းကို ကိုယ်တော်သည် အပြည့်အစုံ သိနားလည်တော်မူ၏။ သို့ရာတွင် ကိုယ်တော်သည် မိမိ၏ ရာဇသရဖူ နှင့် ဝတ်လုံတော်ကို ချွတ်ပယ်ထားပြီးလျှင် အစေခံကျွန်၏ ပုံသဏ္ဍာန်ကို ဆောင်ယူတော်မူ၏။ မြေကြီးပေါ်၌ ကိုယ်တော်၏ အသက်တာတွင် နောက်ဆုံး ပြုတော်မူသော အမှုတစ်ခုမှာ မိမိ ကိုယ်တော်တိုင် အစေခံ အဖြစ် နှင့် ခါးစည်းကို စည်းလျက် အစေခံကျွန်၏ တာဝန်ကို ဆောင်ရွက်ခြင်း အမှုပင် ဖြစ်သည်။CCB1 342.2

    ကိုယ်တော်သည် တပည့်တော်တို့၏ ခြေကို ဆေးကြောတော်မူသောလည်း၊ ဤအမှုသည် ကိုယ်တော်၏ ဘုရားဇာတိကို အနည်းငယ်မျှ ယုတ်လျော့သွားစေမည် မဟုတ်ကြောင်းကို သခင်ခရစ်တော်က တပည့်တော်တို့အား သိရှိနားလည်စေခြင်းငှါ အလိုရှိတော်မူ၏။ “သင်တို့သည် ငါ့ကို အရှင်ဘုရား ဟူ၍ လည်းကောင်း၊ သခင် ဟူ၍ လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားလည်း ဟုတ်မှန်သော စကား ဖြစ်၏။ အကြောင်းမူကား၊ သင်တို့ ခေါ်ကြသည်အတိုင်း ငါမှန်၏။” ၎င်းပြင် အကန့်အသတ် မရှိ အလွန် ကြီးမြတ်တော်မူသော ပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့်၊ ကိုယ်တော်သည် ထိုအမှုကိစ္စတွင် ဂုဏ်အသရေ ရှိစေလျက် အဓိပ္ပါယ်ကို လေးနက်စေတော်မူ၏။ မည်သူမျှ သခင်ခရစ်တော်လောက် မြင့်မြတ်ခြင်း မရှိကြ၊ သို့သော် ကိုယ်တော်သည် အနှိမ့်ချဆုံးသော တာဝန်ကို ဆောင်ရွက်တော်မူ၏။ ဇာတိ စိတ်နှလုံးတွင် တည်ရှိ၍ ကိုယ်ကျိုးကို ရှာခြင်းဖြင့် ခိုင်ခံ့လာသော ကိုယ်ကျိုးရှာတတ်သော စိတ်အားဖြင့် ကိုယ်တော်၏ လူတို့သည် လမ်းမှားသို့ မလိုက်မပါရကြမည် အကြောင်း၊ သခင်ခရစ်တော် ကိုယ်တော်တိုင် နှိမ့်ချခြင်း ပုံသက်သေကို ပြခဲ့တော်မူ၏။ ဤကြီးကျယ်သော အကြောင်းကြီးကို ကိုယ်တော်သည် လူတို့အား ပေးအပ်တော်မမူ။ ၎င်း၏ အကျိုးကို ကိုယ်တော်သည် အလွန် ဂရုပြုတော်မူသဖြင့်၊ ဘုရားသခင်နှင့် တူညီတော်မူသော မိမိ ကိုယ်တော်တိုင်သည် မိမိ၏ တပည့်တော်တို့အား အစေခံကျွန်ကဲ့သို့ ပြုမူတော်မူ၏။ သူတို့သည် အမြတ်ဆုံးသော နေရာအတွက် ငြင်းခုံနေကြစဉ်၊ လူတိုင်း ဒူးထောက်ရသော ကိုယ်တော်၊ ဘုန်းတန်ခိုး ရှိသော ကောင်းကင်တမန်တို့ ကိုးကွယ်ရကြသော ကိုယ်တော်သည် မိမိအား အရှင်ဘုရားဟု ခေါ်သော သူတို့၏ ခြေကို ဆေးကြောရန် မိမိ ကိုယ်ကို ညွတ်တော်မူ၏။ ကိုယ်တော်သည် မိမိကို အပ်နှံမည့် သူ၏ ခြေကို ဆေးတော်မူ၏။CCB1 343.1

    ယခု တပည့်တော်တို့၏ ခြေကို ဆေးတော်မူပြီးနောက်၊ ကိုယ်တော်က၊ “ငါသည် သင်တို့၌ ပြုသကဲ့သို့ သင်တို့သည် ပြုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ” ဟု မိန့်တော်မူ၏။ (ယော၊ ၁၃: ၁၅။) ဤစကားများ၌ သခင်ခရစ်တော်သည် ဧည့်ဝတ်ပြခြင်း အကျင့်ဓလေ့ကိုသာ မိန့်မှာတော်မူသည် မဟုတ်။ ဧည့် သည်တို့၏ ခြေမှ ဖုန်များကို ပယ်ရှားရန် ဆေးကြောခြင်းထက် သာ၍ လေးနက်သော အဓိပ္ပါယ်ကို ဆိုလိုတော်မူ၏။ သခင်ခရစ်တော်သည် ဤနေရာ၌ ဘာသာရေးနှင့် ဆိုင်သော အမှုတစ်ခုကို တည်ထားခဲ့တော်မူ၏။ ကျွန်ုပ်တို့၏ သခင်ဘုရားသည် ဤသို့ ပြုတော်မူခြင်းဖြင့် ဤနှိမ့်ချခြင်း အမှုသည် ကိုယ်ကို ဆက်ကပ်ခြင်း မင်္ဂလာ ဖြစ်လာ၏။ တပည့်တော်တို့သည် နှိမ့်ချခြင်း နှင့် သူတစ်ပါး၏ အစေခံခြင်း အကြောင်းကို စိတ်ထဲ၌ အမြဲ မှတ်မိမည် အကြောင်း၊ သူတို့သည် ဤအမှုကို အမြဲ စောင့်ရှောက်လိုက်နာရကြမည်။CCB1 343.2