Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဖြစ်နိုင်ဖွယ်ရှိသောအရာများ

    ဟူဂနောက်များထွက်ပြေးသွားကြပြီးနောက် ပြင်သစ်ပြည်သည် အဘက်ဘက်မှ ယုတ်လျော့ကျဆင်းလာခဲ့ပါသည်။ ကုန်စည်ထုတ်လုပ်မှုများဖြင့် ကြီးပွားနေသောမြို့ကြီးများသည် ယိုယွင်းပျက်စီးလာခဲ့ပါသည်။ တော်လှန်ရေး ကာလအစတွင် ခန့်မှန်းချေလူမွဲ ၂၀၀,၀၀၀ တို့သည် ဘုရင်၏အမအစဖြင့် အသက်ရှင်ခဲ့ကြရသည်။ ဂျီးဇူးအစ်များသာ ယိုယွင်းနေသောထိုတိုင်းပြည်တွင် လူနှင့်သူနှင့်တူအောင်နေထိုင်နိုင်ခဲ့ကြသည်။HFB 292.1

    အသင်းတော်ခေါင်းဆောင်များ၊ ရှင်ဘုရင်နှင့်တကွ ဥပဒေပြု ပုဂ္ဂိုလ် များအား အကြံအိုက်စေရုံသာမက အဆုံးတွင် တိုင်းပြည်ကို ပျက်စီးခြင်းထဲသို့ ပို့ဆောင်မည့် ပြဿနာများ၏အဖြေကို ဧဝံဂေလိတရားတော်က ပြင်သစ်ပြည်သို့ ယူဆောင်လာခဲ့ပါသည်။ သို့ရာတွင် ရောမ၏ လက်အောက်၌ နေထိုင်ကြရသောထိုသူများသည် အများကောင်းကျိုးအတွက် အနစ်နာခံခြင်း၊ အတ္တကင်းစွာဖြင့် မေတ္တာထားခြင်းများဆိုင်ရာ ခရစ်တော်ပေးခဲ့သော သင်ခန်းစာများကို မျက်ခြည်ပြတ်ခဲ့ကြပါသည်။ ဆင်းရဲသားများကို အနိုင်ကျင့် နေသောသူဌေးများကို ဆုံးမမည့်သူမရှိသလို ဒုက္ခတွင်းထဲမှဆင်းရဲသားများကို ကယ်မမည့်သူလည်းမရှိချေ။ ကြီးပွားချမ်းသာလိုစိတ်နှင့် အာဏာရလိုသည့် အတ္တစိတ်များသာ တစ်နေ့တခြားတိုးပွားနေကြရာ ရာစုနှစ်ပေါင်းများစွာ သူဌေးများက ဆင်းရဲသားများအပေါ် အမှားအယွင်းများရှိသလို ဆင်းရဲသားများကလည်း သူဌေးများကိုမုန်းတီးနေခဲ့ကြပါသည်။ ပြည်နယ် အတော်များများတွင်နေထိုင်ကြသော အလုပ်သမား လူတန်းစားများသည် မြေပိုင်ရှင်များ၏ ကရုဏာအောက်တွင်နေရကာ ခိုင်းသမျှလုပ်ဆောင်ခဲ့ကြရသည်။ လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစား များမှာမူ အာဏာပိုင်များ၏ ကြီးလေးသောအခွန်အကောက် တောင်းခံမှု များနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ‘‘အလုပ်သမားနှင့်လယ်သမားများသည် ၎င်းတို့အားဒုက္ခပေးသူများက ကျွေးသလောက်ဖြင့် မဝတဝ စားကြရသည်။ လယ်လုပ်သားများ၏ ဘဝသည်လည်း အလုပ်နှင့်လက်ပြတ်ရသည်ဟု မရှိတော့ဘဲ မနားတမ်းလုပ်ကိုင်နေကြရရာ ညည်းတွားအပြစ်တင်မိပါကလည်း ရိုင်းစိုင်းစွာဆက်ဆံခြင်းခံကြရပြန်သည်။ တရားသူကြီးများသည် တံစိုးလက်ဆောင်များကို အကြီးအကျယ်ယူကြသည်။ ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာငွေများ၏ တစ်ဝက်ပင်မရှိသောအရေအတွက်သာ ဘုရင့် ဘဏ္ဍာတော်တိုက်ထဲသို့ရောက်၍ ကျန်တစ်ဝက်ကျော်မှာ အပျော်အပါးကိစ္စ များအတွက် အသုံးပြုသုံးဖြုန်းပစ်ကြပါသည်။ ရောင်းရင်းများအား ဆင်းရဲမွဲတေစေခဲ့သည့် ထိုသူများသည် မိမိကိုယ်တိုင်အတွက်မူ အခွန်ကင်းလွတ်ခွင့်ရအောင် လုပ်ဆောင်ကြပြီး နိုင်ငံတော်မှခန့်အပ်မှုများကို ဥပဒေအရသော်လည်းကောင်း၊ ဓလေ့ထုံးစံအရသော်လည်းကောင်း ခံစားခွင့် ရအောင်လုပ်ဆောင်ကြပါသည်။ ၎င်းတို့ကောင်းစားရေးအတွက် သန်းပေါင်း များစွာသောလူများသည် မျှော်လင့်ချက်မဲ့သောဘဝ၊ နိမ့်ကျသောဘဝများနှင့် ရင်ဆိုင်ကြရပါသည်။HFB 292.2

    တော်လှန်ရေးကာလမတိုင်မီ နှစ်ပေါင်း (၅၀) ကျော်အချိန်တွင် ပျင်းရိပြီး ပေါ့ပေါ့တန်တန်နေတတ်ကာ ကာမဂုဏ်ခံစားမှုလွန်ကဲသော လူးဝစ် (၁၅) နန်းတက်ခဲ့ပါသည်။ ယိုယွင်းနေသော ငွေကြေးအခြေအနေ၊ ဒေါသထွက်သော ပြည်သူများနှင့်ပြီးသော ပြင်သစ်ပြည်၏ ကြောက်မက်ဖွယ်အနာဂတ်ရေးကို တွေ့မြင်ရန် ပုရောဖက်မျက်စိပင် မလိုပါတော့ချေ။ ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း တိုက်တွန်းနေခြင်းသည်လည်း အချည်းနှီးသာတည်း။ ရှင်ဘုရင်၏ အတ္တများသော အဖြေတည်းဟူသော ‘‘ငါ့နောက်မှာ ရေကြီးခြင်းဖြစ်မည်’’ ဆိုသည့်စကားတွင် ပြင်သစ်ပြည်၏ အနာဂတ်ကံကြမ္မာသည် ပုံပေါ်နေပါသည်။HFB 293.1

    အုပ်ချုပ်သူလူတန်းစားများနှင့် ပြည်သူများ၏ အသက်ဝိညာဉ်များကို ၎င်း၏အနှောင်အဖွဲ့တွင် ချုပ်နှောင်ထားရန် ရည်ရွယ်လျက် ရောမသည် ဘုရင်နှင့် အုပ်ချုပ်သူလူတန်းစားများအား ပြည်သူများကို အချုပ်အနှောင်တွင် ဆက်လက်ထားရှိရန် ဩဇာပေးခဲ့ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများထက် အဆပေါင်းများစွာဆိုးရွားစေသည့် ရောမ၏ဝါဒမှာ စိတ်ပိုင်းဆိုင်ရာနိမ့်ကျသွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို မဖတ်အောင် တားဆီးခံရပြီး အတ္တစိတ်၏စေစားခြင်း ခံနေရသော ပြည်သူများသည် အသိပညာမရှိကြတော့ဘဲ ဒုစရိုက်မှုများတွင်သာ နစ်မြုပ်ကာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းလုံးလုံးမရှိကြတော့ချေ။HFB 294.1