Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဂျရုမ်းတွေ့ရှိသည့်နောင်တစိတ်နှင့်ရဲစိတ်အသစ်

    မကြာမီတွင် သူ့အား တစ်ဖန်ခေါ်ယူစစ်ဆေး မေးမြန်းပြန်ပါသည်။ သူ၏ဝန်ခံမှု၊ အညံ့ခံမှုကို တရားသူကြီးများက မကျေနပ်ကြသေးချေ။ သမ္မာတရားကို မခြွင်းမချန်လက်လွှတ်ခြင်းအားဖြင့်သာ ဂျရုမ်းသည် ဆက်လက်အသက်ရှင်ခွင့်ကို ရရှိနိုင်စေလိမ့်မည်။ သို့သော် ဂျရုမ်းသည် မိမိ၏ ယုံကြည်ခြင်း၌သာတည်ကြည်၍ မိမိညီအစ်ကိုများ၏ မီးလောင်တိုက်ခရီးစဉ် အတိုင်း လိုက်နာရန် ဆုံးဖြတ်ချက်ချခဲ့သည်။HFB 100.1

    သူသည် မိမိ၏ယခင်ရုတ်သိမ်းမှုများကိုငြင်းဆိုကာ မိမိကိုယ်ကို ကာကွယ်ခွင့်ပေးပါရန် ဦးတိုက်လျှောက်ထားလေ၏။ စွဲဆိုချက်များအပေါ် အတည်ပြုခြင်းနှင့် ငြင်းဆိုခြင်းအနက်တစ်ခုခုကိုသာ ရွေးချယ်ရန် သူ့အား ကောင်စီများကတိုက်တွန်းရာ ထိုကဲ့သို့သောရက်စက်သည့် မတရားမှုများကို ဂျရုမ်းကန့်ကွက်ခဲ့ပါသည်။ ‘‘ခင်ဗျားတို့ဟာ ကျွန်ုပ်ကိုကြောက်လန့်စရာ ကောင်းတဲ့အကျဉ်းထောင်ထဲမှာ ရက်ပေါင်း (၃၄၀) လုံးလုံး အလုံပိတ်လှောင်ထားခဲ့ပြီးမှ ရုံးတော်ကိုထုတ်လာတယ်။ ကျွန်ုပ်ပြောတာကို တော့နားမထောင်ဘဲ ကျွန်ုပ်ရန်သူများပြောတာကိုတော့ တစ်ဖက်သတ် ယုံတယ်။ မတရားမလုပ်မိအောင် ကြိုးစားပါ။ ကျွန်ုပ်ဘဝက ဘာမှတန်ဖိုး မရှိပါဘူး။ မတရားပြစ်ဒဏ် မစီရင်ပါနဲ့လို့ တောင်းပန်နေတာက ကျွန်ုပ်အတွက် မဟုတ်ပါ။ ခင်ဗျားတို့အတွက် ဖြစ်ပါတယ်’’ ဟု သူဖွင့်ဟခဲ့ပါသည်။HFB 100.2

    ဂျရုမ်း၏ လျှောက်ထားတောင်းဆိုချက်ကို အဆုံးတွင် သဘောတူခဲ့ပြီး သူသည် တရားသူကြီးရှေ့မှောက်တွင် ဒူးထောက်လျက် သူ၏ အတွေးအခေါ် များကို ဘုရားသခင်ထိန်းချုပ်ရန် သမ္မာတရားကိုဆန့်ကျင်၍ မည်သည့်စကားကိုမျှ မပြောမိရန် ဆုတောင်းခဲ့ပါသည်။ ‘‘သင်တို့ကိုအပ်နှံ သောအခါ အဘယ်သို့ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုစကားခြင်းတွင် သင်တို့သည်ရကြလိမ့်မည်။ အကြောင်းမူကား သင်တို့အလို အလျောက် ပြောကြသည်သာမဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့်ပြောတော်မူ၏’’ ဟူသောကတိတော်သည် သူ့အတွက် ထိုနေ့တွင် ပြည့်စုံခြင်းသို့ရောက်၏။HFB 101.1

    ဂျရုမ်းသည် တစ်နှစ်ပတ်လုံးအချုပ်ခံထားရရာ စက္ခုအာရုံ ပျက်စီးကာ စာမဖတ်နိုင်သည့်အခြေသို့ရောက်သွားခဲ့ပါသည်။ သို့စေကာမူ ထိုပြဿနာ မရှိသည့်အလား သူ့တင်ပြချက်များသည် ရှင်းလင်းကောင်းမွန်လှပါသည်။ မတရားသော တရားသူကြီးများက သေဒဏ်ပေးခဲ့သည့် သန့်ရှင်းသူများစာရင်း ရှည်ကြီးကို သူဖေါ်ပြခဲ့ပါသည်။ လူသားများအားမြှင့်တင်ရန် ကြိုးစားခဲ့သူများသည် လူသားမျိုးဆက်တိုင်းမှာလိုလို အသတ်ခံခဲ့ကြရသည်။ ခရစ်တော်ကိုယ်တော်တိုင်လည်း မတရားသော တရားသူကြီးများ၏ တရားရုံးတွင် ရာဇဝတ်သားတစ်ဦးကဲ့သို့ သေဒဏ်စီရင်ခြင်းခံခဲ့ရပါသည်။HFB 101.2

    ယခုတွင် ဂျရုမ်းသည် နောင်တရကြောင်းဖွင့်ဆိုကာ ဂျွန်ဟပ်စ်၏ အပြစ်ကင်းခြင်းနှင့် သန့်ရှင်းခြင်းများအကြောင်းကို သက်သေခံခဲ့ပါသည်။ ‘‘ကလေးဘဝမှစပြီး သူ့ကို ကျွန်တော်သိခဲ့တယ်၊ သူဟာလူတော်တစ်ယောက် ဖြစ်တယ်၊ တရားမျှတတယ်၊ အပြစ်ကင်းတယ်၊ ဒါပေမယ့် သူအသတ်ခံခဲ့ရတယ်။ ကျွန်တော်လည်း ရန်သူတွေနဲ့ မတရား သက်သေတွေက ပြင်ဆင်ထားတဲ့ ပရိဒေဝမီးကိုရင်ဆိုင်တော့မယ်။ တစ်နေ့နေ့မှာတော့ ဖုံးကွယ်လှည့်ဖြားလို့မရတဲ့ ထာဝရဘုရားသခင်ရှေ့မှာ သူတို့ရဲ့ လိမ်ညာမှုတွေအတွက် ဖြေရှင်းကြရလိမ့်မယ်’’ ဟု သူပြောခဲ့ပါသည်။HFB 101.3

    ‘‘ဝစ်ကလစ်တို့၊ ကျွန်တော့်ဆရာလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်တဲ့ အာဇာနည်၊ သန့်ရှင်းသူဂျွန်ဟပ်စ်တို့အပေါ်ချမှတ်တဲ့ စီရင်ချက်ကို မှန်တယ်လို့ ဒီနေရာမှာကျွန်တော်ဝန်ခ့မိတဲ့အပြစ်ဟာ ကျွန်တော်လူငယ်ဘဝမှစပြီး ကျူးလွန်ခဲ့မိတဲ့အပြစ်တွေထဲမှာ အဆိုးဆုံးပါပဲ။ ကျွန်တော့်ရဲ့ နှလုံးသားကို အလွန်နာကျင်စေခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်မှားခဲ့ပါတယ်လို့ စိတ်နှလုံးပါပါ ဝန်ချတောင်းပန်ပါတယ်။ သေမှာကြောက်လို့ သူတို့ရဲ့ ယုံကြည်ချက်တွေကို ငြင်းပယ်စဉ်ကလည်း အလွန်ထိတ်လန့်ခဲ့ကြောင်း တုန်လှုပ်ချောက်ချားစွာ ကျွန်တော်ဖွင့်ဟပါတယ်။ အဖထာဝရဘုရားသခင်၊ ကျွန်တော်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်ပါ။ အထူးသဖြင့် ရွံရှာဖွယ် အကောင်းဆုံးဤအပြစ်ကို ခွင့်လွှတ်ပါလို့ ကျွန်တော်အသနားခံပါတယ်’’ ဟု ဂျရုမ်းက ဆက်လက်၍ လျှောက်လဲသွားပါသည်။HFB 102.1

    ထိုနောက် တရားသူကြီးများကို လက်ညှိုးထိုးလျက် ‘‘ခင်ဗျားတို့ဟာ ဝစ်ကလစ်တို့ကို သေဒဏ်စီရင်ခဲ့တယ်။ မှားယွင်းတယ်လို့ အထောက်အထား မပြနိုင်တဲ့ သူတို့အခိုင်အမာပြောဆိုသွားတဲ့ အရာတွေကို သူတို့လိုပဲ ကျွန်တော်လည်းခံယူတယ်’’ ဟု အခိုင်အမာ သူဖွင့်ဆိုခဲ့ပါသည်။HFB 102.2

    ‘‘ဖေါက်ပြန်ရေးသမားရဲ့ ခေါင်းမာမှုကို တို့မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ရတဲ့နောက် ဘာသက်သေလိုသေးသလဲ’’ ဟူသောဒေါသတကြီး အော်ဟစ်သံများဖြင့် သူ၏လျှောက်လဲချက်ကို ကြားဖြတ်ပစ်လိုက်ကြပါသည်။HFB 103.1

    သို့ရာတွင်ဂျရုမ်းသည် ထိုသူများ၏ ကြမ်းတမ်းမှုများကြောင့် လှုပ်ရှားသွားခြင်းမရှိဘဲ ‘‘ဘာလဲ၊ ကျွန်တော်ဟာ သေမှာကြောက်တဲ့လူလို့ ခင်ဗျားတို့ထင်နေသလား။ သေတာထက်တောင်ဆိုးရွားပြီး ထိတ်လန့် ကြောက်ရွံ့စရာ ကောင်းတဲ့အချုပ်ခန်းထဲမှာ ခင်ဗျားတို့ ကျွန်တော့်ကို တစ်နှစ်လောက် ချုပ်ထားခဲ့ပြီးပြီ။ ခရစ်ယာန်တစ်ယောက် အပေါ် ဒီလောက် ရက်စက်ခဲ့တာကို အံ့ဩတာကလွဲပြီး ကျွန်တော်ဘာပြောနိုင်မှာလဲ’’ ဟု ဟစ်ကြွေးခဲ့ပါသည်။HFB 103.2