Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တားမြစ်ပိတ်ပင်ခြင်းခံရသည့်ပရပ်က်မြို့

    သတင်းများသည် ရောမသို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရဟန်းမင်းရှေ့တွင်လာရောက်ဖြေရှင်းရန် ဟပ်စ်အားဆင့်ခေါ်ခဲ့သည်။ ထိုဆင့်ခေါ်မှုကိုနာခံခဲ့လျှင် သေပွဲဝင်ရပေတော့မည်။ ဟပ်စ်အားပရပ်က်တွင် နေခွင့်ပြုကာ ကိုယ်စားလှယ်ဖြင့်ဖြေရှင်းခွင့်ပြုရန် ဘူဟီးမီးယားဘုရင်နှင့် မိဖုရားအပါအဝင် တက္ကသိုလ်မှပုဂ္ဂိုလ်များ၊ ဂုဏ်အသရေရှိပုဂ္ဂိုလ်များနှင့် အစိုးရအရာရှိကြီးများက ရဟန်းမင်းကို တောင်းပန်ခဲ့ကြပါသည်။ တောင်းပန်မှုကို လိုက်လျောဖို့နေနေသာသာ ရဟန်းမင်းသည် ဟပ်စ်အား စစ်ဆေးအရေးယူရန် ဆက်လက်ဆောင်ရွက်ကာ ပရပ်က်မြို့ကိုလည်း ကြဉ်သည့်စာရင်းတွင် ထည့်လိုက်ကြောင်း ကြေညာခဲ့ပါသည်။HFB 87.1

    ထိုခေတ်ထိုအခါက ထိုပြစ်ဒဏ်စီရင်မှုသည် တုန်လှုပ်စရာဖြစ်ပါသည်။ ရဟန်းမင်းအား ကောင်းကင်နှင့်ငရဲပြည်ကို ပို့ဆောင်နိုင်သည့်သော့ကို ကိုင်ဆောင်ထားသူ၊ တရားစီရင်ခြင်းတန်ခိုးအာဏာရှိသူ ခရစ်တော်၏ ကိုယ်စားလှယ်အဖြစ် လက်ခံထားကြရာ ရဟန်းမင်းက ထိုအမိန့်ကိုပြန်လည် ရုတ်သိမ်းမှုမပြုမချင်း သေသောသူများသည် ကောင်းကင်သို့ဝင်ခွင့်ရတော့မည် မဟုတ်ဟု ရှုမြင်ခဲ့ကြပါသည်။ ဝတ်ပြုကိုးကွယ်မှု အခမ်းအနားများကို ရင်ဆိုင်ခဲ့ကြရသည်။ ဘုရားကျောင်းတွေကို ပိတ်ထားလိုက်ကြရသည်။ အသင်းတော်ခြံဝင်းများထဲမှာသာ လက်ထပ်ပွဲများကို ကျင်းပခွင့်ရှိတော့သည်။ သေဆုံးသွားသူများကို ဝတ်ပြုပွဲများမပါဘဲ သင်္ဂြိုဟ်ခဲ့ကြရသည်။HFB 87.2

    ပရပ်က်မြို့တွင် အုတ်အုတ်ကျက်ကျက်ဖြစ်လာသည်။ လူအများစုက ဟပ်စ်တို့ကိုလက်မခံကြတော့ဘဲ ၎င်းအား ရောမ အသင်းတော်သို့အပ်နှံပေးလိုက်ရန် တောင်းဆိုလာပါသည်။ ဟပ်စ်သည် အခြေအနေလေး တည်ငြိမ်သွားစေရန် မွေးရပ်မြေသို့ ခေတ္တပြန်လည်နေထိုင်ခဲ့ ပါသည်။ လုပ်ဆောင်ဆဲလုပ်ငန်းများ ရပ်စဲပစ်လိုက်ခြင်းမရှိဘဲ နိုင်ငံအနှံ့သွားရောက်ကာ စိတ်အားတက်ကြွနေသော ပရိသတ်ကြီးများကို တရားဟောကြားခဲ့ပါသည်။ ပရပ်က်တွင် တည်ငြိမ်လာသောအခါ ဟပ်စ်သည် ပြန်လာပြီး နှုတ်ကပတ်တော်ကို ဖွင့်ဆိုဟောကြားခဲ့ပါသည်။ ရန်သူအနေအထားမှာ မပေါ့တန်သော်လည်း ဘုရင်မကြီးနှင့်တကွ မှူးမတ်များသည် သူ၏မိတ်ဆွေများ ဖြစ်ကြရာ လူများစွာတို့သည် သူ့ဘက်သို့ယိမ်းလာခဲ့ပါသည်။HFB 87.3

    ဟပ်စ်တစ်ဦးတည်း ယခင်ကအမှုတော်ဆောင်ခဲ့ငြားသော်လည်း ယခုတွင်မူ ဂျရုမ်းသည် ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် သူနှင့်အတူပူပေါင်းလာပါသည်။ ထိုနှစ်ဦးသည် ထိုအချိန်မှစ၍ သေအတူရှင်မခွဲခွါဘဲ အမှုတော်ကို အတူဆောင်ရွက်ခဲ့ကြပါသည်။ အကျင့်ပိုင်းဆိုင်ရာ အစစ်အမှန်ခွန်အားများကိုဖြစ်စေသည့် အရည်အချင်း ပိုင်းတွင် ဟပ်စ်ကသာပါသည်။ ထိုကြောင့် ဂျရုမ်းသည်ဟပ်စ်၏ အရည်အချင်းကိုမြင်ကာ ဟပ်စ်၏အကြံပေးချက်များကို လက်ခံလုပ်ဆောင်ခဲ့ရာ အမှုတော်ကြီးသည် သိသိသာသာတိုးတက် ကြီးပွားခဲ့ပါသည်။HFB 88.1

    ဘုရားသခင်သည် ဤပုဂ္ဂိုလ် (၂) ဦးအား ရောမအသင်းတော်၏ မှားယွင်းသောလုပ်ရပ်များကိုဖေါ်ပြချက် ကြီးမားသောအလင်းတရားများကို ပေးတော်မူခဲ့သော်လည်း ထိုသူနှစ်ယောက်သည် ကမ္ဘာကြီးအား ဘုရားသခင် ပေးတော်မူမည့် အလင်းတရားအားလုံးကိုတော့ ရရှိခဲ့သည်မဟုတ်ပါ။ ဘုရားသခင်သည် လူသားများ ခံနိုင်ရည်ရှိသလောက် ဖြည်းဖြည်းချင်းအလင်းများကိုပြကာ ရောမအမှောင်ထုထဲမှ ဖေါ်ထုတ်လျက် ရှိပါသည်။ သို့မဟုတ်ပါလျှင် အမှောင်ထုထဲတါင် ကြာရှည်စွာနေခဲ့သူများသည် မွန်းတည့်နေအလင်းရောင်ကဲ့သို့ အလွန်ထွန်းလင်းသောအရောင်ကိုတွေ့ကာ ကျောပေးသွားမည်ကို စိုးရိမ်ရပါသည်။ ထိုကြောင့် ၎င်းတို့လက်ခံနိုင် လောက်သော အလင်းတရားများကို ဘုရားသခင်သည် နည်းနည်းချင်း ပေးသနားတော် မူခဲ့ပါသည်။HFB 88.2

    ဂိုဏ်းဂဏကွဲပြားခြင်းများသည် အသင်းတော်ထဲတွင် ဆက်လက်တည်ရှိနဆဲပင်ဖြစ်သည်။ ရဟန်းမင်း (၃) ပါးသည် ယခုတွင် အာဏာလုနေကြပါသည်။ ထိုကြောင့် ခရစ်ယာန်လောကတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေပါသည်။ တစ်ဦးအပေါ်စကားစစ်ထိုးခြင်းနှင့် မကျေနပ်ဘဲ ရဟန်းမင်းတိုင်းက လက်နက်ဝယ်ခြင်း၊ စစ်သားစုဆောင်းခြင်းအမှုကို ဆောင်ရွက်နေကြပါသည်။ လိုအပ်သည့်ငွေကြေးများကိုရရှိရန် ၎င်းတို့ရရှိထားသော လက်ဆောင်များ၊ ရုံးအဆောက်အဦများ၊ အသင်းတော်ကောင်းချီးများကို ရောင်းချခဲ့ကြပါသည်။HFB 89.1

    ဟပ်စ်သည် ဘာသာရေးအရေခြုံကာ လုပ်ဆောင်နေသည့် ထိုရွံရှာဖွယ်ကိစ္စများကို ရဲရဲတင်းတင်းဆန့်ကျင်ခဲ့ပါသည်။ ခရစ်ယာန် လောကအပေါ်ကျရောက်နေသော မကောင်းမှုတို့၏ အကြောင်းရင်းအဖြစ် ရေမအသင်းတော်ကို လူအများက အတိအလင်းစွပ်စွဲခဲ့ကြပါသည်။HFB 89.2

    ယခုတွင် တစ်ဖန်ပရပ်က်မြို့တွင် သွေးချောင်းစီးမည့်တိုက်ပွဲတစ်ခု ဖြစ်တော့မယောင် ဖြစ်နေပါသည်။ ရှေးခေတ်အချိန်များကကဲ့သို့ပင် ဘုရားသခင်၏ကျွန်ဖြစ်သောဂျွန်ဟပ်စ်သည် ပြဿနာကောင်အဖြစ် အစွပ်စွဲ ခံရပြန်ပါသည်။ (၃ရာ၊ ၁၈:၁၇)။ ထိုမြို့သည် တစ်ဖန်ကြဉ်ထားခြင်းခံရပြန်သဖြင့် ဟပ်စ်သည်လည်း မွေးရပ်မြေသို့ ပြန်ခဲ့ပါသည်။ ဇီဝိန်မချုပ်မီ သမ္မာတရား၏ သက်သေခံတစ်ဦးအဖြစ် ခရစ်ယာန်လောကကြီးတစ်ခုလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် တရားဟောရန် သူဆန္ဒရှိနေဆဲဖြစ်သည်။HFB 89.3

    ဧကရာဇ်ဘုရင်ဆီဂန်စမန်၏ဆန္ဒအရ၊ ပြိုင်ဘက်ရဟန်းမင်း (၃) ပါးမှတစ်ပါးဖြစ်သောဂျွန် (၁၃) က ဂျာမနီပြည်အနောက်တောင်ပိုင်းရှိ ကွန်စတိန်းမြို့တွင် အထွေထွေညီလာခံကျင်းပရန် အစည်းအဝေး ခေါ်ယူခဲ့ပါသည်။ ထိုရဟန်းမင်းဂျွန်သည် အကျင့်ပိုင်းနှင့် ဝါဒရေးရာပိုင်းတွင် အားနည်းသည်ဖြစ်ရာ ထိုဧကရာဇ်၏အလိုကို မဆန့်ကျင်ရဲပါချေ။ ထိုညီလာခံ၏ အဓိကရည်ရွယ်ချက်မှာ အသင်းတော်တွင်း ဂိုဏ်းဂဏကွဲပြားမှုများကို ရင်ကြားစေ့ပေးရန်နှင့် ‘‘ဘာသာရေးဖေါက်ပြန်မှု’’ ကိုအမြစ်လှန်သုတ်သင်ပစ်ရန်ဖြစ်သည်။ ဂျွန်ဟပ်စ်နှင့်တကွ အခြားပြိုင်ဘက် ရဟန်းမင်း (၂) ပါးကိုလည်း ညီလာခံတက်ရန် ဆင့်ခေါ်ခဲ့သည်။ ထိုပြိုင်ဘက် ရဟန်းမင်း ၂ ပါးသည် ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သော်လည်း ရဟန်းမင်းဂျွန်မှာမူ မိမိကျူးလွန်ခဲ့သောဒုစရိုက်များကို ပေါ်မှာစိုးသောစိတ်ဖြင့် ဧကရာဇ်ဘုရင်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပါသည်။ သို့စေကာမူ သူသည် ဘာသာရေးခေါင်းဆောင်များ၊ နယ်အရာရှိကြီးများခြံရံလျက် ဟန်ပန် အပြည့်ဖြင့် ကွန်စတိန်းမြို့ထဲသို့ ဝင်လာခဲ့ပါသည်။ သူ့ဦးခေါင်းပေါ်တွင် ရွှေသားဖြင့်ပြုလုပ်ထားသောဦးရစ်ကို ဆောင်းထားပါသည်။ ထိုဦးရစ်ကို တရားရေးအရာရှိချုပ်လေးဦးက ထိန်းကိုင်ထားပါသည်။ အိမ်ရှင်ဖြစ်သော ဧကရာဇ်မင်းကို ထိုရဟန်းမင်းရှေ့သို့ ခေါ်ဆောင်လာခဲ့ပါသည်။ သာသနာ ခေါင်းဆောင်များ၏ လှပထည်ဝါသော ဝတ်ရုံများသည် ခမ်းနားကြီးကျယ်လှပါသည်။HFB 90.1

    တစ်ချိန်တည်းမှာပင် အခြားခရီးသည်တစ်ဦးသည် ကွန်စတိန်း မြို့သို့လာနေပါသည်။ သူသည် မိတ်ဆွေများနှင့် နောက်တစ်ခေါက် ပြန်လည်တွေ့ဆုံရတော့မည်မဟုတ်။ ဤခရီးစဉ်သည် မိမိအား ကပ်တိုင်သို့ ပို့ဆောင်တော့မည့် ခရီးစဉ်ဖြစ်သည်ဟုခံစားလျက် ဟပ်စ်သည် မိတ်ဆွေ သင်္ဂဟများကိုခွဲခွာလာခဲ့ပါသည်။ ဘူဟီးမီးယားဘုရင်နှင့် ဧကရာဇ်မင်း ဆီဂျစ်စမန်တို့ထံမှ အစောင့်တပ်များ၏ အကာအကွယ်ဖြင့် သူလာနေခြင်း ဖြစ်သည်။ သို့စေကာမူ အချိန်မရွေး အသေသတ်ခံနိုင်သည့် အခြေအနေတွင် ရောက်နေမှန်းသူသိသဖြင့် ပြင်ဆင်မှုအားလုံးကို သူလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါသည်။HFB 91.1