Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုန်းနှင့်ပြည့်စုံသောကယ်နုတ်ခံရသူများ

    ဘုရားသခင်၏သားသမီးများသည် ကျဉ်းသောလမ်းကို ခေတ်အဆက်ဆက်လျှောက်ခဲ့ကြပါသည်။ ဒုက္ခမီးလျှံအားဖြင့် အသက်တာကို ဆေးကြောဖြူစင်စေခဲ့ကြပါသည်။ ခရစ်တော်အတွက်မုန်းတီးခြင်း၊ အသရေ ဖျက်ခြင်း၊ ခါးသီးသောစိတ်ပျက်စရာများ၊ ကိုယ်အလိုကိုငြင်းပယ်ခြင်းများကို သူတို့ရင်ဆိုင်ခဲ့ကြရပါသည်။ အပြစ်၏ မကောင်းမှု၊ အပြစ်၏ တန်ခိုးနှင့် အပြစ်၏မင်္ဂလာများကို သူတို့သိရှိခဲ့ကြရ သဖြင့် စက်ဆုပ်ရွံရှာစွာဖြင့်အပြစ်ကိုရှုမြင်နေကြပါသည်။ အကန့်အသတ်မဲ့ ဆက်ကပ်မှုတစ်ခုကြောင့် သူတို့စိတ်နှလုံးများသည် ပျော်ရွှင်မှုများနှင့် ပြည့်ဝလာပါသည်။ သူတို့သည် များစွာအပြစ်လွှတ်ခံရသဖြင့် ကိုယ်တော်ကို များစွာချစ်ကြပါသည်။ (လုကာ ၇:၄၇)။ သူတို့သည် ခရစ်တော်နှင့်အတူ ဒုက္ခ ခံစားခဲ့ကြသဖြင့် ခရစ်တော်၏ဘုန်းတွင် ဝင်စားထိုက်သူများဖြစ်ကြပါသည်။HFB 707.1

    ဘုရားသခင်နိုင်ငံတော်ဝင်စားမည့် ထိုသူများသည် အထပ်ခိုးများ၊ တဲစုတ်ကလေးများ၊ အခန်းကျဉ်းများ၊ ကပ်တိုင်များ၊ တောကောင်များ၊ လိုဏ်ဂူများကိုကျော်လွှားလာခဲ့သူများဖြစ်ကြသည်။ ထိုသူတို့သည် ‘‘လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓါးလက်နက်နှင့် ကွပ်မျက်ခြင်း’’ ခံခဲ့ရသူများဖြစ်၏။ သန်းနှင့်ချီသောလူသားများသည် စာတန် နောက်သို့မလိုက်လိုကြသဖြင့် ရှက်စရာအဖြစ်အပျက်နှင့်ရင်ဆိုင်ကာ သေပွဲဝင် ခဲ့ကြရသည်။ ယခုတွင်မူ သူတို့သည် ဒုက္ခသည်အနှိပ်စက်ခံလူများမဟုတ်ကြ တော့ချေ။ လောကတွင် အမြတ်ဆုံးဝတ်ရုံများထက် ကြီးမြတ်သောဖြောင့်မတ် ခြင်းဝတ်ရုံကိုဝတ်ဆင်လျက်၊ လောကဘုရင်များဆောင်းသည်သရဖူများထက် သာလွန်ကျက်သရေရှိသည့်သရဖူကိုဆောင်းလျက် ရှေ့တော်မှောက်တွင် ရပ်ထနေကြပါသည်။ ထာဝရဘုရားသခင်သည် ၎င်းတို့၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးတော်မူခဲ့ပြီဖြစ်ရာ ၎င်းတို့သည် သာယာသောအသံဖြင့် ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုကြပါသည်။ ‘‘ပလ္လင် ပေါ်မှာထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသယ် သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း’’ ဟူသော ဓမ္မတေးသံသည် ကောင်းကင်ဘဝဂ်ဝယ် ပဲ့တင်ထပ်နေရာ ‘‘အာမင်၊ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း’’ ဟု ခပ်သိမ်းသောသူတို့က တုံ့ပြန်ကြ၏။ ဗျာဒိတ် ၇:၁၀၊ ၁၂။HFB 708.1

    ကျွန်ုပ်တို့သည် ဤလောတွင်ရှိစဉ် ကယ်တင်ခြင်းဆိုင်ရာ အံ့ဩဖွယ်များကို နားလည်စပြုရုံသာဖြစ်၏။ ကျွန်ုပ်တို့၏မဖြစ်စလောက် ဉာဏ်ကလေးနှင့် ရှက်ကြောက်စရာနှင့် ဘုန်းအသရေကိုလည်းကောင်း၊ အသက်ရှင်ခြင်းနှင့်သေခြင်းကိုလည်းကောင်း၊ ကပ်တိုင်ထက်တွင်တွေ့ဆုံ ခဲ့သော တရားမျှတခြင်းနှင့် ကရုဏာတော်များအကြောင်းကိုလည်းကောင်း စဉ်းစားတတ်ရုံလောက်သာ ရှိပါသည်။ သို့သော်ငြားလည်း ဤအရာများ၏ အရေးပါထူးခြားချက်များကိုမူ နားလည်နိုင်စွမ်းမရှိကြချေ။ ကယ်တင်ခြင်း ဆိုင်ရာ မဟာမေတ္တာတော်၏ အလျားအနံနှင့် အတိမ်အနက်ကိုမူ ဝိုးတဝါးသာ သိမြင်နိုင်ကြပါသည်။ ထိုကယ်နုတ်ခြင်းခံရသူများသည် မိမိကိုယ်ကို အရှိအတိုင်း သိမြင်သည့်အချိန်မှာပင် ကယ်တင်ခြင်းစီမံကိန်းကို လုံးစေ့ပတ်စေ့ နားလည်နိုင်ကြမည်မဟုတ်ပါ။ ဝမ်းမြောက်ကြည်နူးနေသော ထိုသူများသည် အသစ်အသစ်သောတရားတော်များကို စဉ်ဆက်မပြတ်သိရှိနားလည်လာကြ လိမ့်မည်။ ဝမ်းနည်းခြင်းများ၊ နာကျင်မှုများနှင့် စုံစမ်းနှောင့်ယှက်ခြင်းများ အဆုံးသတ်သွားသည်မှာ မှန်သော်လည်း ဘုရားသခင်၏သားသမီးများသည် ကယ်တင်ခြင်းအတွက် ပေးလိုက်ရသည့်တန်ဖိုးကို အသေအချာသတိရသိရှိ နေကြပါလိမ့်မည်။HFB 709.1

    ထိုကပ်တိုင်သည် ကယ်တင်ခံရသူများသီဆိုကျူးဧသော သီချင်းအဖြစ် ထာဝရကာလရပ်တည်နေလိမ့်မည်။ ကပ်တိုင်အတင်ခံခဲ့ရသော ခရစ်တော်ကို ဘုန်းဝင်စားသည့်ခရစ်တော်၌ သူတို့တွေ့မြင်ကြရမည်။ အပြစ်တွင်ကျဆုံး သွားသည့်လူသားများကို ပြန်လည်မြှင့်တင်နိုင်ရန်အလို့ငှာ ကောင်းကင်ဗိုလ်ခြေ အရှင်သည် နှိမ့်ချခြင်းကိုခံခဲ့သည်ဆိုသည့်အချက်ကို မည်သည့်အခါမျှ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ချေ။ ပျောက်ဆုံးနေသောလူသားများ၏ အမင်္ဂလာများသည် ကိုယ်တော်၏နှလုံးသားကိုခွဲကာ ကိုယ်တော်၏အသက်ကို အဆုံးစီရင်သည့်အချိန်အထိ ခရစ်တော်သည် အပြစ်၏ဆိုးကျိုးရှက်ကြောက် စရာများနှင့်တကွ ခမည်းတော်ဘုရားသခင်၏ မျက်နှာလွှဲခြင်းကို ခံတော် မူခဲ့သည်ကိုလည်း မေ့ရနိုင်ကြမည်မဟုတ်ချေ။ လူသားများအပေါ်ထားသည့် မဟာမေတ္တာတော်ကြောင့် မိမိ၏ဘုန်းအာနုဘော်တော်များကို ဖန်ဆင်းရှင် ဘေးဖယ်ထားခဲ့သည်ဆိုသည့်အချက်မှာလည်း စကြဝဠာကြီးအတွက် အမြဲတမ်းအံ့ဩစရာတစ်ခုပမာ ဖြစ်နေပေလိမ့်မည်။ ကယ်တင်ခြင်းခံရသည့် လူမျိုးအသီးသီးတို့သည် မိမိတို့၏ကယ်တင်ရှင်ကိုမြော်ကြည့်လိုက်ကြရာ ကိုယ်တော်ရှင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်ကြောင်း သိရှိလာကြသဖြင့် ‘‘အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် --- အကျွန်ုပ်တို့ကို --- ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။’’ ကပ်တိုင်၏အသိခက်စရာနက်နဲမှုသည် အခြားနက်နဲသော အရာအားလုံးကို ထင်ရှားစေ၏။ အနန္တဉာဏ်တော်အရှင်၊ ဘုရားသခင်သည် သားတော်အား ဆက်ကပ်ပူဇော်ခြင်းအားဖြင့် ကယ်တင်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်ကို ထင်ရှားစွာတွေ့မြင် နိုင်ပါသည်။ ထိုအနစ်နာခံမှုအတွက် ရရှိသည့်လျော်ကြေးမှာ ရွေးနုတ်တော် မူထားသည့် သန့်ရှင်းပြီး ပျော်ရွှင်၍ မသေတတ်သောလူသားများဖြင့် ကမ္ဘာကြီးအားပြည့်စေခဲ့သဖြင့် ခံစားရသောဝမ်းမြောက်မှုပင်ဖြစ်သည်။ ဤအရာမှာ အဖိုးအခပေးရန် သဘောတူတော်မူခဲ့သည့် လူသားတို့၏ တန်ဖိုးပင်ဖြစ်သည်။ မိမိကိုယ်တိုင်အနစ်နာခံမှု၏ အသီးများကိုကြည့်ကာ ခရစ်တော်ကိုယ်တိုင်လည်း ကျေနပ်တော်မူလျက်ရှိပါသည်။HFB 710.1

    *****