Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    သမ္မာကျမ်းစာတစ်ခုတည်းကိုသာ လူးသာအားကိုးအားထားပြုခြင်း

    လူးသာ၏ရန်သူများက ဓလေ့ထုံးစံနှင့် ရိုးရာများကိုသာ အားကိုး အားထားပြုသောအချိန်တွင် လူးသာအနေဖြင့် သမ္မာကျမ်းစာတစ်ခုတည်း ကိုသာ အားကိုးအားထားပြုခဲ့သဖြင့် ၎င်းတို့သည် မည်သို့မျှငြင်းဆိုခြင်းမပြုနိုင်တော့ချေ။ လူးသာဟောသောတရားဟောချက် များနှင့် ရေးသားခဲ့သောစာအုပ်များမှ ပေါ်ထွန်းလာသည့် အလင်းတန်းများသည် လူများစွာတို့အား နိုးထထွန်းလင်းလာစေနိုင်ခဲ့ပါသည်။ နှုတ်ကပတ်တော်သည် နှစ်ဖက်အသွားပါသောဓါးနှင့်တူပြီး လူသားများ၏ စိတ်နှလုံးကို ထိုးဖေါက်နိုင်စွမ်းရှိပါသည်။ လူသားများ၏ဝတ်ပြုကိုးကွယ်မှုနှင့် လောကကြားဖျန်ဖြေသူကိုသာ ကြည့်ဖို့ အချိန်ကြာမြင့်စွာညွှန်ကြားခြင်း ခံနေရသူများသည် ယခုတွင်မူ ခရစ်တော်အား ယုံကြည်ခြင်းအားဖြင့် ကြည့်ရန် ဦးလှည့်နေကြပါပြီ။HFB 126.2

    ဤသတင်းသည် အလျင်အမြန်ပျံ့နှံ့သွားသဖြင့် အသင်းတော် အာဏာပိုင်များသည် စိုးရိမ်လာကြပါသည်။ သို့နှင့် လူးသာသည် ရောမမြို့သို့လာ၍ အသင်းတော် အာဏာပိုင်များနှင့် တွေ့ဆုံရန် ဆင့်ခေါ်ခြင်း ခံခဲ့ရပါသည်။ ခရစ်တော်၏ အာဇာနည်များ၏သွေးကို သောက်ခဲ့သော ဖေါက်ပြန်ပျက်စီးနေသည့် ထိုမြို့တော်သို့သွားခြင်းသည် လူးသာအတွက် အန္တရာယ်များသည်ကို မိတ်ဆွေများက သိသဖြင့် ဂျာမနီမှာအစစ်ဆေးခံရန် သူ့အားအကြံပေးကြသည်။HFB 127.1

    ဤအကြံပေးချက်ကို အတည်ပြုခဲ့သည်။ ဤအမှုကိုကြားနာရန် သံတမန်ငယ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ လူးသာအား ဘာသာရေးဖေါက်ပြန်သူ တစ်ဦးအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း ထိုအရာရှိအား ပေးသည့် ညွှန်ကြားချက်တွင် ဖေါ်ပြထားပြီးဖြစ်ရာ ၎င်းအနေဖြင့် လူးသာအား နှောင့်နှေးခြင်းမရှိဘဲ ဖမ်းဆီးအရေးယူရန်သာဖြစ်ပါသည်။ လူးသာအား ဂျာမနီပြည် အနှံ့အပြား၌ မတရားသင်း ကြေညာပိုင်ခွင့်နှင့် သူ့အားစွဲလမ်းချစ်ခင်နေသူများအားလုံးကို နယ်နှင်ဒဏ် ပေးခြင်း၊ ကျိန်ဆဲခြင်းနှင့် အသင်းတော်မှထုတ်ပစ်ခြင်းအခွင့်များကို ထိုသံတမန်အား အပ်နှင်းထားပါသည်။ ၎င်းပြင် လူးသာအား ဖမ်းဆီးပေးရန် လျစ်လျူရှုသောနိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များ (ဧကရာဇ်ဘုရင်မှ လွဲ၍) ကိုလည်း အသင်းတော်မှကြဉ်ထားရန် ထိုသံတမန်အား အာဏာလွှဲအပ်ခဲ့ပါသည်။HFB 127.2

    ထိုလုပ်ရပ်များသည် ခရစ်ယာန်စည်းမျဉ်းများနှင့် မကိုက်ညီသည့်ပြင် အရပ်ဘက်တရားစီရင်ခြင်းနှင့်လည်း မကိုက်ညီပါ။ လူးသာအနေဖြင့် မိမိ၏ အနေအထားကို ရှင်းပြခွင့်၊ ကာကွယ်ပိုင်ခွင့် လုံးဝမရှိပါ။ သို့စေကာမူ လူးသာသည် ဘာသာရေးဖေါက်ပြန်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ တစ်နေ့ တည်းမှာပင် သတိပေးခြင်း၊ စွပ်စွဲခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။HFB 128.1

    လူးသာအနေဖြင့် မိတ်ဆွေကောင်းတစ်ဦးထံမှ အကြံဉာဏ်ကောင်းများ လိုအပ်နေသောအချိန်တွင် ဘုရားသခင်သည် မက္ကလန်သန်ကို ဝစ်တင်းဘတ်သို့ စေလွှတ်ခဲ့ပါသည်။ ထိုသူသည် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် စင်ကြယ် ဖြောင့်မတ်သော စာရိတ္တများကြောင့် လူအများ၏ ချစ်ခင်မှုကို ခံရသူ ဖြစ်သည်။ များမကြာမီပင် သူသည်လူးသာ၏ ရင်းနှီးသောမိတ်ဆွေဖြစ်လာရာ သူ၏ နူးညံ့မှု၊ သတိရှိမှုနှင့် တိကျမှုတို့သည် လူးသာအား အားတက်စေခဲ့ပါသည်။HFB 128.2

    အောက်စဘတ်မြို့ကို တရားစီရင်ရာနေရာအဖြစ် သတ်မှတ်ခဲ့ရာ လူးသာသည် ထိုမြို့သို့ခြေလျင်လာခဲ့ပါသည်။ လမ်းခရီးတွင် အသတ်ခံရလိမ့်မည်ဟူသော ခြိမ်းခြောက်မှုများကြောင့် မစွန့်စားရန် မိတ်ဆွေများက တောင်းပန်ကြသော်လည်း လူးသာက ‘‘ငါဟာ ယေရမိလို ရန်လိုသောသူ၊ အငြင်းသန်သူတစ်ဦးဖြစ်တယ်။ ဒါပေမယ့် သူတို့က ပိုပြီးခြိမ်းခြောက်လေ ငါကတော့ပိုပျော်လေပဲ။ သူတို့ဟာ ငါ့ရဲ့ဂုဏ်သိက္ခာတွေကို ဖျက်ဆီးခဲ့ကြပြီး ငါ့ဝိညာဉ်ကိုတော့ သူတို့ မဖျက်ဆီးနိုင်ပါဘူး။ ခရစ်တော်ရဲ့ တရားတော်ကို ဤကမ္ဘာမှာဟောကြားလိုတဲ့သူဟာ အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ သေခြင်းနဲ့ရင်ဆိုင်ရနိုင်တယ်လို့ မျှော်လင့်ထားရမယ်’’ ဟု ဖွင့်ဆိုခဲ့ပါသည်။အောက်စဘတ်သို့ လူးသာရောက်ရှိလာခြင်း သတင်းကြောင်း ရဟန်းမင်း၏ သံတမန်မှာ အတော်ကျေနပ်သွားပါသည်။ ကမ္ဘာ့စိတ်ဝင်စားမှုကို ဖြစ်စေသည့် ထိုဒုက္ခသည်ဖေါက်ပြန်ရေးသမားသည် ယခုတွင်မူ လွတ်လမ်းမရှိသည့် ရောမအသင်းတော်၏ လက်ထဲသို့ ကျရောက်ပုံ ပေါ်နေပါသည်။ ထိုသံတမန်သည် လူးသာအား အလျော့ပေးနောက်ဆုတ်ရန် ဖိအားပေးဖို့ ရည်ရွယ်ချက်ရှိခဲ့သည်။ လူးသာက နောက်မဆုတ်ပါလျှင် ရောမသို့ ခေါ်သွားကာ ဟပ်စ်နှင့် ဂျရုမ်းတို့ကိုလုပ်သကဲ့သို့ သုတ်သင်ရန် စီစဉ်ထားခဲ့ ပါသည်။ ထိုကြောင့် လုံခြုံရေးအစောင့်အကြပ်များမပါဘဲ ရောမသို့လာရန် ကိုယ်စားလှယ်စေလွှတ်ကာ သွေးဆောင်ခဲ့ပါသည်။ သို့ရာတွင် ထိုအချက်ကို လက်မခ့ဘဲ လုံခြုံရေးအတွက် ဧကရာဇ်ဘုရင်ထံမှ အာမခံချက်ရမှသာ လူးသာသည် သူ့ထံသို့သွားရောက်အစစ်ခံခဲ့ပါသည်။HFB 128.3

    လူးသာအား နူးညံ့သောသွင်းပြင်လက္ခဏာဖြင့် သိမ်းသွင်းရန် ရောမ အသင်းတော်က ပေါ်လစီချမှတ်ခဲ့ပါသည်။ ထိုသံတမန်သည် အထူးရင်းနှီးမှုကို ပြသော်လည်း အသင်းတော်ကို လုံးလုံးယုံကြည်မှုရှိကာ တောင်းဆိုချက်တိုင်းကို ငြင်းချက်မထုတ်ဘဲ လက်ခံရန် လူးသာအားတောင်းဆိုပါသည်။ လူးသာက တုံ့ပြန်သည့်အနေဖြင့် အသင်းတော်အပေါ်ထားသည့် ၎င်း၏သဘောထား၊ သမ္မာတရားကို လိုလားသည့် ၎င်း၏ဆန္ဒ၊ မိမိသွန်သင်ခဲ့သမျှအပေါ် ငြင်းချက်ထုတ်ထားသည် များကိုဖြေရှင်းရန် အဆင်သင့်ရှိပုံနှင့် မိမိ၏ယုံကြည်ချက်အပေါ် ဦးဆောင်တက္ကသိုလ်ကြီး၏ ဆုံးဖြတ်ချက်များရယူလိုပုံများကို ဖွင့်ဟသွား ပါသည်။ သို့ရာတွင် မိမိ၏အမှားကို ထောက်မပြဘဲ မိမိအားအလျော့ပေး နောက်ဆုတ်ရန် တောင်းဆိုနေခြင်းကိုမူ ကန့်ကွက်ခဲ့ပါသည်။HFB 129.1

    ထိုအခါ ထွက်ပေါ်လာသည့် တစ်ခုတည်းသော တုံ့ပြန်ချက်မှာ ‘‘အလျော့ပေးနောက်ဆုတ်ပါ’’ ပင်ဖြစ်ပါသည်။ မာတင်လူးသာက မိမိ၏ ရပ်တည်မှုကို သမ္မာကျမ်းစာက ထောက်ခံနေကြောင်း၊ မိမိအနေဖြင့် အမှန်တရားကို ငြင်းပယ်နိုင်မှာမဟုတ်ကြောင်း ပြောပြခဲ့ပါသည်။ လူးသာ၏ ငြင်းဆိုချက်အပေါ် မည်သို့မျှတုံ့ပြန်နိုင်ခြင်း မရှိသည့် ထိုသံတမန်က အပြစ်တင် ဝေဖန်စကား၊ သရော်စကား၊ ကြွားဝါစကား၊ ရိုးရာဓလေ့နှင့် မိရိုးဖလာပုံပြင်များ၊ ကောက်နုတ်ချက်များဖြင့် လူးသာပြောခွင့်မရအောင် ရေပက်မဝင် ဖိပြောနေပါသည်။ အဆုံးတွင် လူးသာသည် သူပေးမည့်အဖြေကို စာဖြင့်ရေးတင်ရန် ခွင့်ပြုချက်ရခဲ့ပါသည်။HFB 130.1

    ‘‘ငါရေးထားတာတွေကို သူများဆုံးဖြတ်ချက်ချဖို့ ပို့ပေးရကောင်း ပို့ပေးရလိမ့်မယ်။ ပိုင်စိုးပိုင်နင်းစကားများဖြင့် အနိုင်ယူတတ်သော မောက်မာသည့် အာဏာရှင်တစ်ဦးကို ကြောက်တဲ့စိတ်နဲ့ အလုပ်လုပ်ရတာလည်း ပိုပြီးကောင်းတဲ့ အခွင့်အရေးတစ်ခုပဲလို့ ဒုတိယအချက် အနေနဲ့ပြောချင်တယ်’’ ဟု မိတ်ဆွေတစ်ဦးထံ သူစာရေး၍ ပြောခဲ့ပါသည်။HFB 130.2

    လူးသာသည် နောက်တစ်ကြိမ်တွေ့ဆုံသောအခါ သမ္မာကျမ်းစာကို ကိုးကားလျက် မိမိ၏အမြင်ကို လိုရင်းတိုရှင်းအဓိပ္ပါယ် ပြည့်စုံသော ဖေါ်ပြချက်တစ်ခုအားဖြင့် တင်ပြခဲ့ပါသည်။ ထိုစာတမ်းကို အသံထွက်ဖတ်ပြ ပြီးနောက် ဂိုဏ်းချုပ်ကြီးကိုပေးအပ်လိုက်ရာ ထိုဂိုဏ်းချုပ်ကြီးက ဤစာတမ်းသည် မဆီလျော်သောကိုးကားချက်များ၊ အနှစ်သာရမရှိသော ဝေါဟာရများနှင့်ပြီးသော စာတမ်းဖြစ်ကြောင်းကြေညာကာ မထီမဲ့မြင်ဟန်ဖြင့် ဘေးသို့လွှင့်ပစ်ခဲ့ပါသည်။ ယခုတွင် လူးသာသည် မိမိကျွမ်းကျင်သော အသင်းတော်၏ သွန်သင်ချက်နှင့် ရိုးရာဓလေ့များအကြောင်းနှင့် ပတ်သက်၍ ထိုဂိုဏ်းချုပ်နှင့် ရင်ဆိုင်ခဲ့ရရာ လုံးလုံးကြီးအောင်ပွဲဆင်ခဲ့ပါသည်။HFB 131.1

    ထိုဂိုဏ်းချုပ်သည် စိတ်မထိန်းနိုင်တော့ဘဲ ‘‘အလျော့ပေး နောက်ဆုတ်ပါ၊ မဟုတ်ရင် မင်းကို ရောမပို့ရလိမ့်မယ်’’ ဟု ဒေါသတကြီးအော် ပါတော့သည်။ နောက်ဆုံးတွင် ‘‘အလျော့ပေး နောက်ဆုတ်ပါ၊ မဟုတ်ရင် မင်းပြန်လမ်းမရှိတော့ဘူး’’ ဟု နားထင်သွေးရောက်ကာ စိတ်ဆိုးမာန်ဆိုးအသံဖြင့် ဟစ်ကြွေးခဲ့ပါသည်။HFB 131.2

    လူးသာသည် မိမိမိတ်ဆွေများနှင့်အတူ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားပါသည်။ ၎င်းထံမှ မည်သည့်အလျော့ပေးမှုကိုမျှ မမျှော်လင့်နှင့်ဟု ရှင်းလင်းစွာဖွင့်ဆိုသောသဘောဖြစ်သည်။ ဤအခြေအနေမျိုးဖြစ်လာဖို့ ထိုဂိုဏ်းချုပ်ကြီး ရည်ရွယ်မထားပါ။ ယခုမှာမူ မိမိနှင့်မိမိအား ထောက်ခံသူ များသာကျန်ခဲ့တော့ရာ မိမိ၏အကြံ အထမမြောက်မှုကြောင့် မခံချိမခံသာဖြစ်ကာ တစ်ဦးစီ၏ မျက်နှာများကို သူလိုက်ကြည့်နေပါသည်။HFB 131.3

    ထိုအခမ်းအနားသို့ တက်ရောက်လာကြသော လူအုပ်ကြီး အနေဖြင့်လည်း ဤပုဂ္ဂိုလ် (၂) ဦးကို နှိုင်းယှဉ်ကြည့်ဖို့ အခွင့်အရေး ရရှိသွား ပါသည်။ ထိုပုဂ္ဂိုလ် (၂) ဦးဖေါ်ပြခဲ့သည့် စိတ်နေသဘောထားကိုလည်းကောင်း၊ ၎င်းတို့ရပ်တည်မှု၏ ခိုင်မာပုံနှင့် မှန်ကန်ပုံများကိုလည်းကောင်း ပရိသတ်အနေဖြင့် သူတို့ကိုယ်တိုင် ဆုံးဖြတ်ဖို့ အခွင့်အရေးရခဲ့ကြပါသည်။ လူးသာမှာ ရိုးစင်းသည်၊ နှိမ့်ချမှုရှိသည်၊ ကြံ့ခိုင်သည်၊ သမ္မာတရားကို ပိုင်ဆိုင်ထားသည်။ ရဟန်းမင်း၏ သံတမန်မှာမူ ဘဝင်မြင့်သည်၊ ငါတကောကောတတ်သူဖြစ်သည်။ ပြောဆိုရာတွင် ကျိုးကြောင်းဆီလျော်မှုမရှိ။ ကျမ်းစာမှကျမ်းတစ်ချက်ကိုမျှ ကိုးကားပြောဆိုနိုင်ခြင်းမရှိသော်လည်း ‘‘အလျော့ပေး နောက်ဆုတ်ပါ။ ရောမကိုအပို့ခံရမယ်’’ ဟူ၍သာ အသံကုန် ဟစ်အော်နေပါသည်။ HFB 132.1

    Larger font
    Smaller font
    Copy
    Print
    Contents