ကမ္ဘာကြီးကိုကိုင်လှုပ်ခဲ့သည့်မြေငလျင်ကြီး
အနာဂတ္တိစကားများကို ပြည့်စုံစေသည့် မကြုံစဖူးသော မြေငလျင်ကြီးသည် ၁၇၅၅ ခုနှစ်တွင် လှုပ်ခဲ့ပါသည်။ ထိုမြေငလျင်ကို လစ္စဘွန်းမြေငလျင်ဟု လူသိများပြီး ဥရောပ၊ အာဖရိကနှင့် အမေရိက တိုက်များကိုပင် ထိခိုက်စေခဲ့သည်။ ဂရီးလင့်ဒ်၊ ဝက်စ်အင်းဒီးစ်၊ နောဝေ၊ ဆွီဒင်၊ ဗြိတိန်နှင့် အိုင်ယာလန်အပါအဝင် စတုရန်းမိုင်လေးသန်းထက် မနည်းသော ဧရိယာများကို ထိခိုက်စေခဲ့သည်။ အာဖရိကတွင် လှုပ်သွားသော မြေငလျင်အားသည် ဥရောပမှာလှုပ်ခဲ့သည့် မြေငလျင်အားကဲ့သို့ပင်ဖြစ်၏။ အယ်ဂျီးရီးယားနိုင်ငံသည် အထိနာခဲ့သည်။ စပိန်ကမ်းရိုးတန်းနှင့် အာဖရိက မြို့ကြီးများသို့တိုင် ထိုမြေငလျင်သည် ထိခိုက်ပျက်စီးစေခဲ့သည်။HFB 319.2
ပေါ်တူဂီရှိတောင်ကြီးများသည် အောက်ခြေမှကိုင်လှုပ်သလိုခံခဲ့ရပြီး တချို့တောင်များမှာ ထိပ်မှနေပွင့်ထွက်သွားပြီး နှစ်ခြမ်းကွဲသွားကာ ဘေးတွင် ရှိသော လျှိုမြောင်များထဲသို့ လွင့်စင်ကျသွားကြပါသည်။ မီးလျှံများပင် ဤတောင်ကြီးများမှထွက်နေပါသည်။HFB 320.1
လစ္စဘွန်းမြို့တွင်မူ မြေကြီးထဲမှ မိုးချုန်းသံများကဲ့သို့ပေါ်ထွက်လာပြီး မရှေားမနှောင်းမှာပင် မြို့ကြီးတစ်မြို့လုံးခါရမ်းသွားပါတော့သည်။ ခြောက်မိနစ် အချိန်ကလေးအတွင်းမှာ လူပေါင်း ၆၀,၀၀၀ အသက်ဆုံးရှုံးသွားခဲ့ရပါသည်။ ပင်လယ်ရေသည်လည်း ငြိမ်သက်နေရာမှ ရုတ်တရက်ဆိုသလို လှိုင်းများ ထလာကာ ပုံမှန်ရေမျက်နှာပြင်ထက် ပေ (၅၀) ခန့်မြင့်တက်လာပါသည်။HFB 320.2
မြေငလျင်လှုပ်သောနေ့သည် ဘုရားရှိခိုးကျောင်းများ၌ လူများဝတ်ပြု ကိုးကွယ်သည့်နေ့ဖြစ်နေရာ အသက်ဘေးမှလွတ်မြောက်သွားသူ နည်းလှပါသည်။ ထိုသူများ၏ ကြောက်လန့်နေမှုမှာ စာအားဖြင့်ရေးပြလို့ မရအောင်ပင် ဆိုးရွားလှသည်။ မျက်ရည်ကျဖို့ပင် မတတ်နိုင်လောက်အောင် ကြောက်နေကြပါသည်။ ကြောက်အားလန့်အားဖြင့် ရင်ဘတ်များ၊ မျက်နှာများကို ကုတ်ခြစ်ထုရိုက်ကာ ဟိုပြေးဒီပြေးဖြင့် ‘‘မစ္စရီကိုးဒီးယား၊ ကမ္ဘာဆုံးပြီ’’ ဟု အော်ဟစ်နေကြပါသည်။ မိခင်များသည် ကပ်တိုင်ရုပ်တုများကိုထမ်းလျက် သားသမီးများကို ချန်ထားကာ ဦးတည်ရာကို ပြေးနေကြသည်။ လူများစွာတို့သည် အကာအကွယ်ရမည်အထင်နှင့် ဘုရား ရှိခိုးကျောင်းများထဲသို့ ပြေးဝင်ခဲ့ကြသည်။ သို့သော် အချည်းနှီးသာဖြစ်ခဲ့၏။ ထိုသနားစရာ သတ္တဝါများသည် ရုပ်တုများ၊ ကပ်တိုင်များ၊ ယဇ်ပလ္လင်များကို ဖက်ယမ်းရင်း အရှင်လတ်လတ်မြေမြှုပ်ခြင်းခံခဲ့ကြရသည်။HFB 320.3