Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နှိမ့်ချသောသူများကပေးသောသတင်းစကား

    ကျမ်းစာတတ်သည့်ပညာရှိများသည် သမ္မာကျမ်းစာကို ကြိုးကြိုးစားစား ဆုတောင်းလေ့လာသော သစ္စာရှိကင်းစောင့်များဖြစ်ခဲ့ကြလျှင် ထိုအချိန်ကို သူတို့သိတန်ကောင်းပါ၏။ အနာဂတ္တိကျမ်းများက ဖြစ်ပျက်မည့် အကြောင်းအရာများကို သူတို့အားဖွင့်ပြထားပါသည်။ သို့သော် ထိုသတင်းစကားကို ပို၍နှိမ့်ချသော သူများကသာပေးခဲ့ပါသည်။ လက်လှမ်းမီသော အလင်းတရားများကို ရယူရန်မကြိုးစားဘဲ လျစ်လျူရှုခဲ့ သူများသည် အမှောင်ထဲတွင် ချန်ထားခြင်းခံရသည်။ ‘‘ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်’’ ဟု ခရစ်တော် မိန့်ဆိုခဲ့ပါသည်။ ယောဟန် ၈:၁၂။ ထိုသူများထံသို့ ကောင်းကင်မှ တောက်ပသောကြယ်များကို ပေးသနားကာ သမ္မာတရားလမ်းထဲသို့ ပို့ဆောင်တော်မူလိမ့်မည်။HFB 328.1

    ခရစ်တော်ပထမအကြိမ်ကြွလာစဉ်အချိန်က ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် ကပ်ကာလ၏ နိမိတ်လက္ခဏာများကို နားလည်သိမြင်ကာ ကိုယ်တော်ရှင်၏ကြွလာခြင်းကို ကြွေးကြော်ကြိုဆိုခဲ့ဖို့ ကောင်းသည်။ မိက္ခာက ကိုယ်တော်ရှင်၏မွေးရပ်မြေကိုဖေါ်ပြခဲ့ပြီး ဒံယေလက ကြွလာမည့်အချိန်ကို ဖေါ်ပြခဲ့သည်။ မိက္ခာ ၅:၂။ ဒံ၊ ၉:၂၅။ ယုဒခေါင်းဆောင် များသည် ထိုအရာများကို မသိခဲ့ဖူးဆိုလျှင် ခွင့်လွှတ်နိုင်စရာအကြောင်း မရှိပါချေ။ ၎င်းတို့မသိရှိရခြင်း၏အကြောင်းရင်းမှာ လျစ်လျူရှုခဲ့သည့်အတွက် ကြောင့်သာဖြစ်သည်။HFB 328.2

    ဣသရေလခေါင်းဆောင်များသည် ကမ္ဘာ့ရာဇဝင်တွင် အရေးကြီးသည့် ဖြစ်ရပ်ဖြစ်သော ခရစ်တော်ကြွလာခြင်းနှင့် ပတ်သက်သည့် နေရာ၊ အချိန်နှင့် အခြေအနေများကို စိတ်ဝင်တစားလေ့လာထားကြဖို့ ကောင်းပါသည်။ ယုဒလူထုကြီးကလည်း ၎င်းတို့ကြိုဆိုသင့်သော ကမ္ဘာ့ကယ်တင်ရှင်ကို စောင့်မျှော်နေဖို့ကောင်းပါသည်။ သို့သော် နာဇရက်မှ ခရီးပြင်းနှင်လာသော ခရီးသွားနှစ်ယောက်သည် ဗက်လင်မြို့အရှေ့ဘက်ခြမ်းရှိ လမ်းကျဉ်းကလေး အတိုင်းလျှောက်လာကာ ထိုညအတွက်တည်းခိုစရာနေရာတစ်နေရာကို အချည်းနှီး ရှာဖွေနေခဲ့ကြသည်။ ၎င်းတို့အား ကြိုဆိုမည့်သူမရှိချေ။ နောက်ဆုံးတွင်သူတို့သည် နွားထားရန်ပြင်ဆင်ထားသည့် တင်းကုပ် ခပ်စုတ်စုတ်ကိုတွေ့ကာ ထိုနေရာတွင် ကမ္ဘာ့ကယ်တင်ရှင်ကို မွေးဖွားခဲ့ရပါသည်။HFB 329.1

    ထိုသတင်းကောင်းကိုလက်ခံရန် စိတ်နှလုံးပြင်ဆင်ထားသူများထံသို့ သွားရောက်သတင်းပို့ရန် ကောင်းကင်တမန်များကို ခန့်အပ်ထားခဲ့ရာ ၎င်းတို့သည် ဝမ်းပန်းတသာ သွားရောက်သတင်းပို့ကြပါသည်။ ခရစ်တော်သည် လူဇာတိခံယူရန်အတွက်သော်လည်းကောင်း၊ အပြစ်ဒုစရိုက်အတွက် မိမိအသက် ဝိညာဉ်ကို ပူဇော်သကာလုပ်ရမည့် အတိုင်းအဆမဲ့ဝမ်းနည်းစရာ အခြေအနေကို ရင်ဆိုင်ရန်အတွက်သော်လည်းကောင်း မိမိကိုယ်ကို နှိမ့်ချတော် မူခဲ့ရပါသည်။ သို့စေကာမူ ထိုအရှက်ရစေသော နိမ့်ကျသည့်အခြေအနေကို ခံယူစဉ်မှာပင် ဘုရားသခင်၏ သားတော်သည် မိမိစာရိတ္တတော်နှင့် ဆီလျော်သည့် ဂုဏ်သိက္ခာနှင့် လူသားများရှေ့တွင်ပေါ်ထွန်းလာဖို့ ကောင်းကင် တမန်များက အလိုရှိကြပါသည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများသည် ကိုယ်တော်ရှင်ကြွလာခြင်းကို ကြိုဆိုနှုတ်ခွန်းဆက်ရန် ထိုဣသရေလမြို့တွင် စုရုံးခဲ့ကြပါသလား။ ကောင်းကင်တမန်များသည် မြော်လင့်တောင့်တနေသောအဖွဲ့ထံတွင် ကိုယ်တော်ရှင်အား ဆက်သခဲ့ကြ ပါသလား။HFB 329.2

    ယေရှုကိုကြိုဆိုရန် အဆင်သင့်ရှိနေသာသူများနှင့်တွေ့ရန် ကောင်းကင် တမန်များ လှည့်လည်ရှာဖွေခဲ့သော်လည်း မည်သည့်ကြိုဆိုချီးမွမ်းသံကိုမှ မကြားရချေ။ ခေတ်အဆက်ဆက် ဘုရားသခင် အတူရှိတော်မူခဲ့သည့် ဗိမာန်တော်နှင့် ဣသရေလမြို့တော်အပေါ်တွင် ကောင်းကင်တမန်များ ပျံဝဲလျက် ရှာဖွေခဲ့ကြသော်လည်း မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရချေ။ မာနထောင်လွှားပြီး ဟန်ပန်များသော ယဇ်ပုရောဟိတ်များသည် ညစ်ညူးသော ယဇ်ကောင်များကို ပူဇော်နေကြသည်ကိုသာလည်းကောင်း၊ ဖာရိရှဲများသည် အော်ကြီးဟစ်ကျယ်ဖြင့် ပရိသတ်အားမိန့်ခွန်းပေးနေကြသည်ကိုသာ လည်းကောင်း၊ လမ်းဆုံလမ်းခွမှာ ကြွားဝါသောဆုတောင်းမင်္ဂလာပြုနေသည် ကိုသာလည်းကောင်း ကောင်းကင်တမန်များတွေ့ကြရသည်။ ဘုရင်မှစ၍ အတွေးအခေါ်ပညာရှင်များ၊ ကျမ်းတတ်ပုဂ္ဂိုလ်များအဆုံး လူအပေါင်းတို့သည် ပေါ်ထွန်းလာတော့မည့် ကယ်တင်ရှင်နှင့်ပတ်သက်သည့် အံ့ဩဖွယ်ရာ အကြောင်းအရာများကို စိတ်မဝင်စားခဲ့ကြချေ။HFB 330.1

    ထိုကောင်းကင်တမန်သည် သတင်းကောင်းကိုလက်ခံမည့်သူ မတွေ့သဖြင့် ကောင်းကင်နိုင်ငံသို့ပြန်တော့မည့်ဆဲဆဲတွင် သိုးကျောင်းနေသော သိုးထိန်းတစ်ဖွဲ့ကို အံ့ဩဖွယ်ရာတွေ့ရှိခဲ့ပါသည်။ ထိုသူတို့သည် ကြယ်၊ လ၊ နက္ခတ်များနှင့်ပြီးသော ကောင်းကင်ပြင်ကြီးကို စေ့စေ့ကြည့်ကာ ကြွလာမည့်မေရှိယနှင့်ဆိုင်သော အနာဂတ္တိစကားများကို အာရုံပြုလျက် ကယ်တင်ရှင်၏ ကြွလာခြင်းကို တောင့်တနေကြပါသည်။ ဤနေရာတွင် ကောင်းကင်မှသတင်းစကားကို ကြိုဆိုလက်ခံရန် အဆင်သင့်ရှိနေသော လူတစ်စုရှိသည်။ ဤကွင်းပြင်တွင် ကောင်းကင်မှဘုန်းရောင်ခြည်များသည် ရုတ်တရက် ထွန်းလင်းလာကာ မရေမတွက်နိုင်လောက်အောင် များပြားသည့် ကောင်းကင်တမန်များ ပေါ်လာကြပါသည်။ အလွန့်အလွန်ဝမ်းမြောက်သောကြောင့် ကောင်းကင်တမန် တစ်ပါးတည်းဖြင့် ထောမနာပြုရသည်ကို အားမရသည့်ပုံမျိုးပေါ်နေပါသည်။ ပေါ်လာသော ကောင်းကင်တမန်များသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကယ်တင်ခြင်းခံရသူများ ကျူးအေးရမည့် ‘‘ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်မှာလည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်း’’ ဟူသော ဓမ္မသီချင်းဖြင့် ဘုရားသခင်အားချီးမွမ်းမြွက်ဆိုခဲ့ကြသည်။ လုကာ ၂:၁၄။HFB 330.2

    ဗက်လင်မြို့မှ ထိုအံ့ဩဖွယ်ရာအဖြစ်အပျက်သည် နမူနာယူစရာ ကောင်းလှပါတကား။ ထိုအဖြစ်အပျက်က ကျွန်ုပ်တို့၏မယုံကြည်မှု၊ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို အရာရာပြည့်စုံသည်ဟု အထင်ရှိနေမှုများကို ဆုံးမထားပါတကား။ ကပ်ကာလ၏ နိမိတ်လက္ခဏာများကို မသိလိုက်မှာ စိုးသဖြင့် သတိနှင့်နေကြရန် ကျွန်ုပ်တို့အား သတိပေးနေပါတကား။HFB 331.1

    မေရှိယကြွလာခြင်းကို စောင့်မျှော်နေသူများတွင် ထိုသိုးထိန်းများသာ မဟုတ်ကြောင်း၊ အရှေ့တိုင်းသာသနာပတိုင်းပြည်များမှ ပညာတတ်လူချမ်းသာ များလည်းပါဝင်ကြောင်း၊ ကောင်းကင်တမန်များ တွေ့ခဲ့ကြရသည့် ထိုအရှေ့တိုင်းသားများသည် ယာကုပ်အမျိုးမှ ကြယ်တစ်လုံးပေါ်ထွန်းလာမည့်အကြောင်းကို ဟေဗြဲသမ္မာကျမ်းစာ၌ လေ့လာတွေ့ရှိခဲ့ပါသည်။ ‘‘ဣသရေလအမျိုးတို့၏ သက်သာခြင်း’’ ဖြစ်ရုံသာမက ‘တစ်ပါးအမျိုးသားတို့ကိုလင်းစေခြင်းငှာလည်းကောင်း၊’ ‘မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာလည်းကောင်း’ ကြွလာမည့်မေရှိယကို သူတို့စိတ်အားထက်သန်စွာစောင့်မျှော်ခဲ့ကြပါသည်။ လုကာ ၂:၂၅၊ ၃၂၊ တမန် ၁၃:၄၇။ ထိုတစ်ပါးအမျိုးသားကြီးများကို ကောင်းကင်မှကြယ်ကြီးက ကယ်တင်ရှင်မွေးဖွားသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ပါသည်။HFB 331.2

    ‘‘ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို’’ ခရစ်တော်သည် ‘‘ကယ်တင်ခြင်းအလို့ငှာ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။’’ ဟေဗြဲ ၉:၂၈။ ခရစ်တော်မွေးဖွားခြင်းသတင်းကဲ့သို့ပင် ခရစ်တော်ဒုတိယအကြိမ် ကြွလာမည့်သတင်းကိုလည်း ဘာသာရေးခေါင်းဆောင်များထံသို့ အပ်နှံထားတော်မမူချေ။ သူတို့သည် အလင်းကိုလက်မခံကြသောကြောင့် ရှင်ပေါလုဖေါ်ပြခဲ့သည့် အလင်း၏သားများတွင် ၎င်းတို့မပါဝင်ကြ။ ‘‘ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌နေကြသည်မဟုတ်။ သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက်၏သားမဟုတ်။’’ ၁သက်၊ ၅:၄-၅။HFB 332.1

    ဇိအုန်တံတိုင်းပေါ်မှကင်းစောင့်များသည် ကယ်တင်ရှင်ကြွလာသည့် သတင်းကို ပထမဦးစွာရရှိသူများ ဖြစ်သင့်သည်။ ကိုယ်တော်ရှင်သည် အနီးတွင် ရောက်နေကြောင်း ရှေးဦးပထမကြွေးကြော်သူများ ဖြစ်သင့်ပါသည်။ သို့သော် လူထုကြီးက ဒုစရိုက်တွင် အိပ်မောကျ နေစဉ်မှာ သူတို့ကလည်း ဘာကိုမှအမှုမထားဘဲ အေးအေးဆေးဆေး ဖြစ်နေကြသည်။ အသင်းတော်သည် အသီးမသီးသော သဖန်းပင်ကြီးကဲ့သို့ အဖိုးတန် အသီးကင်းမဲ့သော်လည်း အယောင်ဆောင်အရွက်များဖြင့် ဖုံးအုပ်ထားသည်ကို ခရစ်တော်မြင်တွေ့ခဲ့ရသည်။ နှိမ့်ချသောစိတ်၊ သည်းခံသောစိတ်၊ ယုံကြည်သောစိတ်များ လျော့နည်းနေသည်။ မာနထောင်လွှားခြင်း၊ အပြင်ပန်းဟန်ဆောင်ခြင်း၊ အတ္တများခြင်း၊ နိုင်ထက်စီးနင်း လုပ်ခြင်းများကိုသာ အသင်းတော်တွင် တွေ့ခဲ့ရသည်။ ဖေါက်ပြန်နေသောထိုအသင်းတော်သည် ကပ်ကာလ၏ နိမိတ်လက္ခဏာများကို မမြင်အောင် မျက်စိပိတ်ထားပါသည်။ သူတို့သည် ဘုရားသခင်မှလည်းကောင်း၊ ကိုယ်တော်ရှင်၏ မေတ္တာတော်မှလည်းကောင်း ကျောခိုင်းထွက်ခွာလာခဲ့ ကြသည်။ သူတို့သည် အခြေအနေမားနှင့် ဆီလျော်အောင်လုပ်ဆောင်ရန် ငြင်းဆန်နေကြသဖြင့် ကတိတော်များသည် သူတို့၌မပြည့်စုံခဲ့ကြချေ။HFB 332.2

    ခရစ်တော်၏ နောက်လိုက်များစွာတို့သည် ကောင်းကင်မှ အလင်းကို လက်ခံရန် ငြင်းဆန်ခဲ့ကြသည်။ ရှေးခေတ်ယုဒများကဲ့သို့ပင် သူတို့သည်လည်း အလင်းတော်ရောက်လာမည့်အချိန်ကို မသိကြချေ။ ထာဝရဘုရားသည် ၎င်းတို့ကိုကျော်ကာ ရရှိသောအလင်းကို ပြန်လည်ဝေငှကြမည့် ဗင်လင်မြို့မှ သိုးထိန်းများနှင့် မာကုပညာရှိများကဲ့သို့သော ပုဂ္ဂိုလ်များအား သမ္မာတရားအလင်းကို ဖေါ်ပြတော်မူခဲ့ပါသည်။HFB 333.1

    *****