Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သံသယဝင်သူများနှင့်မယုံကြည်သူများ

    နောဧခေတ်ကလူသားများသည် ရေလွှမ်းသည့်အချိန်တိုင်အောင် သတိလက်လွတ်ဖြစ်နေခဲ့ကြသည့်နည်းတူ ကိုယ်တော်ရှင်ကြွလာသောအခါ၌ ဖြစ်လိမ့်မည်ဟု ခရစ်တော်သတိပေးခဲ့သည်။ မဿဲ ၂၄:၃၉။ ယုံကြည်သူများသည် လောကနှင့်တစ်စည်းတစ်လုံးတည်း ရှိနေသောအချိန်၊ လောက၏စည်းစိမ်ခံစားမှုသည် အသင်းတော်၏ စည်းစိမ် ခံစားမှုဖြစ်လာသောအချိန်၊ လူအပေါင်းတို့သည် လောကီဆိုင်ရာသာယာဝပြော မှုကို နှစ်ပေါင်းများစွာမျှော်ကိုးနေသောအချိန်၊ ထိုအချိန်တွင် ရုတ်တရက်လျှပ်စီးများလက်လာကာ ၎င်းတို့၏ ထင်ယောင်ထင်မှား မျှော်လင့်ချက်များသည် အဆုံးသတ်သွားလိမ့်မည်။ ဘုရားသခင်သည် ကမ္ဘာကြီးအား ရေလွှမ်းမိုးမည့်သတင်းကို မိမိကျွန်မှတစ်ဆင့် ကြိုတင် သတိပေးတော်မူသကဲ့သို့ နောက်ဆုံးသောတရားစီရင်ခြင်း နီးကပ်လာကြောင်း သတင်းကိုလည်း ရွေးချယ်ထားသည့်စေတမန်များမှတစ်ဆင့် အသိပေးနေ ပါသည်။ နောဧ၏ ခေတ်ပြိုင်ပုဂ္ဂိုလ်များက နောဧ၏ကြိုတင်ဟောကိန်း အတွက်လှောင်ပြောင်သရော်ခဲ့ကြသကဲ့သို့ မီလာအချိန်က ယုံကြည်သူဟု ဆိုသူများကလည်း သတိပေးစကားကို ပြက်ရယ်ပြုခဲ့ကြသည်။HFB 359.2

    အသင်းတော်များသည် ဘုရားသခင်ပေးပို့တော်မူသည့် သတင်းစကား ကြောင့် ရန်ငြိုးဖွဲ့ကြကာ ဘုရားသခင်အားကျောခိုင်းသွားသည်မှာ လုံးဝထင်ရှားနေချေပြီ။HFB 360.1

    ကြွလာခြင်းဆိုင်ရာသတင်းစကားများကို လက်ခံသူများမှာ ရပ်တည်ဖို့ အချိန် ရောက်လာပြီဟု သဘောပေါက်ကြပါသည်။ ‘‘ထာဝရကာလနှင့် စပ်ဆိုင်သောအရာများကို အမှန်တကယ်ဖြစ်လာမည့်အရာများဟု သူတို့မှတ်ယူ ကြသည်။ ကောင်းကင်သည် သူတို့နှင့်နီးစပ်လာကာ ဘုရားသခင့်ရှေ့တော်တွင် မိမိတို့အပြစ်ရှိကြောင်း သူတို့သိရှိကြသည်’’ (S. Bliss, Memories of William Miller, p. 146). အချိန်သည် တိုတောင်းနေပြီဖြစ်ရာ မိတ်ဆွေများအတွက် လုပ်ဆောင်ရမည့်အရာများကို အမြန်လုပ်ဆောင်ကြရမည်ဟု ခရစ်ယာန်များကို သိရှိခံစားစေခဲ့သည်။ ထာဝရကာလသည် ၎င်းတို့ရှေ့မှောက်တွင် ဖွင့်လှစ် ထားသယောင်ဖြစ်ခဲ့သည်။ ဘုရားသခင်၏နေ့ကြီးအတွက် ပြင်ဆင်ကြရန် ၎င်းတို့၏တောင်းဆိုသံများကိုလည်း သန့်ရှင်းသောဝိညာဉ်တော်က နားညောင်းကာတန်ခိုးချပေးခဲ့သည်။ ၎င်းတို့၏နေ့စဉ်အသက်တာက ဆက်ကပ်မှုမရှိသော အသင်းသားများအတွက် ဆုံးမစရာတစ်ခု ဖြစ်နေသည်။ အပျော်အပါး၌ယစ်မူးခြင်း၊ ငွေရှာခြင်းနှင့် လောကရာထူးရာခံများကိုရအောင် ကြိုးစားခြင်း စသည့်လောကီအမှုများကို နှောင့်ယှက်သည်ကိုမကြိုက်သော ထိုအသင်းသားများသည် ဤနည်းအားဖြင့် မြော်လင့်ခြင်းနှင့် ယုံကြည်ခြင်း အတွက် ဆန့်ကျင်သူများ ဖြစ်လာကြပါသည်။HFB 360.2

    အနာဂတ္တိစကားများသည် တံဆိပ်ခတ်ထားခြင်းခံရကြောင်း သွန်သင်ခြင်းအားဖြင့် စုံစမ်းလေ့လာသုံးသပ်မှုများကို အားနည်းသွားအောင် ဆန့်ကျင်သူများက ကြိုးစားခဲ့ပါသည်။ ဤနည်းအားဖြင့် ပရိုတက်စတင့်များသည် ရောမအသင်းတော်၏ ခြေရာကိုလိုက်နင်းခဲ့ကြသည်။ ကျွန်ုပ်တို့ခေတ်ကာလအတွက် အထူးသဖြင့်အရေးပါသော နှုတ်ကပတ်တော်မှ အရေးကြီးသောအပိုင်းများကို နားလည်နိုင်သောကျမ်းများမဟုတ်ကြောင်း ပရိုတက်စတင့်များက ကြွေးကြော်ကြသည်။ ဒံယေလအနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့မှာ နားမလည်နိုင်လောက်အောင် နက်နဲသောကျမ်းများ ဖြစ်ကြောင်း တရားဟောဆရာများက ကြွေးကြော်နေကြပါသည်။HFB 361.1

    သို့ရာတွင် ခရစ်တော်က ဒံယေလပုရောဖက်၏ နှုတ်ထွက်စကားများကို ရည်ညွှန်းလျက် ‘‘ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ’’ ဟု တပည့်တော်များအား မိန့်တော်မူခဲ့၏။ မဿဲ ၂၄:၁၅။ ၎င်းပြင် ဗျာဒိတ်ကျမ်းသည်လည်း နားလည်သဘောပေါက်နိုင်သည့်ကျမ်း ဖြစ်သည်။ ‘‘ကာလမကြာမြင့်မီ ဖြစ်ရမည့်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကိုဆိုပေအံ့။---ကာလအချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ်နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။’’ ဗျာ၊ ၁:၁-၃။HFB 361.2

    ဤကျမ်းစကားကို မဖတ်မရွတ်သောသူများ၊ နားမထောင်သော သူများနှင့် မစောင့်ရှောက်သောသူများသည် ကတိတော်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို တောင်းခံခွင့်ရှိကြမည်မဟုတ်ချေ။HFB 362.1

    ဗျာဒိတ်ကျမ်းအား လူသားများနားလည်နိုင်စွမ်းရှိသောကျမ်း မဟုတ်ဟု လူသားများသင်ကြားရဲကြပါတကား။ ဤကျမ်းသည် နက်နဲသော အရာတစ်ခုကို ဖေါ်ပြထားသည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်းသည် ဒံယေလ အနာဂတ္တိကျမ်းကိုညွှန်ပြသည်။ ဤကျမ်းနှစ်ကျမ်းစလုံးသည် ကမ္ဘာ့ရာဇဝင်၏ အဆုံးပိုင်းကလေးတွင်ဖြစ်ပျက်မည့်အရာများနှင့် စပ်ဆိုင်သော အရေးကြီးသည့် သွန်သင်ချက်များကို တင်ပြထားသည်။HFB 362.2

    ဘုရားသခင်၏သားသမီးများရင်ဆိုင်ရမည့် အန္တရာယ်များ၊ တိုက်လှန် ပွဲများနှင့် ကယ်နုတ်ခြင်းများကို ရှင်ယောဟန်မြင်ခဲ့သည်။ ကောင်းကင် စပါးကျီ (သို့မဟုတ်) ထာဝရငရဲမီးအိုင်ထဲတွင် သိုထားရန် ကောက်လှိုင်းများကိုရင့်မှည့်စေသည့် အဆုံးသတ်သတင်းစကားများကို သူမှတ်တမ်းတင်ခဲ့သည်။ အမှားလမ်းမှ အမှန်တရားဘက်သို့ ဦးလှည့်နေသူ များကို ၎င်းတို့၏ရှေ့တွင်ရှိနေသည့် ပျက်စီးခြင်းနှင့် တိုက်လှန်မှုများအကြောင်း ကို ၎င်း၏ သတင်းစကားများက သွန်သင်နိုင်ပါလိမ့်မည်။HFB 362.3

    အဘယ်ကြောင့် သမ္မာကျမ်းစာ၏အရေးကြီးသောအစိတ်အပိုင်း တစ်ခုကို ထိုအချိန်ကလူအတော်များများက မသိရှိခဲ့ကြသနည်း။ မိမိ၏ လိမ်လည်မှုကိုဖေါ်ထုတ်မည့်အရာကို လူတို့ရှေ့မှာ ဖုံးအုပ်ထားရန် စာတန်၏ လေ့လာကြိုးစားမှု၏ ရလဒ်ပင်ဖြစ်သည်။ ဗျာဒိတ်ကျမ်းကို အတိုက်အခံပြုမည့် အရာများကို ကြိုတင်မြင်တွေ့ထားသည့် ခရစ်တော်ဘုရားက ထိုအကြောင်း ကြောင့် ဤကျမ်းကိုဖတ်ရှုကြားနာစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ သည်ဟု ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။HFB 363.1

    *****