Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောက်စဘတ်လွှတ်တော်အစည်းအဝေး

    ဧဝံဂေလိတရားတော်နှင့်စပ်ဆိုင်သော မင်းသားများ၏အယူခံဝင်မှုကို ကြားနာရန် ဖာဒီနန်ဘုရင်ကငြင်းဆိုခဲ့သော်လည်း ချားစ်ဧကရာဇ်ကမူ အင်ပါယာကြီးကိုထိခိုက်စေမည့် ထိုသဘောထားကွဲပြားမှုများကိုကုစားရန် စပါးကန့်ကွက်လွှာတင်သွင်းပြီး နောက်တစ်နှစ်မှာပင် အောက်စဘတ်တွင် ညီလာခံတစ်ခုကျင်းပရန် ခေါ်ယူခဲ့ပါသည်။ သူကိုယ်တိုင်ဦးစီးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်း ဧကရာဇ်မင်းကကြေညာခဲ့ပါသည်။ ပရိုတက်စတင့် ခေါင်းဆောင်းများကိုလည်း ညီလာခံသို့တက်ရောက်ကြရန်ဖိတ်ကြားခဲ့ပါသည်။HFB 209.1

    ‘‘ခွန်အားကောင်းသောရန်သူများရှိသည့် မြို့တစ်မြို့ရဲ့ မြို့တံတိုင်းများ အတွင်းမှာ ကိုယ့်ကိုကိုယ်ပိတ်မိနေအောင်လုပ်ခြင်းဟာ စွန့်စားရာမရောက်ပေ ဘူးလား’’ ဟုဆိုကာ ဆက္ကဆိုနီလွှတ်တော်အမတ်အား ထိုညီလာခံသို့မတက်ရန် အကြံပေးပုဂ္ဂိုလ်များက တိုက်တွန်းခဲ့ကြပါသည်။ သို့သော် အခြားမှူးမတ်များ ကမူ ‘‘မင်းညီမင်းသားများက သတ္တိပြောင်ပြောင်နဲ့လုပ်ဆောင်မှသာ ဘုရားသခင်၏ အမှုတော်ဟာ လုံခြုံမှုရမယ်’’ ဟု ဖွင့်ဟကြသကဲ့သို့ လူးသာကလည်း ‘‘ထာဝရဘုရားသခင်ဟာ သစ္စာတော်နှင့်ပြည့်စုံ၏။ ကျွန်ုပ်တို့ကို ဘယ်တော့မှစွန့်ပစ်ထားခဲ့မှာမဟုတ်ဘူး’’ ဟုအားပေးခဲ့သည်။HFB 209.2

    ထိုလွှတ်တော်အမတ်သည် အောက်စဘတ်သို့ခရီးနှင်ခဲ့ရာ လူများစွာ တို့သည် စိုးရိမ်သောမျက်နှာ၊ ကြောက်ရွံ့သောစိတ်နှလုံးများဖြင့် သူနှင့်အတူ လိုက်ပါသွားခဲ့ကသည်။ သို့သော် ကိုဘတ်မြို့တိုင်အောင် သူတို့နှင့်အတူ လိုက်ပါလာသော လူးသာက ထိုခရီးစဉ်အတွက်ရေးစပ်ထားသော ‘‘အားကြီးသောရဲတိုက်ကျူး’’ ဓမ္မသီချင်းကို သီဆိုကျူးအေးကာ ၎င်း၏ ယုံကြည်ခြင်းကိုပြန်လည်နိုးကြားစေခဲ့ပါသည်။ ထိုဓမ္မသီချင်းသံကြောင့် လေးလံနေသော စိတ်နှလုံးများတို့သည် ပေါ့ပါးကြည်လင်သွားခဲ့ပါသည်။ HFB 210.1

    ပြုပြင်ပြောင်းလဲရေးသမားမင်းညီမင်းသားများသည် မိမိတို့၏ ရှုထောင့်များကို သမ္မာကျမ်းစာမှ အထောက်အထားများဖြင့် တင်ပြကြရန် ဆုံးဖြတ်ရာ စာတမ်းပြုစုရန်အတွက် မာတင်လူးသာနှင့် မက္ကလန်သန်တို့အဖွဲ့ကို တာဝန်ပေးအပ်ခဲ့ပါသည်။ ဤယုံကြည်ခြင်းအတွက် ဝန်ခံချက်ကို ပရိုတက်စတင့်များက လက်ခံခဲ့ကြပြီး ထိုစာရွက်စာတမ်းများအပေါ်၌ မိမိတို့၏ နာမည်များကို ကမ္ပည်းတင်ရန် သူတို့စုဝေးကြပါသည်။HFB 210.2

    မိမိတို့၏အမှုတော်ကို နိုင်ငံရေးကိစ္စများနှင့်ရောထွေးစွာ အမြင်မမှား သင့်ကြောင်း ပြုပြင်ရေးသမားများကတောင်းပန်ကြသည်။ ခရစ်ယာန်မင်းညီ မင်းသားများကလည်း ယုံကြည်ခြင်းဆိုင်ရာ ဝန်ခံချက်တွင် လက်မှတ်ရေးထိုး ကြတော့မည်ဖြစ်ရာ မက္ကလန်သန်က ‘‘ဤကိစ္စမျိုးကို ဘာသာရေးဆရာများနှင့် တရားဟောဆရာများကသာ တင်ပြဖို့ဖြစ်ပါတယ်’’ ဟု ကြားဝင်ဖျန်ဖြေရာ- ‘‘ထိုသို့မဟုတ်ရာ၊ မင်းတို့ဟာ ငါတို့ကိုပမထားသင့်ဘူး။ ရာထူးကို ထိခိုက်မှာကို မစိုးရိမ်ဘဲ အမှန်တရားဘက်တွင်ရပ်တည်ဖို့ ငါဆုံးဖြတ် ထားတယ်။ သခင်ဘုရားထံတွင် ငါလည်းဝန်ခံလိုပါတယ်။ ငါရဲ့ လွှတ်တော်အမတ်ရာထူးဟာ ခရစ်တော်ရဲ့ကပ်တိုင်လောက် ငါ့အတွက် တန်ဖိုးမရှိပါဘူး’’ ဟု ဆက္ကဆိုနီအမတ် ဂျွန်က ဖွင့်ဟခဲ့ပါသည်။ သခင်ဘုရား အလိုရှိပါလျှင် ငါ့ရဲ့အသက်စည်းစိမ်ကိုစွန့်ပစ်ဖို့ ငါအဆင်သင့်ရှိတယ်’’ ဟု အခြားမင်းညီမင်းသားတစ်ပါးက ဖွင့်ဟပြန်ပါသည်။ ‘‘ကျွန်ုပ်ဟာ ကျွန်ုပ်ပြည်သူတွေနဲ့ ကျွန်ုပ်အုပ်ချုပ်နေတဲ့ ပြည်နယ်ကိုလည်းကောင်း၊ ကျွန်ုပ်ရဲ့ ဘိုးဘေးများရဲ့တိုင်းပြည်ကိုလည်းကောင်း စွန့်လွှတ်ကောင်းစွန့်လွှတ်မည် ဖြစ်သော်လည်း ဝန်ခံချက်ထဲမှာဖေါ်ပြထားတဲ့ယုံကြည်ချက်တွေကိုတော့ ကျွန်ုပ်ရယူမှာဖြစ်တယ်’’ ဟု ထိုမင်းသားကဆက်လက်သက်သေခံခဲ့ပါသည်။HFB 210.3

    သတ်မှတ်ထားသောအချိန်သို့ရောက်ရှိလာသောအခါ ပဉ္စမမြောက် ချားစ်ဘုရင်သည် အမတ်များ၊ မင်းညီမင်းသားများခြံရံလျက် ပရိုတက်စတင့် ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားများအား တွေ့ဆုံခွင့်ပေးခဲ့သည်။ ခမ်းနားကြီးကျယ်သော ထိုအစည်းအဝေးပွဲကြီးတွင် ဝမ်းမြောက်ဖွယ်ရာ သမ္မာတရားများကို ရှင်းလင်းစွာထွန်းလင်းပြသခဲ့ပြီး ရဟန်းမင်းအသင်းတော် ၏မှားယွင်းမှုများကို ထောက်ပြခဲ့ပါသည်။ ထိုနေ့ကို ဘာသာရေးပြုပြင် ပြောင်းလဲရေးလှုပ်ရှားမှုအတွက် အကြီးမြတ်ဆုံးသောနေ့၊ လူသားများနှင့် ခရစ်ယာန်အယူဝါဒ၏ သမိုင်းကြောင်းတွင် ကျက်သရေအရှိဆုံးနေ့တစ်နေ့ အဖြစ်ကြေညာခဲ့ပါသည်။HFB 211.1

    ဝစ်တင်းဘတ်မှ ရဟန်းပျိုကလေး မာတင်လူးသာမှ ဝမ်းစ်လွှတ်တော် တုန်းက တစ်ဦးတည်းရပ်ထခဲ့သော်လည်း ယခုတွင်မူ သူ့နေရာ၌ အင်ပါယာမှ တန်ခိုးအာဏာရှိသော မင်းညီမင်းသားများ ရပ်ထနေကြပါသည်။ ‘‘ဤအချိန်နာရီအထိအသက်ရှင်ခွင့်ရခဲ့လို့ အထူးဝမ်းသာ မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ကလေးမှာ ဂုဏ်အသရေရှိပုဂ္ဂိုလ် များနဲ့၊ မင်္ဂလာအပေါင်းနဲ့ပြည့်ဝတဲ့ အစည်းအဝေးကြီးမှာ ခရစ်တော်ကို လူသိရှင်ကြားမြှောက်စားခဲ့ကြလို့ပဲ ဖြစ်ပါတယ်’’ ဟု လူးသာက ရေးသားခဲ့ပါသည်။HFB 211.2

    တရားဟောစင်မြင့်ပေါ်မှာမဟောကြားဖို့ ဧကရာဇ်မင်းက တားမြစ်ခဲ့သောအရာကို နန်းတော်မှာ ဟစ်ကြွေးနေကြချေပြီ။ ကျွန်များပင် နားထောင်ရန်မသင့်လျော်ဟု မှတ်ယူခဲ့သောသတင်းစကားကို အင်ပါယာမှ သခင်များ၊ အရာရှိများက အံ့ဩစွာဖြင့် နာကြားနေကြပါသည်။ တရားဟောနေ သူများမှာ အာဏာရ မင်းညီမင်းသားများဖြစ်ပြီး တရားဟောချက်များမှာ ဘုရားသခင်၏ မြင့်မြတ်သော အမှန်တရားများဖြစ်သည်။ ‘‘တမန်တော်အချိန် မှစ၍ ထိုကဲ့သို့သော ကြီးမြတ်သောအမှုတော်မျိုး၊ ပို၍ကြီးကျယ်သော ဝန်ခံခြင်းမျိုး တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသေးချေ။’’ ခိုင်မြဲစွာလူးသာစွဲကိုင်ထားသည့်နိယာမများမှ တစ်ခုမှာ- ဘာသာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီးပြီးမြောက်စေရန် လောကီအာဏာရှင်များကို အားမကိုးသင့်ဟူသောအချက်ဖြစ်သည်။ ထိုအင်ပါယာကြီးမှ မင်းညီမင်းသားများက ဧဝံဂေလိတရားတော်ကို လက်ခံလာကြသဖြင့် သူဝမ်းမြောက်သည်မှာမှန်သော်လည်း ပူးပေါင်းကာကွယ်ဖို့ရန် သူတို့အဆိုပြု လာကြသောအခါတွင်မူ ‘‘ဧဝံဂေလိတရားတော်ရဲ့ ယုံကြည်ချက်တွေကို ဘုရားသခင် တစ်ဆူတည်းကသာ ကာကွယ်တော်မူလိမ့်မယ်။ အခုအကြံပြုနေတဲ့ နိုင်ငံရေးသဘောအရ ကြိုတင်ကာကွယ်မှုအားလုံးဟာ သူ့အမြင်အားဖြင့် မကြောက်သင့်တဲ့ အရာကို ကြောက်နေခြင်းဖြစ်ပြီး ဒုစရိုက်နှင့်ပြည့်ဝသော မယုံကြည် မကိုးစားခြင်း ဖြစ်နေသည်ဟု လူးသာကဖွင့်ဟတင်ပြသွားပါသည်။HFB 212.1

    မကြာမီရက်များတွင် လူးသာသည် မင်းညီမင်းသားများ အာရုံပြု နေသော ထိုပူးပေါင်းလုပ်ဆောင်ရန်အစီအစဉ်ကို ရည်ညွှန်းလျက် ‘‘ဒီတိုက်လှန်ပွဲအတွက် တစ်ခုတည်းသောလက်နက်မှာ ဝိညာဉ်တော်ဓါးသာ ဖြစ်သင့်ကြောင်း’’ ဟုဖွင့်ဆိုခဲ့ပါသည်။ ‘‘ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ ဩတ္တပ္ပစိတ်ကို ထောက်ပြီး အဆိုပြုခဲ့သည့်ပူးပေါင်းဆောင်ရွက်မှုကိစ္စကို အတည်ပြုမပေး နိုင်ပါ။ ခရစ်တော်ရဲ့ကပ်တိုင်ကို ကျွန်ုပ်တို့ထမ်းရမယ်။ အမတ်ကြီး၊ မကြောက်ပါနဲ့။ ကျွန်ုပ်တို့ရဲ့ရန်သူများ ကြွားဝါနေတာများထက် ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်များအားဖြင့် ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ကြ ပါလိမ့်မယ်’’ ဟု ဆက္ကဆိုနီအမတ်အား လူးသာစာရေးအားပေးခဲ့ပါသည်။HFB 213.1

    ဆိတ်ငြိမ်သောနေရာမှ ဆုတောင်းသံများကြောင့် ထွက်ပေါ်လာသော တန်ခိုးသည် ဘာသာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုအားဖြင့် ကမ္ဘာကြီးအား တုန်လှုပ်သွားစေခဲ့ပါသည်။ လူးသာသည် အောက်စဘတ်တွင် တစ်နေ့လျှင် အနည်းဆုံး (၃) နာရီ ဆုမတောင်းဘဲ တစ်နေ့တာကိုမကုန်လွန်စေခဲ့ဖူးပါ။ သူသည် မိမိ၏လွန်လပ်မှုရှိသော အခန်းကလေးထဲတွင် ချီးမွမ်းခြင်း၊ မြော်လင့်ခြင်းတို့နှင့် ပြည့်ဝသောစကားလုံးများဖြင့် ဘုရားသခင့်ရှေ့တော်တွင် ဆုတောင်းပတ္ထနာပြုခဲ့ပါသည်။ ထိုနောက် ‘‘တို့လုပ်ဆောင်နေတဲ့ အလုပ်ဟာ မတရားဘူးဆိုရင် ဒါကိုစွန့်လွှတ်ကြစို့။ အကယ်၍ တရားမျှတတယ်ဆိုရင် စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ အိပ်ဖို့အမိန့်ပေးနေတဲ့ ကတိတော်များကို တို့ထင်ယောင်ထင်မှား ဖြစ်မနေသင့်ကြဘူး’’ ဟု မက္ကလန်သန်ထံသို့ စာရေးအကြောင်းကြားခဲ့ပါသည်။ ပရိုတက်စတင့် ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားများသည် ခရစ်တော်အပေါ်တွင် ၎င်းတို့၏အမှုတော်ကို တည်ဆောက်ခဲ့ကြရာ ငရဲတခါးများသည် ၎င်းတို့ကို မအောင်မြင်နိုင်ခဲ့ပါချေ။HFB 213.2

    *****