Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူးသာ၏အမှုတော်အစ

    လူးသာထံမှ အရေးကြီးသောသတိပေးသံများကို တရားဟော စင်မြင့်ပေါ်မှ ထွက်ပေါ်လာသည်ကို ကြားကြရပေပြီ။ အကျိုးကို ပျက်ပြား စေသော အပြစ်၏သဘာဝကို ထောက်ပြကာ ထိုအပြစ်များကို လျော့ပါးသွားဖို့ အကျင့်အားဖြင့် မဖြစ်နိုင်ကြောင်း၊ ပြစ်ဒဏ်စီရင်ခြင်းမှ ကင်းလွတ်ရန် အကျင့်အားဖြင့် ရှောင်ထွက်ပြေးဖို့ မဖြစ်နိုင်ကြောင်း လူထုကြီးအား လူးသာသွန်သင်ခဲ့ပါသည်။ ဘုရားသခင်ထံတွင် နောင်တရခြင်းနှင့် ခရစ်တော်အား ယုံကြည်ခြင်းအားဖြင့်သာ အပြစ်သားသည် ကယ်တင်ခြင်း ရနိုင်ကြောင်း၊ ကျေးဇူးတော်သည် အခမဲ့ပေးသော ဆုလက်ဆောင်ဖြစ်သဖြင့် ဝယ်ယူလို့မရနိုင်ကြောင်း၊ ထိုကြောင့် အပြစ်မှပစားပေးသည့် လက်မှတ်များကို မဝယ်ကြဘဲ ကပ်တိုင်အတင်ခံခဲ့ရသော ခရစ်တော်ကိုသာ ယုံကြည်ခြင်း အားဖြင့် မျှော်ကြည့်ကြဖို့လိုကြောင်း သူအကြံပြုခဲ့ပါသည်။ မိမိအနေဖြင့် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းများ ကိုခံစားခဲ့ရကြောင်း တရားနာပရိသတ်ကို အာမခံချက်ပေးကာ ရင်နာစရာ အတွေ့အကြုံများကို သူရင်ဖွင့်ခဲ့ပါသည်။HFB 122.1

    တက်ဇယ်သည် ဘုရားတရားရှိဟန်ပြုသော ဟန်ဆောင်မှုကို ဆက်လက်ကျင့်သုံးနေရာ ပို၍ထိရောက်သော ကန့်ကွက်မှုများကို လုပ်ဆောင်ရန် လူးသာဆုံးဖြတ်ခဲ့ပါသည်။ ဝစ်တင်းဘတ်ရှိ ရဲတိုက် အသင်းတော်တွင် သန့်ရှင်းသောနေ့များ၌ ပရိသတ်များပူဇော်ရန် ထုတ်ပြလေ့ ရှိသည့် အံတော်၊ ဆံတော်ရုပ်ကြွင်းများ ရှိပါသည်။ ထိုရုပ်ကြွင်းများကို ထုတ်ပြသည့်နေ့များတွင် ဘုရားကျောင်းသို့လာ၍ အပြစ်ဝန်ချသူများ၏ အပြစ်များကို ကွင်းလုံးကျွတ်ခွင့်လွှတ်ခြင်း ပေးခဲ့သည်။ အရေးအပါဆုံးထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ‘‘သူတော်စင်များ၏ပွဲတော်’’ နေ့သည်လည်း ချဉ်းကပ်လာနေပေပြီ။ လူးသာသည် ထိုဘုရားကျောင်းသို့ လာနေသော လူထုကြီးနှင့် ပူးပေါင်းကာ အပြစ်မှပစားပေးခြင်း ယုံကြည်ချက်များနှင့် ဆန့်ကျင်နေသည့် (၉၅) ချက်ကို ဝစ်တင်းဘတ်ဘုရားကျောင်း၏ တံခါးမကြီးတွင် ချိတ်ဆွဲဖော်ပြလိုက်ပါသည်။HFB 122.2

    သူ၏တင်ပြချက်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားသွားပါသည်။ မြင်တွေ့သူများက ထို (၉၅) ချက်ကိုဖတ်ကာ ရောက်ရာအရပ်၌ ပြန်လည်ဖေါက်သည်ချကြပါသည်။ တစ်မြို့လုံး၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါသည်။ အပြစ်မှခွင့်လွှတ်နိုင်သည့်အာဏာနှင့် အပြစ်ဒဏ်ကို ပယ်ရှင်းနိုင်ခွင့်အာဏာကို ရဟန်းမင်းအပါအဝင် မည်သည့်လူသား၌မျှ အပ်နှံထားခြင်း မရှိကြောင်း၊ ထို (၉၅) ချက်အားဖြင့် ထင်ရှားစေခဲ့ပါသည်။ နောင်တရခြင်း၊ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကို ဘုရားသခင်ထံမှ အဖိုးအခ မပေးရဘဲ ရရှိနိုင်ကြောင်း ထိုတင်ပြချက်များက ထင်ရှားစေခဲ့ပါသည်။HFB 123.1

    လူးသာတင်ပြသည့်အချက် (၉၅) ချက်ပါစာတမ်းသည် ဂျာမနီတစ်ပြည်လုံးသို့ ပျံ့နှံ့သွားကာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် ဥရောပတစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ပါသည်။ ရောမအသင်းတော်ကို စွဲလမ်းသောအသင်းသား အများစုသည် ဘုရားသခင်၏ အသံတော်သည် ထိုစာတမ်းတွင်ပါဝင်ကြောင်း အသိအမှတ်ပြုကာ ဝမ်းသာအားရ ဖတ်ရှုကြပါသည်။ ရောမအသင်းတော်မှ ဖန်တီးနေသည့် ဖေါက်ပြန်ပျက်စီးမှုဒီရေလှိုင်းကို ရပ်တန့်သွားစေရန် လက်တော်ကို ဘုရားသခင် ဆန့်တော်မူပြီဟု သူတို့ခံစားကြရပါသည်။ အသင်းတော်၏ ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်မှုများကို ပယ်ချနေသည့် မောက်မာသော အာဏာရတန်ခိုးကို ရပ်တန့်သွားစေမှုအတွက် မင်းညီမင်းသားများနှင့် တရား သူကြီးများကလည်း ကြိတ်၍ဝမ်းသာနေကြပါသည်။HFB 123.2

    မိမိတို့၏ အကျိုးစီးပွားကို ထိခိုက်နိုင်ကြောင်း မြင်တွေ့နေသည့် စဉ်းလဲသော အသင်းတော်ခေါင်းဆောင်များသည် ဒေါသထွက်နေကြပါသည်။ လူးသာသည် ခါးသီးသောစွပ်စွဲသူများနှင့် ရင်ဆိုင်ရပေတော့မည်။ ‘‘စိတ်လှုပ်ရှားနေသည့် ရန်လိုသူများ၏ စွပ်စွဲမှုများနှင့် ကင်းလွတ်သည့် သဘောတရားအသစ် ဖွင့်ဟနိုင်သူရှားတယ်ဆိုတာကို မည်သူမျှမသိကြဘူးလား။ ခရစ်တော်နဲ့တကွ အာဇာနည်များဟာ ဘာကြောင့် အသတ်ခံခဲ့ကြရသလဲ။ ရှေးဟောင်းအယူအဆများရဲ့ သံတော်ဆင့်များထံမှာ ပထမဦးစွာ နှိမ့်ချသောစိတ်ဖြင့် အကြံမယူဘဲ အသစ်အဆန်းတွေကိုတင်ပြလို့ အသတ်ခံခဲ့ကြရတယ်’’ ဟုသူတို့ တုံ့ပြန်ခဲ့သည်။HFB 124.1

    သူ့ရန်သူများ၏ ပြစ်တင်ရှုတ်ချမှုများ၊ သူ့အကြံအစည်အပေါ် မှားယွင်းစွာအနက်ဖွင့်မှုများ၊ သူ့စာရိတ္တအပေါ် ဝန်တိုမှုအပြည့်ဖြင့် တုံ့ပြန်မှု များသည် လှိုင်းလုံးများအလား လူးသာကိုရိုက်ခတ်ပါတော့သည်။ ခေါင်းဆောင်များသည် ဘာသာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ဝမ်းသာအားရ ပူးပေါင်းလာကြမှာပဲဟု သူယုံကြည်လျက် အသင်းတော်အတွက် အရုဏ်ဦးအလင်းရောင်ကို စိတ်အာရုံတွင် လူးသာမြင်တွေ့ထားပါသည်။HFB 124.2

    သို့ရာတွင် အားပေးသံများသည် ပြစ်တင်ရှုတ်ချသံများအသွင်သို့ ကူးပြောင်းသွားခဲ့ပါသည်။ ဤသမ္မာတရားများကို လက်ခံခြင်းသည် ရောမ၏ တန်ခိုးအာဏာအား ယုတ်လျော့စေသည်ကို လည်းကောင်း၊ အသင်းတော် ဘဏ္ဍာတိုက်ထဲသို့ စီးဝင်နေသောငွေဝင်လမ်းကြောင်း များစွာသည်လည်း ယခုတွင် ရပ်ဆိုင်းကုန်သည်ကိုလည်းကောင်း၊ ထိုအကြောင်းကြောင့် အသင်း တော် ခေါင်းဆောင်ကြီးများ၏ ခမ်းနားထည်ဝါမှုများ လျော့နည်းသွားပြီကို လည်းကောင်း များစွာသောနိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်ပိုင်းမှ မကြာ မီတွင်ပင် မြင်တွေ့လာခဲ့ပါသည်။ ကယ်တင်ခြင်းရရန် ခရစ်တော် တစ်ပါးတည်း ကိုသာအားကိုးရန် သွန်သင်နေခြင်းသည် ရဟန်းမင်း၏ ဦးဆောင်မှုကို ပျက်ပြားစေပြီး အဆုံးတွင် ၎င်းတို့၏အာဏာကို လည်း ထိပါးစေပါသည်။ ထိုကြောင့် သူတို့သည် မိမိတို့အား အလင်းပေးရန် ဘုရားသခင်စေလွှတ်တော်မူသော ထိုလူသားကို ဆန့်ကျင်ဘက်လုပ်ခြင်း အားဖြင့် ခရစ်တော်နှင့် သမ္မာတရားကို တိုက်ပွဲဝင်ရန် ကိုယ့်ကိုကိုယ်ပြင်ဆင်ခဲ့ကြပါသည်။HFB 125.1

    ဤကမ္ဘာကြီးရှိ ဩဇာအာဏာနှင့် ပြည့်ဝသောသျများကို ဆန့်ကျင်နေသော သူတစ်ယောက်အဖြစ် မိမိကိုယ်ကိုရှုမြင်မိသောအခါ လူးသာသည် တုန်လှုပ်သွားခဲ့ပါသည်။ ‘‘ငါက ဘာကောင်မို့ တစ်ကမ္ဘာလုံးက ကြောက်ရွံ့တုန်လှုပ်နေရတဲ့ ရဟန်းမင်းကြီးကို အာခံနေရတာလဲ။ ဒီ (၂) နှစ်အတွင်းမှာ ငါ့စိတ်ထဲမှာ ဘာတွေခံစားရတယ်ဆိုတာ၊ ဘာစိတ်ပျက်စရာ၊ အားငယ်စရာတွေကို ခံစား ခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး’’ ဟု လူးသာရေးသားခဲ့ပါသည်။ လူသားများ၏ ထောက်ခံမှုမရှိတော့သော်လည်း သူသည် ဘုရားသခင်ကို မျှော်ကြည့်ကာ ကိုယ်တော်ကို အနန္တတန်ခိုးတော်နှင့် ပြည့်စုံသောလက်ရုံးတော်၌ လုံခြုံစွာမှီခိုနိုင်ခဲ့ပါသည်။HFB 125.2

    ‘‘မင်းရဲ့ပထမဦးဆုံးလုပ်ရမည့်တာဝန်က ဆုတောင်းခြင်းဖြင် အစပြုဖို့ပဲ။ တို့ရဲ့ကိုယ်ပိုင်လုပ်ဆောင်မှုများနဲ့ နားလည်တတ်ကျွမ်းမှုများကနေ ဘာမှမျှော်လင့်လို့ မရဘူး။ ကိုယ်တော်ရှင်၌ လုံးလုံးကိုးစားပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်စိုးမှုကို ကိုးစားပါ’’ ဟု မိတ်ဆွေတစ်ဦးထံသို့ လူးသာရေးသားပေးပို့ခဲ့ပါသည်။ ဤအချိန်ကာလတွင် အသက်ရှင်နေထိုင် သူများထံသို့သွား၍ သမ္မာတရားကို ဟောကြားဖို့ ဘုရားသခင်က ကျွန်ုပ်တို့ကို ခေါ်တော်မူသည်ဟု ခံစားချက်ရှိသူများအတွက် ဤအချက်သည် အရေးပါသော သင်ခန်းစာတစ်ခုဖြစ်သည်။ မကောင်းဆိုးဝါးများ၏ အာဏာတန်ခိုးနှင့် ယှဉ်ပြိုင် တိုက်လှန်သောအချိန်တွင် လူသားများ၏ အသိဉာဏ်ပညာများထက် ပို၍လိုအပ်နေသော အရာများရှိနေသေးသည်ဆိုသည်မှာ ဤတွင် ထင်ရှားနေပါသည်။HFB 126.1