Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    “ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကိစ္စကို ပြုကြလော့။”

    အစားအသောက်၌ ကျွန်ုပ်တို့သည် တိကျ သေချာသော စည်းကမ်း ဥပဒေများကို မထားပါ။ သို့ရာတွင် သစ်သီးများ၊ စပါးမျိုးများ၊ အဆီထွက်သော အသီးများကို မြောက်များစွာ ရရှိနိုင်သော တိုင်းပြည်များတွင်၊ အသားပါသော အစားအသောက်သည် ဘုရားသခင်၏ လူများအတွက် သင့်တော်သော အစာများ မဟုတ်ဟု ကျွန်ုပ်တို့ ပြောဆိုလိုပါသည်။ အသားပါသော အစာသည် လူ၏ သဘောကို တိရိစ္ဆာန်ကဲ့သို့ ဖြစ်စေတတ်၍ လူတိုင်းတို့ အပေါ်၌ ထားအပ်သော မေတ္တာ နှင့် စာနာထောက်ထားမှုကို ယောက်ျား၊ မိန်းမတို့ထံမှ ပျောက်ကွယ်သွားစေလျက်၊ ယုတ်ညံ့သော ရမ္မက်သည် လူသတ္တဝါ၏ မြင့်မြတ်သော စွမ်းရည်သတ္တိကို စိုးမိုးသွားတတ်၏။ အသားသည် ကျန်းမာခြင်းနှင့် ညီညွတ်ခဲ့ခြင်း မရှိလျှင်၊ ယခု ၎င်းသည် သာ၍ စိတ်မချရချေ။ ကင်ဆာ၊ အကျိတ်အခဲ၊ အလုံးဖြစ်နာ နှင့် အဆုတ်ရောဂါ အမျိုးမျိုးတို့သည် အများအားဖြင့် အသားစားခြင်းကြောင့်ပင် ဖြစ်သည်။CCB2 264.2

    ဘုရားသခင်၏ တပည့်တော် ဖြစ်ခြင်း အမှုကို မစစ်မဆေးအပ်ပေ၊ သို့ရာတွင် အသားစားသော ခရစ်ယာန်ဟု ခေါ်ခံနေသူများတို့က အခြားသော သူတို့အပေါ်၌ သြဇာညောင်းမှုကို ကျွန်ုပ်တို့ ဆင်ခြင်ရကြမည်။ ဘုရားသခင်၏ စေတမန်များ အဖြစ်နှင့် ကျွန်ုပ်တို့က လူများတို့အား၊ “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့် အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော အမှုကိစ္စကို ပြုကြလော့” ဟု ပြောသင့်သည် မဟုတ်လော။ (၁ ကော၊ ၁၀: ၃၁။) အလွဲခံတွင်း ကောင်းခြင်း၏ အလိုသို့ လိုက်မှုကို တားဆီးရန် ကျွန်ုပ်တို့သည် သေချာစွာ သက်သေခံသင့်သည် မဟုတ်လော။ သေတတ်သော လူအား ပေးဘူးသော အရေးကြီးသော သမ္မာတရားကို ကြွေးကြော်နေကြလျက် ဧဝံဂေလိတရားကို ဟောပြောနေသော ဓမ္မဆရာ ဖြစ်သော သူ တစ်စုံတစ်ယောက်သည် အဲဂုတ္တုပြည်၏ အမဲသားအိုး ရှိရာသို့ ပြန်သွားခြင်း၌ ပုံသက်သေပြရကြမည်လော။ ဘုရားသခင်၏ ဘဏ္ဍာတိုက်ထဲမှ ဆယ်ဖို့တစ်ဖို့များအားဖြင့် ထောက်ပံ့ခြင်း ခံနေရသော သူတို့သည် မိမိတို့၏ သွေးကြောများထဲ၌ စီးဆင်းနေသော အသက်ပေးသည့် ရေစီးကို အဆိပ်အတောက် ဖြစ်စေရန် ကိုယ် အလိုဆန္ဒသို့ လိုက်လျောနေကြမည်လော။ ဘုရားသခင်က သူတို့အား ပေးခဲ့ပြီးသော အလင်းတရား နှင့် သတိပေးစကားကို သူတို့သည် ဂရုမစိုက်ဘဲ နေကြမည်လော။ ကိုယ်ခန္ဓာ၏ ကျန်းမာရေးသည် ကျေးဇူးတော်၌ ကြီးပွားရေးနှင့် မျှတ ညီညွတ်သော သဘော ဖြစ်ပေါ်လာရေးအတွက် အရေးကြီး လိုအပ်ပေသည်။ အစာအိမ်ကို သင့်တော် ကောင်းမွန်စွာ ဂရုမစိုက်လျှင်၊ ဖြောင့်မှန်သီလနှင့် ပြည့်စုံသော အကျင့်စာရိတ္တ ဖြစ်ပေါ်လာရေးကို ဟန့်တားလိမ့်မည်။ ဦးနှောက် နှင့် အာရုံကြောများသည်လည်း အစာအိမ် နှင့်အတူ ထိခိုက်ခြင်း ခံရကြ၏။ မှားယွင်းသော စားသောက်မှုသည် မှားယွင်းစွာ ဆင်ခြင် စဉ်းစားခြင်း နှင့် ပြုမူလုပ်ကိုင်ခြင်း အမှုများကို ဖြစ်စေတတ်သည်။CCB2 265.1

    ယခု ကျွန်ုပ်တို့ အားလုံးကို စုံစမ်း စစ်ဆေးပြီးလေပြီ။ ကျွန်ုပ်တို့သည် သခင်ခရစ်တော်၌ နှစ်ခြင်းကို ခံယူခဲ့ကြပြီ။ ၎င်းပြင် ကျွန်ုပ်တို့အား အောက်သို့ ဆွဲချ၍ မဖြစ်သင့်သော အခြေအနေသို့ ရောက်ရှိစေသော အရာ ရှိသမျှတို့မှ ခွဲခွာခြင်းဖြင့်၊ မိမိတို့၏ တာဝန်ကို ဆောင်ရွက်ကြလျှင်၊ ကျွန်ုပ်တို့၏ အသက် ရှင်နေသော ဦးခေါင်း ဖြစ်တော်မူသော သခင်ခရစ်တော်၌ ကြီးပွားဖို့ရန် ခွန်အားကို ကျွန်ုပ်တို့သည် ရရှိကြလိမ့်မည်။CCB2 265.2

    ကျန်းမာစွာ နေထိုင်ရေးနှင့် ဆိုင်သော အခြေခံ ဥပဒေများကို ကျွန်ုပ်တို့သည် ကောင်းစွာ သိရှိ နားလည်ကြသော အခါ၌သာ၊ မသင့်တော်သော အစားအသောက်တို့မှ ဖြစ်ပေါ်လာသော အန္တရာယ်တို့ကို သိမြင်နိုင်ရန် လုံးလုံး နှိုးကြားလာနိုင်ကြသည်။ မိမိတို့၏ အမှားကို သိမြင်ပြီးမှ မိမိတို့၏ အကျင့်ဓလေ့တို့ကို ပြောင်းလဲဖို့ရန် သတ္တိရှိကြသော သူတို့သည် ပြုပြင်ပြောင်းလဲမှုတို့တွင် အားထုတ်မှု နှင့် များစွာ ကြိုးစားမှုများကို လိုကြောင်း တွေ့ရလိမ့်မည်။ သို့ရာတွင် မှန်သော အရသာများ တစ်ကြိမ် ဖြစ်ပေါ်လာသောအခါ၊ အထက်က ဘေးကင်းသည်ဟု ထင်မှတ်ခဲ့ကြသော အစာတို့ကို သုံးဆောင်ခြင်းသည် ဖြည်းညှင်းသေချာစွာ လေရောဂါ နှင့် အခြား ရောဂါများအတွက် အခြေအမြစ်ချပေးကြောင်းကို သူတို့သည် ကောင်းစွာ သိမြင်လာကြလိမ့်မည်။CCB2 266.1

    မိခင်၊ ဖခင်တို့၊ အစဉ် ဆုတောင်းလျက် စောင့်ကြည့်နေကြပါ။ အမျိုးမျိုးသော သေရည်သေရက်၊ ဆေးလိပ်မှ စသော အရာများ သောက်စားမှုတို့ကို ကျပ်တည်းစွာ တားမြစ်ပါ။ ကျန်းမာရေးနှင့် ဆိုင်သော မှန်သော ပြုပြင်ရေး၏ အခြေခံ စည်းကမ်း ဥပဒေတို့ကို သင်တို့၏ သားသမီးများအား သင်ကြားပေးပါ။ ကျန်းမာရေးကို တည်မြဲစွာ ထိန်းသိမ်းရန် မည်သည့် အရာတို့ကို ရှောင်ကြဉ်ရမည် အကြောင်း သွန်သင်ပေးပါ။ နားမထောင်သော သားသမီးတို့ အပေါ်သို့ ဘုရားသခင်၏ အမျက်တော်သည် ကျရောက်စ ပြုလေပြီ။ နေရာတိုင်း၌ မည်မျှ ရာဇဝတ်မှုများ၊ မည်မျှ အပြစ်ဒုစရိုက်များ၊ မည်မျှ များသော အကျင့်ဓလေ့များသည် ထင်ရှားလာကြပြီလဲ။ လူတစ်မျိုး ဖြစ်ကြသည်အလျောက်၊ ကျွန်ုပ်တို့၏ သားသမီးများအား အကျင့်သီလ ယုတ်ညံ့သော အပေါင်းအဖော်များမှ ကာကွယ်တားဆီးပေးမှု၌ ကျွန်ုပ်တို့သည် ကြီးစွာ သတိပြုအပ်ကြပေသည်။CCB2 266.2