Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျန်ကြွင်းသော အသင်းတော်။

    ဇာခရိ မြင်မက်သော ယောရှု နှင့် ကောင်းကင်တမန်၏ ရူပါရုံသည် အပြစ်ဖြေရာ နေ့ကြီး၏ အဆုံးကာလတွင် ရှိသော ဘုရားသခင်၏ လူများတို့၌ တွေ့ကြုံရသော အဖြစ်အပျက်နှင့် ထူးခြား လေးနက်စွာ သက်ဆိုင်၏။ ကျန်ကြွင်းသော အသင်းတော်သည် ကြီးစွာသော စုံစမ်းခြင်း နှင့် ဒုက္ခဆင်းရဲခြင်းကို တွေ့ဆုံရလိမ့်မည်။ ဘုရားသခင်၏ ပညတ်တော်ကို လည်းကောင်း၊ သခင်ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်သော သူတို့သည နဂါး နှင့် သူ၏ ဗိုလ်ခြေတို့၏ အမျက်ဒေါသကို ခံရကြလိမ့်မည်။ စာတန်သည် လောကကို မိမိ၏ လက်အောက်ခံကဲ့သို့ ရေတွက်ထားပြီး သူသည် ဖောက်ပြန်သော အသင်းတော်များကို စိုးမိုး အုပ်ချုပ်လျက် ရှိပြီ။ သို့ရာတွင် သူ၏ မြင့်မြတ်သော အာဏာကို တားဆီး ကန့်ကွက်နေသော လူစုကလေး တစ်ခု ရှိ၏။ သူသည် သူတို့ကို မြေကြီးမှ ပယ်ရှားနိုင်လျှင်၊ သူ၏ အောင်မြင်မှုသည် ပြီးမြောက်သွားလိမ့်မည်။ ဣသရေလ လူတို့အား ဖျက်ဆီးရန် သူသည် တစ်ပါးအမျိုးသားတို့ကို နှိုးဆော်သည် နည်းတူ၊ မကြာမီ ဘုရားသခင်၏ လူများကို ဖျက်ဆီးရန် သူသည် ဆိုးသော အာဏာရှင်များကို တိုက်တွန်း နှိုးဆော်လိမ့်မည်။ ဘုရားသခင်၏ တရားတော်ကို လွန်ကျူးရန် လူအပေါင်းတို့သည် လူ၏ ဥပဒေကို လိုက်နာရကြလိမ့်မည်။ ဘုရားသခင် ဘက်၌ လည်းကောင်း၊ မိမိတို့၏ တာဝန်၌ လည်းကောင်း သစ္စာစောင့်သော သူတို့သည် ြခိမ်းခြောက်ခြင်း ခံရ၍ အပြစ်တင်ခံရကြလျက် ငြင်းပယ် စွန့်ပစ်ခြင်း ခံရကြလိမ့်မည်။ သူတို့ “မိဘ၊ ညီအစ်ကို၊ ပေါက်ဖော်၊ အဆွေခင်ပွန်းတို့သည် သူတို့ကို အပ်နှံကြလိမ့်မည်။”CCB2 400.1

    ဘုရားသခင်၏ ကရုဏာတော်၌သာလျှင် သူတို့သည် မျှော်လင့်ခြင်းကို ရရှိကြ၏။ ဆုတောင်းခြင်းဖြင့်သာ သူတို့သည် အကာအကွယ်ကို ရရှိကြလိမ့်မည်။ ယောရှုသည် ကောင်းကင်တမန် ရှေ့၌ တောင်းပန်နေသည် နည်းတူ၊ ကျန်ကြွင်းသော အသင်းတော်သည် စိတ်နှလုံး ကြေကွဲခြင်း၊ စိတ်အားကြီးသော ယုံကြည်ခြင်းနှင့်၊ မိမိတို့၏ အမှုဆောင် သခင်ယေရှုအားဖြင့် အပြစ်လွှတ်ခြင်း နှင့် ကယ်နှုတ်ခြင်းအတွက် တောင်းပန်ကြလိမ့်မည်။ သူတို့၏ အသက်တာသည် အပြစ်နှင့် ပြည့်ဝလျက် ရှိကြောင်း သူတို့သည် လုံးလုံး သိရှိကြ၏။ သူတို့၏ အားနည်းခြင်း နှင့် အသုံးမကျခြင်းကို သိမြင်ကြ၏။ ၎င်းပြင် မိမိတို့ ကိုယ်ကို ကြည့်ရှုသောအခါ၊ သူတို့သည် စိတ်ပျက်လာကြ၏။ သွေးဆောင်သူသည် ယောရှုကို ကန့်ကွက်ရန် အနား၌ ရပ်နေသကဲ့သို့ သူတို့ကို အပြစ်တင်ရန် သူတို့ အနား၌ ရပ်နေ၏။ သူတို့၏ ယိုယွင်းသော အကျင့် ဖြစ်သော ညစ်ညူးသော အဝတ်ကို သူက ညွှန်ပြ၏။ သူတို့၏ အခြေအနေသည် မျှော်လင့်ချက် ကင်းမဲ့၍၊ သူတို့၏ ညစ်ညူးခြင်း အစွန်းအကွက်ကို ဘယ်သောအခါမျှ ဆေးကြော၍ ရမည် မဟုတ်ဟု ထင်မှတ်စေလျက် သူတို့အား ကြောက်လန့်စေရန် သူသည် ကြိုးစား၏။ သူတို့သည် သူ၏ သွေးဆောင်ခြင်း နောက်သို့ လိုက်ပါ၍ ဘုရားသခင်ကို ရိုသေခြင်းမှ လမ်းလွဲလျက် သားရဲ၏ တံဆိပ်ကို ခံယူမည် အကြောင်း၊ သူသည် ထိုသို့အားဖြင့် သူတို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးရန် မျှော်လင့်၏။CCB2 400.2

    စာတန်က သူတို့သည် မိမိတို့၏ အပြစ်များအားဖြင့် ဘုရားသခင်၏ ကာကွယ်ခြင်းကို လက်လွှတ်ကြပြီဟု ဖော်ပြလျက်၊ သူတို့အား အပြစ်ကျူးလွန်သော သူများ အဖြစ်နှင့် ဖျက်ဆီးရန် တောင်းဆို၍ သူတို့၏ အပြစ်များကို ဘုရားသခင် ရှေ့တော်၌ တင်ပြ၏။ သူတို့သည် မိမိ ကိုယ်တိုင်ကဲ့သို့ ဘုရားသခင်၏ နှစ်သက်ခြင်းကို မခံစားထိုက်သော သူများ ဖြစ်ကြသည်ဟု သူက ပြောဆို၏။ “ဤ သူတို့သည် ကောင်းကင်တွင် ကျွန်ုပ်၏ နေရာ၊ ကျွန်ုပ် နောက်သို့ လိုက်ပါသော တမန်တို့၏ နေရာကို ယူရကြမည့် လူများ ဖြစ်ပါသလား။ ဘုရားသခင်၏ ပညတ်တော်ကို နားထောင်သည်ဟု ဆိုကြသော်လည်း၊ သူတို့သည် ၎င်း၏ တရားများကို လိုက်နာခဲ့ကြပြီလား။ သူတို့သည် ဘုရားသခင်ထက် ကိုယ်ကို သာ၍ ချစ်သော သူများ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်ထက် မိမိတို့၏ အကျိုးကို သာ၍ ရှာကြပြီ မဟုတ်လော။ သူတို့သည် လောကီ အရာတို့ကို နှစ်သက်ကြပြီ မဟုတ်လော။ သူတို့၏ အသက်တာတွင် ထင်ရှားသော အပြစ်များကို ကြည့်ပါ။ သူတို့၏ ကိုယ်ကျိုး ရှာခြင်း၊ အချင်းချင်း ရန်ငြိုးထားခြင်း၊ မုန်းခြင်းတို့ကို ကြည့်ပါဟု သူက ပြောဆို၏။CCB2 401.1

    ဘုရားသခင်၏ လူတို့သည် အများအားဖြင့် အလွန် အပြစ်သင့်ကြသည်။ စာတန်သည် သူတို့အား ကျူးလွန်စေရန် သွေးဆောင်ခဲ့သော အပြစ်များ အကြောင်းကို အသေအချာ မှန်ကန်စွာ သိရှိ၏။ ၎င်းပြင် ဤ အပြစ်တို့ကို များစွာ ချဲ့၍ ဖော်ပြလျက် “ဘုရားသခင်သည် ကျွန်ုပ် နှင့် ကျွန်ုပ်၏ တမန်များကို နှင်ချသော်လည်း၊ အလားတူ အပြစ်များကို ပြုသော သူတို့အား အကျိုးပေးတော်မူမည်လော။ အို ထာဝရဘုရား၊ တရားတော်အတိုင်း၊ ကိုယ်တော်သည် ဤသို့ ပြုတော်မမူနိုင်။ ကိုယ်တော်၏ ပလ္လင်တော်သည် ဖြောင့်မတ်ခြင်း၌ လည်းကောင်း၊ တရားစီရင်ရာ၌ လည်းကောင်း တည်မြဲလိမ့်မည် မဟုတ်။ သူတို့ အပေါ်၌ တရားစီရင်ရမည်ဟု တရားက တောင်းဆို၏ဟု ပြောဆို၏။CCB2 401.2

    သို့ရာတွင် သခင်ခရစ်တော်၏ တပည့်တော်များတို့သည် အပြစ် ပြုခဲ့ကြသော်လည်း၊ မိမိတို့ ကိုယ်တိုင် အပြစ်၏ စိုးမိုးခြင်းကို လက်မခံကြ။ သူတို့သည် မိမိတို့၏ အပြစ်ကို ပယ်ရှားထားကြလျက်၊ ထာဝရဘုရားကို နှိမ့်ချခြင်း၊ စိတ်နှလုံး ကြေကွဲခြင်းနှင့် ရှာဖွေကြသဖြင့်၊ အမှုဆောင် သခင်သည် သူတို့အတွက် တောင်းပန်၏။ သူတို့၏ ကျေးဇူးမဲ့ခြင်းဖြင့် အလွန် ရှုတ်ချခြင်း ခံရ၍ သူတို့၏ အပြစ်များ နှင့် သူတို့၏ နောင်တရခြင်းကို သိရှိတော်မူသော ကိုယ်တော်က၊ အို စာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ဤ ဝိညာဉ်များအတွက် ငါ၏ အသက်ကို စွန့်ပြီ။ သူတို့၏ အမည်ကို ငါ၏ လက်ဖဝါးပေါ်တွင် အက္ခရာတင်ထားပြီ” ဟု မိန့်တော်မူ၏။CCB2 402.1