Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း ၆၁။—ရောက်လာမည့် အရေးဆိုက်ရာ ကာလ။

    ဘုရားသခင်၏ ပညတ်တော်ကို မရိုမသေပြုခြင်း အမှုသည် သာ၍ ထင်ရှားလာသောအခါ၊ ၎င်းကို စောင့်ရှောက်သူများ နှင့် လောက စပ်ကြားတွင် ခြားနားထားသော လမ်းကြောင်းသည် သာ၍ ထင်ရှား သိသာလာ၏။ လူ တစ်စားသည် ဘုရားသခင်၏ ပညတ်တရားများတွင် နှစ်သက်ခြင်း၌ တိုးပွားလာသည် နည်းတူ အခြား လူ တစ်စားသည် ၎င်းတို့ကို မုန်းခြင်း၌ တိုးပွားလာ၏။CCB2 361.1

    ဘုရားသခင်၏ လက်စားချေတော်မူရာ နေ့ရက်သည် ကျွန်ုပ်တို့ အပေါ်သို့ ယခု ရောက်လာပြီ။ တိုင်းပြည်၌ ပြုနေကြသော စက်ဆုပ်ရွံ့ရှာဖွယ်ရာများအတွက် ညည်းညူ ကြွေးကြော်နေသော သူတို့၏ နဖူးပေါ်၌ ဘုရားသခင်၏ တံဆိပ်ကို နှိပ်ပေးလိမ့်မည်။ ကိုယ်ချင်းစာလျက် လောကနှင့် ဆက်သွယ်သော သူတို့သည် အရက်သမားများနှင့် စားသောက် ပျော်မွေ့နေကြသဖြင့်၊ ဒုစရိုက်ပြုသော သူတို့ နှင့်အတူ ဧကန်အမှန်ပင် ဖျက်ဆီးခြင်း ခံရကြလိမ့်မည်။ “ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက် ပြုသော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။” ၁ ပေ၊ ၃: ၁၂။CCB2 361.2

    ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်နှိပ်ခြင်းကို ခံရမည် သို့မဟုတ် ဖျက်ဆီးသော လက်နက်ဖြင့် လှဲခြင်း ခံရမည်ကို ကျွန်ုပ်တို့ ကိုယ်တိုင်၏ အပြုအမူက ဆုံးဖြတ်လိမ့်မည်။ ဘုရားသခင်၏ အမျက်တော် အနည်းငယ်သည် ယခုပင် မြေကြီးပေါ်သို့ သက်ရောက်လေပြီ။ သို့ရာတွင် ဘုရားသခင်၏ အမျက်တော် ဖလားတွင် ရောနှောခြင်း မရှိဘဲ၊ နောက်ဆုံး ဘေးဒဏ် ခုနစ်ပါးကို သွန်းလောင်းသောအခါ၊ နောင်တရရန် နှင့် ခိုလှုံရာကို တွေ့ဖို့ အလွန် နောက်ကျလိမ့်မည်။ ထိုအခါ အပြစ် ဖြေခြင်း အသွေးသည် အပြစ်၏ စွန်းကွက်ခြင်းကို ဆေးကြောလိမ့်မည် မဟုတ်။CCB2 361.3

    ဥပုသ်စောင့်သည်ဟု ဆိုသော သူ အားလုံးတို့သည် တံဆိပ်နှိပ်ခြင်း ခံရကြမည် မဟုတ်။ အခြား သူတို့အား သမ္မာတရားကို သင်ပေးသော သူတို့ အထဲ၌ မိမိတို့၏ နဖူး၌ ဘုရားသခင်၏ တံဆိပ်နှိပ်ခြင်းကို ခံရမည်မဟုတ်သော သူ အများပင် ရှိလိမ့်မည်။ သူတို့၌ သမ္မာတရား၏ အလင်းကို ရရှိကြ၏။ သူတို့သည် မိမိတို့ သခင်၏ အလိုတော်ကို သိရှိကြ၏။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း တရားတွင် အချက်တိုင်းကို သူတို့သည် နားလည်ကြ၏။ သို့ရာတွင် သူတို့၌ တရားနှင့် ဆီလျော်သော အကျင့်များ မရှိကြ။ အနာဂတ်စကား နှင့် ဘုရားသခင်၏ ပညာ ဘဏ္ဍာများ၌ ကောင်းစွာ ကျွမ်းကျင်သော သူတို့သည် မိမိတို့၏ ယုံကြည်ခြင်း တရားအတိုင်း ကျင့်ကြံ ပြုမူရကြမည်။ သူတို့သည် မိမိတို့၏ အိမ်ထောင်များကို ပညတ် သွန်သင်ပေးသဖြင့်၊ ကောင်းစွာ စည်းကမ်း ရှိသော အိမ်ထောင်အားဖြင့် လူ၏ စိတ်နှလုံးပေါ်တွင် သမ္မာတရား၏ သြဇာညောင်းကြောင်းကို လောကအား ဖော်ပြနိုင်ကြလိမ့်မည်။CCB2 361.4

    သူတို့သည် ဘုရားဝတ်ပြုကိုးကွယ်ခြင်း၊ ဘုရားတရားကို ကြည်ညိုခြင်း မရှိကြ၍ ဘာသာရေးတွင် မြင့်မြတ်သော ပုံစံနမူနာကို မမှီကြခြင်းအားဖြင့်၊ အခြားသော ဝိညာဉ်တို့အား မိမိတို့ အခြေအနေ၌ ရောင့်ရဲ တင်းတိမ်မှု ရှိနေစေကြ၏။ မိမိတို့အား မကြာခဏ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ဘဏ္ဍာများကို ဖွင့်ပြသော ဤ သူတို့၏ ပုံသက်သေကို လိုက်ခြင်းအားဖြင့် မိမိတို့သည် မိမိတို့၏ ဝိညာဉ်ကို ဘေးရောက်စေတတ်ကြောင်း၊ ဝေဖန် ပိုင်ခြားနိုင်သော ဉာဏ်တွင် ကန့်သတ်ထားခြင်း ခံရသော လူသည် မသိမမြင်နိုင်။ သခင်ယေရှုသာလျှင် မှန်ကန်သော ပုံသက်သေ ဖြစ်တော်မူ၏။ ထာဝရဘုရားသည် မိမိအား အဘယ်သို့ အလိုရှိတော်မူကြောင်း သိလိုလျှင်၊ နှိမ့်ချသော စိတ်၊ သင်ကြားနာယူလိုသော စိတ် ရှိသော ကလေးကဲ့သို့ ဘုရားသခင် ရှေ့တော်တွင် ဒူးထောက်လျက် မိမိ ကိုယ်တိုင် ကျမ်းစာကို စေ့စေ့ ရှာဖွေ လေ့ကျက်ရမည်။ သင်းအုပ်ဆရာ တစ်စုံတစ်ယောက်သည် ဘုရားသခင် ရှေ့၌ မည်မျှ များစွာ မျက်နှာ ရရှိနေသော်လည်း၊ သူသည် ဘုရားသခင် ပေးတော်မူသော အလင်းတရား၌ လျှောက်လိုက်ရန် ဂရုမစိုက်လျှင်၊ ကလေးသူငယ်ကဲ့သို့ သွန်သင်ခြင်းကို ခံယူရန် ငြင်းပယ်ခဲ့လျှင်၊ သူသည် မှောင်မိုက် နှင့် စာတန်၏ လှည့်ဖြားခြင်းထဲသို့ ရောက်ရှိသွားလိမ့်မည်၊ ၎င်းပြင် အခြားသော သူတို့အား ထိုလမ်းသို့ လိုက်စေလိမ့်မည်။CCB2 362.1

    ကျွန်ုပ်တို့၏ အကျင့်စာရိတ္တတွင် အစွန်းအကွက် ရှိနေလျှင်၊ မည်သူမျှ ဘုရားသခင်၏ တံဆိပ်နှိပ်ခြင်းကို ခံရလိမ့်မည် မဟုတ်။ ကျွန်ုပ်တို့၏ အကျင့်တွင် ချို့ယွင်းသော အရာတို့ကို ပြုပြင်၍ ဝိညာဉ် ဗိမာန်မှ ညစ်ညူးသော အရာတို့ကို ဆေးကြောရန် အလုပ်သည် ကျွန်ုပ်တို့၏ တာဝန် ဖြစ်သည်။ ရှေးဦးမိုးသည် ပင်တေကုတ္တေပွဲနေ့၌ တပည့်တော်တို့ အပေါ်သို့ သက်ရောက်သည် နည်းတူ၊ ထိုအခါ၌ ကျွန်ုပ်တို့ အပေါ်သို့ နောက်မိုးသည် သက်ရောက်လိမ့်မည်။CCB2 362.2

    မိမိသည် ခရစ်ယာန် အသက်တာ၌ မနေနိုင်လောက်အောင် မိမိ၏ အမှုကိစ္စသည် မျှော်လင့်စရာ မရှိဟု မည်သူမျှ ပြောဖို့ မသင့်။ ဝိညာဉ်တိုင်းအဖို့ သခင်ခရစ်တော်၏ အသေခံခြင်း အမှုအားဖြင့် လုံလောက်အောင် စီမံထား၏။ ကျွန်ုပ်တို့၌ အလိုရှိနေသော အချိန်တွင် သခင်ယေရှုသည် ကူညီရန် အမြဲ အသင့် ရှိနေတော်မူ၏။ ယုံကြည်ခြင်းနှင့် ကိုယ်တော်ကို တောင်းလျှောက်ခြင်းသာ ပြုပါ။ ကိုယ်တော်က သင်၏ တောင်းလျှောက်ခြင်းကို နားညောင်းတော်မူမည်ဟု ဂတိထားတော်မူခဲ့ပြီ။CCB2 363.1

    မြဲမြံ၍ တန်ခိုးနှင့် ပြည့်စုံသော ယုံကြည်ခြင်းကို ကျွန်ုပ်တို့သည် အလိုရှိကြသည်။ ၎င်းကို ကျွန်ုပ်တို့၌ ရှိရမည်။ သို့မဟုတ် ကျွန်ုပ်တို့သည် စုံစမ်းရာ နေ့ရက်၌ အားနည်း၍ ဆုံးရှုံးကြလိမ့်မည်။ ထိုအခါ၌ ကျွန်ုပ်တို့၏ လမ်းခရီးတွင် တည်ရှိနေမည့် မှောင်မိုက်အတွက် ကျွန်ုပ်တို့သည် စိတ်မပျက်ရ၊ အားလျော့ခြင်း မရှိရ။ ၎င်းသည် ကောင်းကြီးမင်္ဂလာကို များပြားစွာ ချပေးရန် ဘုရားသခင် ကြွလာတော်မူသောအခါမိမိ၏ ဘုန်းတော်ကို ဖုံးအုပ်သော အကာအကွယ် ဖြစ်၏။ ကျွန်ုပ်တို့၏ လွန်ခဲ့သော အဖြစ်အပျက်အားဖြင့် ကျွန်ုပ်တို့သည် ဤ အရာကို သိရှိရကြမည်။ ထိုနေ့၌ ဘုရားသခင်သည် မိမိ၏ လူများနှင့် ငြင်းခုံခြင်း ပြုတော်မူသောအခါ၊ ဤ အဖြစ်အပျက်သည် စိတ်သက်သာခြင်း နှင့် မျှော်လင့်ခြင်း အကြောင်းကို ဖြစ်စေလိမ့်မည်။CCB2 363.2

    ယခုအချိန်၌ ကျွန်ုပ်တို့ ကိုယ်တိုင် နှင့် သားသမီးများအား လောကီ အညစ်အကြေးနှင့် စွန်းကွက်ခြင်း ကင်းစေရန် သတိပြုရကြမည်။ ယခုအချိန်၌ ကျွန်ုပ်တို့သည် ကြွားဝါခြင်း၊ တပ်မက်ခြင်း နှင့် ဝိညာဉ်ရေး၌ အိပ်ပျော်နေခြင်း အမှုတို့ကို အောင်မြင်ရကြမည်။ ယခုအချိန်၌ ကျွန်ုပ်တို့သည် နိုးကြား၍ အကျင့်စာရိတ္တတွင် အချိုးအစား ညီညွတ်စေရန် စိတ်ဆုံးဖြတ်ရကြမည်။ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍၊ ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်။” ဟေ၊ ၃: ၇၊ ၈၊ ၁၅။CCB2 363.3

    ယခုအချိန်သည် ပြင်ဆင်ဖို့ အချိန် ဖြစ်သည်။ မသန့်ရှင်းသော ယောက်ျား၊ မိန်းမတို့၏ နဖူးပေါ်၌ ဘုရားသခင်၏ တံဆိပ်ကို ဘယ်သောအခါမျှ ရိုက်နှိပ်လိမ့်မည် မဟုတ်။ အလိုရမ္မက်ကြီး၍ လောကကို နှစ်သက်သော ယောက်ျား၊ မိန်းမတို့၏ နဖူးပေါ်၌ ၎င်းကို ဘယ်အခါမျှ နှိပ်ခတ်မည် မဟုတ်။ မုသာ ပြောသော လျှာ သို့မဟုတ် လှည့်စားသော စိတ်နှလုံး ရှိသော ယောက်ျား၊ မိန်းမတို့၏ နဖူးပေါ်၌ ၎င်းကို ဘယ်အခါမျှ နှိပ်ခတ်မည် မဟုတ်။ တံဆိပ်ကို ခံယူရသော သူ အပေါင်းတို့သည် ဘုရားသခင် ရှေ့တော်၌ စွန်းကွက်ခြင်း ကင်းရကြမည်။ ကောင်းကင်နိုင်ငံတော်အတွက် ရွေးချယ်ထားသော သူများ ဖြစ်ရကြမည်။ ညီအစ်ကို မောင်နှမများတို့၊ ဆက်လက် ရှေ့သို့ တိုးတက်သွားကြလော့။ ဤ အချိန်၌ ကျွန်ုပ်သည် ဤအချက်များကိုသာ အချုပ်အားဖြင့် ရေးသား ဖော်ပြနိုင်ပြီး ပြင်ဆင်ခြင်း ရှိဖို့ လိုကြောင်းကိုသာ သတိပေးနိုင်ပါသည်။ ဤ အချိန်ကာလ၌ ဘုရားဝတ်ပြု ကိုးကွယ်ရေးတွင် ကြောက်စရာကောင်းကြောင်း၊ သင်တို့ ကိုယ်တိုင် ကျမ်းစာကို စေ့စေ့ လေ့ကျက် ဖတ်ရှုကြပါ။CCB2 364.1

    Larger font
    Smaller font
    Copy
    Print
    Contents