Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၆၄။—ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်း သခင်ယေရှု။

    ကောင်းကင်သန့်ရှင်းရာ ဋ္ဌာနတွင် အမှုတော် ဆောင်ရွက်ခြင်း အကြောင်းကို မှန်ကန်စွာ နားလည်ခြင်းသည် ကျွန်ုပ်တို့ ယုံကြည်ခြင်း တရား၏ အခြေအမြစ် ဖြစ်ပေသည်။ 1Evangelism. 221;CCB2 389.1

    တောင်ဝေါ်၌ သူ့အား ပြတော်မူသော ပုံစံ နမူနာအတိုင်း မောရှေသည် မြေကြီးနှင့် ဆိုင်ရာ သန့်ရှင်းရာ ဋ္ဌာနကို ဆောက်လုပ်ရ၏။ ၎င်းသည် “ပူဇော်သက္ကာ နှင့် ယဇ်များကို ပူဇော်သော ကာလ တည်းဟူသော မျက်မှောက် ကာလပတ်လုံး ပုံပမာ ဖြစ်၏။” ၎င်း၏ သန့်ရှင်းသော နေရာ နှစ်ခု ကောင်းကင်တွင် ရှိသော အရာတို့၏ ပုံ ဖြစ်သည်။ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်း သခင်ယေရှုသည် “လူလက်ဖြင့် မဆောက်ဘဲ ထာဝရဘုရား တည်ဆောက်တော်မူသော သန့်ရှင်းရာ ဋ္ဌာန နှင့် မှန်သော တဲတော်၏ အမှုဆောင်” ဖြစ်တော်မူ၏။ တမန်တော် ယောဟန်သည် ကောင်းကင်၌ ဘုရားသခင်၏ ဗိမာန်တော်ကို ရူပါရုံတွင် မြင်ခွင့်ရသောအခါ၊ “ပလ္လင်တော်ရှေ့၌ မီးခွက် ခုနစ်လုံး ထွန်းထားသည်” ကို မြင်ရ၏။CCB2 389.2

    ပရောဖက်သည် ကောင်းကင်ရှိ သန့်ရှင်းရာ ဋ္ဌာန၏ ပထမ အခန်းကို မြင်ခွင့်ရ၏။ ၎င်းပြင် သူသည် ထိုနေရာ၌ မီးခွက် ခုနစ်လုံး နှင့် ရွှေယဇ်ပလ္လင်တို့ကို မြင်ရ၏။ ၎င်းတို့သည် မြေကြီး၌ ရှိသော သန့်ရှင်းရာ ဋ္ဌာနတွင် ရွှေမီးခုံတိုင် နှင့် နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်အားဖြင့် ပုံဆောင်ထား၏။ တစ်ဖန် ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်လာသဖြင့်၊ သူသည် အသန့်ရှင်းဆုံး အရပ် ဖြစ်သည့် အတွင်းခန်းကို ကြည့်ရှုလေ၏။ ဤ နေရာ၌ သူသည် ဘုရားသခင်၏ သက်သေခံချက် ထားရာ သေတ္တာတော်ကို မြင်ရ၏။ ဘုရားသခင်၏ ပညတ်တော်ကို ထည့်ထားရန် မောရှေ ပြုလုပ်သော သန့်ရှင်းသော သေတ္တာဖြင့် ပုံဆောင်ထား၏။ ယောဟန်က ကောင်းကင်တွင် သန့်ရှင်းရာ ဋ္ဌာနကို မြင်သည်ဟု ပြောဆို၏။ ကျွန်ုပ်တို့အတွက် သခင်ယေရှု အမှုဆောင်ရွက်နေတော်မူသော ထို သန့်ရှင်းရာ ဋ္ဌာနသည် မူလ သန့်ရှင်းရာ ဋ္ဌာနကြီး ဖြစ်သည်။ မောရှေ ဆောက်လုပ်သော သန့်ရှင်းရာ ဋ္ဌာနသည် ပုံပမာမျှသာ ဖြစ်သည်။CCB2 389.3

    ဘုရင်တို့၏ ဘုရင် ကျိန်းဝပ်တော်မူရာ ကောင်းကင် ဗိမာန်တော်တွင် အတိုင်းမသိ များစွာသော သူတို့သည် အမှုတော် ဆောင်ရွက်၍ ကုဋေ သင်္ချေ မကသော သူတို့သည် ရှေ့တော်၌ ခစားနေကြ၏။ ထို ဗိမာန်တော်သည် ထာဝရပလ္လင်တော်၏ ဘုန်းတော်နှင့် ပြည့်ဝနေ၏။ ၎င်း၏ တောက်ပသော အစောင့်များ ဖြစ်ကြသူ ကောင်းကင်တမန် သရပ်တို့သည် ရိုသေခြင်းနှင့် မိမိတို့၏ မျက်နှာကို ဖုံးအုပ်ထားကြ၏။ လောကတွင် မည်သည့် အဆောက်အဦးနှင့်မျှ ၎င်း၏ ကြီးကျယ် ခမ်းနားခြင်း နှင့် ဘုန်းတော်ကို နှိုင်းယှဉ် ဖော်ပြခြင်းငှါ မတတ်နိုင်။ သို့ရာတွင် ကောင်းကင် သန့်ရှင်းရာ ဋ္ဌာန အကြောင်း၊ လူတို့၏ ရွေးနှုတ်ခြင်းအတွက် ထိုနေရာ၌ ဆောင်ရွက်နေသော အမှုကြီး အကြောင်းနှင့် စပ်ဆိုင်သော အရေးကြီးသော သမ္မာတရားကြီးကို မြေကြီးနှင့် ဆိုင်ရာ သန့်ရှင်းရာ ဋ္ဌာန နှင့် ၎င်း၏ လုပ်ငန်းများအားဖြင့် သင်ကြားရကြမည်။CCB2 390.1

    ကောင်းကင်သို့ တက်ကြွသွားတော်မူပြီးနောက် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်း အဖြစ် အမှုတော်ကို အစပြု ဆောင်ရွက်တော်မူရမည်။ “မှန်သော သန့်ရှင်းရာ ဋ္ဌာနတို့၏ ပုံ ဖြစ်သော၊ သူတို့ လက်ဖြင့် လုပ်သော သန့်ရှင်းရာ ဋ္ဌာနထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှါ၊ ကောင်းကင် ကိုယ်ထဲသို့ ဝင်တော်မူပြီ” ဟု ပေါလုက ဆို၏။ ကောင်းကင် သန့်ရှင်းရာ ဋ္ဌာန၌ အချိန်ကာလ အပိုင်းအခြားနှင့် လည်းကောင်း၊ ခြားနားသော နေရာ၌ လည်းကောင်း သခင်ခရစ်တော်သည် အလုပ်ကြီး နှစ်မျိုးကို လုပ်ဆောင်ရသည် နည်းတူ၊ ပုံပမာ ဖြစ်သော မြေကြီး သန့်ရှင်းရာ ဋ္ဌာန၌လည်း နေ့စဉ် နှင့် နှစ်စဉ် တဲတော်၏ အခန်း အသီးအသီး၌ လုပ်ငန်းကြီး နှစ်မျိုးကို ဆောင်ရွက်ရ၏။CCB2 390.2

    ကောင်းကင်သို့ တက်ကြွသွားတော်မူပြီးနောက်၊ သခင်ခရစ်တော်သည် ဘုရားသခင် ရှေ့တော်၌ နောင်တရသော ယုံကြည်သူတို့အတွက် မိမိ၏ အသွေးတော်အားဖြင့် တောင်းပန်ရသည် နည်းတူ၊ ယဇ်ပုရောဟိတ်သည် နေ့ စဉ် အမှုဆောင်ရာ၌ အပြစ်သားအတွက် သန့်ရှင်းသော အခန်းတွင် ယဇ်ကောင်၏ အသွေးကို ပက်ဖျန်းရ၏။CCB2 390.3

    သခင်ခရစ်တော်၏ အသွေးတော်သည် နောင်တရသော အပြစ်သားအား ပညတ်တရား၏ အပြစ် စီရင်ခြင်းမှ ကင်းလွတ်စေသော်လည်း၊ အပြစ်ကို မပယ်ရှင်းသေး။ နောက်ဆုံး အပြစ်ဖြေရာ နေ့တိုင်အောင် သန့်ရှင်းရာ ဋ္ဌာနတွင် မှတ်တမ်းတင်ထားလျက် ရှိ၏။ ထိုနည်းတူ ပုံပမာ၌၊ ယဇ်ကောင်၏ အသွေးသည် နောင်တရသော အပြစ်သား၏ အပြစ်ကို ပယ်ရှားသော်လည်း၊ ၎င်းသည် အပြစ်ဖြေရာ နေ့တိုင်အောင် သန့်ရှင်းရာ ဋ္ဌာနတွင် တည်ရှိနေသေး၏။CCB2 391.1

    နောက်ဆုံး အကျိုးအပြစ်ကို ဆပ်ပေးသော နေ့ကြီး၌၊ သေလွန်သော သူတို့သည် စာစောင်တွင် ရေးမှတ်ထားသော သူတို့၏ အကျင့်များအတိုင်း စီရင်ခြင်း ခံရကြလိမ့်မည်။ ထိုအခါ၊ သခင်ခရစ်တော်၏ အပြစ်ဖြေခြင်း အသွေးတော်အားဖြင့်၊ အမှန် နောင်တရသော သူတို့၏ အပြစ်များကို ကောင်းကင် စာစောင်ထဲမှ ပယ်ဖျက်လိုက်လိမ့်မည်။ ထိုသို့အားဖြင့် သန့်ရှင်းရာ ဋ္ဌာနသည် ရေးမှတ်ထားသော အပြစ်မှ ကင်းလွတ်လိမ့်မည်၊ သို့မဟုတ် ဆေးကြောခြင်း ခံရလိမ့်မည်။ ပုံပမာ၌ အပြစ်ဖြေခြင်း တည်းဟူသော ဤ အမှုကြီး သို့မဟုတ် အပြစ်များကို ပယ်ရှားခြင်း အလုပ်ကို အပြစ်ဖြေရာ နေ့၏ ဝတ်များဖြင့် ပုံဆောင်ထား၏။ ၎င်းသည် မြေကြီးနှင့် ဆိုင်ရာ သန့်ရှင်းရာ ဋ္ဌာနကို ဆေးကြော သုတ်သင်ခြင်း ဖြစ်၏။ အပြစ်ဖြေရာ ယဇ်ကောင်၏ အသွေးအားဖြင့် သန့်ရှင်းရာ ဋ္ဌာနကို ညစ်ညူးစေသော အပြစ်ကို ပယ်ရှားခြင်းဖြင့် ထိုအမှုကို ပြီးမြောက်စေ၏။2PP 356.358;CCB2 391.2

    ကျွန်ုပ်တို့ သိကျွမ်းအပ်သော အလုပ်ကို စွဲလမ်းခြင်း မရှိစေမည် အကြောင်း၊ ကျွန်ုပ်တို့၏ စိတ်တွင် မရေမတွက်နိုင်သော အကြံအစည်များ ဖြစ်ပေါ်လာစေရန် စာတန်သည် တီထွင်၏။ အပြစ်ဖြေခြင်း ယဇ် အကြောင်း နှင့် အလုံးစုံသော တန်ခိုးနှင့် ပြည့်စုံတော်မူသော ဖြန်ဖြေသူ အမှုဆောင်ကြီး၏ အကြောင်းတို့ကို ဖော်ပြသော သမ္မာတရားကြီးများကို လှည့်ဖြားသော မာရ်နတ်ကြီးသည် မုန်း၏။ စိတ်များကို သခင်ယေရှုနှင့် ကိုယ်တော်၏ သမ္မာတရားမှ လွဲသွားစေခြင်း အမှု အပေါ်၌ အရာခပ်သိမ်းတို့သည် အမှီပြုကြောင်း သူ သိရှိ၏။CCB2 391.3

    သခင်ယေရှုသည် မိမိ၏ ဒဏ်ရာ ရှိသော လက်နှင့် ရိုက်နှက်ခံရသော မိမိ၏ ကိုယ်ခန္ဓာအားဖြင့် သူတို့အတွက် တောင်းပန်တော်မူ၏။ ကိုယ်တော်၏ နောက်တော်သို့ လိုက်သော သူ အပေါင်းတို့အား၊ ငါ့ ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏။ ငါ့ ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်၊ အကြောင်းမူကား၊ ငါ့ ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏၊ ထိုကြောင့် မိမိတို့၏ ချို့တဲ့ခြင်းတို့ကို ကုသ၍ မရနိုင်ဟု မည်သူမျှ မထင်မှတ်ပါနှင့်။ ဘုရားသခင်သည် ၎င်းတို့ကို အောင်မြင်စေရန် ယုံကြည်ခြင်း နှင့် ကျေးဇူးတော်ကို ပေးတော်မူ၏။CCB2 392.1

    ယခု ကျွန်ုပ်တို့သည် အပြစ်ဖြေရာ နေ့ကြီးတွင် အသက်ရှင်လျက် ရှိကြသည်။ ပုံပမာနှင့် ဆိုင်သော ဝတ်များတွင်၊ ယဇ်ပုရောဟိတ်မင်းသည် ဣသရေလ လူတို့အတွက် အပြစ်ဖြေခြင်း အမှုကို ပြုလုပ်နေစဉ်၊ အပြစ်အတွက် နောင်တရခြင်း နှင့် ထာဝရဘုရား ရှေ့၌ နှိမ့်ချလျက် နေခြင်း အမှုများအားဖြင့်၊ မိမိတို့၏ စိတ်ဝိညာဉ်ကို ပင်ပန်းစေခြင်းငှါ လူ အပေါင်းတို့သည် ပြုလုပ်ရကြ၏၊ ထိုနည်းတူ မိမိတို့၏ နာမည်ကို အသက်စာစောင်တွင် တည်ရှိနေစေလိုသော သူ အပေါင်းသည် စုံစမ်းရာ ကာလ၏ ကျန်ရှိနေသေးသော ရက် အနည်းငယ်အတွင်း၊ အပြစ်အတွက် ဝမ်းနည်းခြင်း၊ မှန်သော နောင်တရခြင်းဖြင့်၊ ဘုရားသခင် ရှေ့တော်တွင် မိမိတို့၏ စိတ်ဝိညာဉ်ကို ပင်ပန်းစေရကြမည်။ သစ္စာ နှင့် စိတ်နှလုံးကို သေချာ စေ့စပ်စွာ စစ်ဆေး ရှာဖွေရကြမည်။ ခရစ်ယာန်ဟု ခေါ်နေသော သူ အများ၌ ရှိတတ်သော ပေါ့ဆသော သဘောကို ပယ်ရှားထားရမည်။ အကြီးအကဲ ဖြစ်ရန် ကြိုးပမ်းတတ်သော မကောင်းသော သဘောကို နှိမ်နင်းလိုသော သူ အပေါင်းတို့ ရှေ့၌ စိတ်အားကြီးစွာ တိုက်လှန်ရသော စစ်ပွဲ ရှိ၏။ ပြင်ဆင်ခြင်း အလုပ်သည် လူ အသီးအသီးနှင့် ဆိုင်သော အလုပ် ဖြစ်၏။ ကျွန်ုပ်တို့သည် အစုလိုက် ကယ်တင်ခြင်း ခံရကြသည် မဟုတ်။ တစ်စုံတစ်ယောက်၏ ဖြူစင်ခြင်း၊ ဘုရားတရားကို ကြည်ညိုခြင်း အမှုအားဖြင့် အခြားသူ၌ ဤ အရည်အချင်းများလိုနေခြင်းကို ဖြည့်စွက်ပေးလိမ့်မည် မဟုတ်။ လူမျိုး အပေါင်းသည် တရားစီရင်ခြင်းငှါ ဘုရားသခင် ရှေ့တော်၌ ပေါ်လာရကြမည် ဖြစ်သော်လည်း၊ ဘုရားသခင်သည် လူ အသီးအသီးတို့၏ အမှုကို မြေကြီးပေါ်၌ အခြား သော သူ မရှိသကဲ့သို့ အသေအချာ စေ့စပ်စွာ စစ်ဆေးတော်မူလိမ့်မည်။ လူတိုင်းကို စစ်ဆေး၍ အစွန်းအကွက်၊ အရေတွန့်လိမ်ခြင်းမှ စသော အရာများ ကင်းလွတ်လျက် ရှိရကြမည်။CCB2 392.2

    နောက်ဆုံး အပြစ်ဖြေခြင်း အမှုကြီးနှင့် သက်ဆိုင်သော ရှုခင်းများသည် အလွန် ကြည်ညိုဖွယ် ဖြစ်လိမ့်မည်။ ၎င်း၌ စိတ်ပါဝင်စားစရာ အချက်များသည် အလွန် အရေးကြီး၏။ ယခု အထက်တွင် ရှိသော သန့်ရှင်းရာ ဋ္ဌာနတွင် တရားစီရင်ခြင်း အမှုကို ပြုလုပ်နေ၏။ နှစ်ပေါင်းများစွာကပင် ဤ အမှုကို ပြုလုပ်လျက် နေခဲ့ပြီ။ မကြာမီ၊- မည်မျှ ကြာလိမ့်မည်ကို မည်သူမျှ မသိ - ၎င်းသည် အသက်ရှင်နေသော သူတို့ အပေါ်သို့ သက်ရောက်လာလိမ့်မည်။ ကြောက်စရာ ကောင်းသော ဘုရားသခင် ရှေ့တော်၌ ကျွန်ုပ်တို့၏ အသက်တာကို စစ်ဆေးတော်မူလိမ့်မည်။ အခြားသော အချိန်များမှာထက် ဤ အချိန်တွင်၊ ထိုအချိန် နာရီသည် ဘယ်အခါ ရောက်လာမည်ကို မသိသောကြောင့် ဆုတောင်းလျက် စောင့်နေကြလော့ ဟူသော ကယ်တင်ရှင်၏ ဆုံးမစကားကို သတိပြုဖို့ သင့်ပေသည်။CCB2 393.1

    စုံစမ်း စစ်ဆေးလျက် တရားစီရင်ခြင်း အမှုကြီးသည် ပြီးစီးသွားသောအခါ၊ လူအပေါင်းတို့၏ ကံကြမ္မာသည် အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းအတွက် စီရင် ဆုံးဖြတ်ပြီးလေပြီ။ သခင်ဘုရားသည် ကောင်းကင်၏ မိုးတိမ်များ၌ ပေါ်လာတော်မမူမီ အချိန် အနည်းငယ် အတွင်း စုံစမ်း စစ်ဆေးရာ ကာလသည် ပြီးဆုံးသွားလိမ့်မည်။ ထိုအချိန်ကာလကို မျှော်မြင်လျက်၊ ဗျာဒိတ်ကျမ်းတွင် သခင်ခရစ်တော်က “မတရားသော သူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သော သူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသော သူသည် သန့်ရှင်းစေဦး။ ငါသည် အလျင်အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူ အသီးအသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်” ဟု မိန်တော်မူ၏။CCB2 393.2

    ဖြောင့်မတ်သော သူ နှင့် မတရားသော သူတို့သည် မြေကြီးပေါ်တွင် မိမိတို့၏ သေတတ်သော အခြေအနေ၌ပင် အသက်ရှင်နေကြလိမ့်ဦးမည်။ လူတို့သည် စိုက်ပျိုးလျက် အိမ်ဆောက်လျက်၊ စားသောက်လျက် နေကြလိမ့် မည်။ အထက် သန့်ရှင်းရာ ဋ္ဌာနတွင် နောက်ဆုံး မပြင်နိုင်သော ဆုံးမချက်ကို ပြုလုပ် ပြီးစီးကြောင်း၊ လူအပေါင်းတို့သည် မသိရှိဘဲ နေကြလိမ့်မည်။CCB2 393.3

    သန်းခေါင် အချိန်၌ လာသော သူခိုးကဲ့သို့ မမြင်ရဘဲ၊ လူတိုင်း၏ ကံကြမ္မာကို သတ်မှတ်ပြီးသော စီရင်ဆုံးဖြတ်သော အချိန်သည် တိတ်ဆိတ်စွာ ရောက်လာလိမ့်မည်။ ၎င်းသည် အပြစ်သင့်သော လူအား ပေးထားသော ကရုဏာကို နောက်ဆုံး ရုပ်သိမ်းသော အချိန် ဖြစ်လိမ့်မည်။ 3GC 488-491.CCB2 394.1

    * * * * *