Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၆၅။—ယောရှု နှင့် ကောင်းကင်တမန်။

    မြင်ရသော လောကကို မမြင်ရသော လောကမှ ခြားထားသော ကန့်လန့်ကာကို မြှင့်တင်လိုက်၍၊ ဘုရားသခင်၏ လူတို့သည် သခင်ခရစ်တော် နှင့် သန့်ရှင်းသော ကောင်းကင်တမန်များက တစ်ဖက်၊ စာတန် နှင့် သူ၏ ဆိုးသော ဗိုလ်ခြေတို့က တစ်ဖက်၊ လူအား ရွေးနှုတ်ခြင်း အကြောင်းနှင့် သက်ဆိုင်၍ တိုက်ခိုက်နေသော စစ်ပွဲကြီးကို မြင်နိုင်လျှင်၊ အပြစ်၏ ချည်နှောင်ခြင်းမှ ဝိညာဉ်များကို ကယ်ဆယ်ခြင်းအတွက် ဘုရားသခင်၏ အံ့သြဖွယ်သော အမှုကို လည်းကောင်း၊ ဆိုးသော သူ၏ ရန်ငြိုးမှ သူတို့ကို ကာကွယ်ရန် မိမိ၏ တန်ခိုးတော်ကို အမြဲ အသုံးပြုလျက် နေတော်မူကြောင်းကို လည်းကောင်း သူတို့သည် သိရှိနိုင်ကြလျှင်၊ သူတို့သည် စာတန်၏ အကြံအစည်များကို ခုခံရန် သာ၍ ကောင်းစွာ ပြင်ဆင်ခြင်း ရှိကြလိမ့်မည်။ ရွေးနှုတ်ခြင်း စီမံကိန်း၏ အလွန် ကျယ်ဝန်း၍ အရေးကြီးခြင်း အကြောင်းကို လည်းကောင်း၊ သခင်ခရစ်တော် နှင့် လုပ်ဖော်ဆောင်ဖက် အဖြစ် မိမိတို့ ရှေ့၌ ရှိသော အလုပ်၏ ကြီးမားခြင်း အကြောင်းကို လည်းကောင်း မြင်ရသောအခါ သူတို့၏ စိတ်ထဲ၌ အလွန် ကြီးကျယ်ခမ်းနားကြောင်း သိရှိလာကြ၏။ သူတို့သည် နှိမ့်ချခြင်းသို့ ရောက်ကြသော်လည်း၊ ကောင်းကင် တစ်ခုလုံးသည် သူတို့၏ ကယ်တင်ခြင်း အမှုတွင် စိတ်ဝင်စားနေကြောင်း သိရသဖြင့် အားရှိလာကြ၏။CCB2 395.1

    စာတန်၏ အလုပ်၊ သခင်ခရစ်တော်၏ အလုပ်၊ မိမိ၏ လူများအား စွပ်စွဲသော သူကို နိုင်နင်းရန် ကျွန်ုပ်တို့၏ ကြားဖြန်ဖြေသူ၏ တန်ခိုး အကြောင်းကို အကျိုး အဖြစ်ထွန်းဆုံး နှင့် စိတ်ဝင်စားဖွယ် အကောင်းဆုံး ပုံပမာကို ဇာခရိ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသည်။ သန့်ရှင်းသော ရူပါရုံ၌၊ ယဇ်ပုရောဟိတ်မင်း ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်၍ ထာဝရဘုရား၏ ကောင်းကင်တမန် ရှေ့၌ ရပ်လျက်၊ များစွာ စိတ်ဆင်းရဲခြင်း ရောက်နေသော မိမိ၏ လူများအတွက် ဘုရားသခင်၏ ကရုဏာကို တောင်းလျှောက်နေသည်ကို ပရောဖက်သည် မြင်ရ၏။ စာတန်သည် သူ့ကို တားဆီးရန် သူ၏ လက်ျာဘက်၌ ရပ်နေ၏။ ယဇ်ပုရောဟိတ်မင်းသည် စာတန်၏ စွပ်စွဲချက်မှ မိမိ ကိုယ်ကို လည်းကောင်း၊ မိမိ၏ လူများကို လည်းကောင်း မခုခံ မကာကွယ်နိုင်။ ဣသရေလ လူတို့သည် အပြစ်နှင့် ကင်းကြသည်ဟု သူက မပြောမဆိုပါ။ သူတို့၏ ကိုယ်စား သူ ယူဆောင်နေရသော လူတို့၏ အပြစ်များကို ပုံဆောင်သော ညစ်ညူးသော ဝတ်လုံကို ဝတ်ဆင်လျက် သူသည် ကောင်းကင်တမန် ရှေ့၌ ရပ်နေပြီး သူတို့၏ အပြစ်များကို ဝန်ချ တောင်းပန်နေသော်လည်း၊ အပြစ်လွှတ်တော်မူသော ရွေးနှုတ်ရှင်၏ ကရုဏာတော်ကို အားကိုးလျက် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ ဂတိတော်များကို တောင်းဆို၍ သူတို့၏ နောင်တရခြင်း နှင့် နှိမ့်ချခြင်း အဖြစ်တို့ကို ညွှန်ပြနေ၏။CCB2 395.2

    ထိုနောက် အပြစ်သားတို့၏ ကယ်တင်ရှင်၊ သခင်ခရစ်တော် ကိုယ်တော်တိုင် ဖြစ်တော်မူသော ကောင်းကင်တမန်သည် မိမိ၏ လူတို့ကို စွပ်စွဲ အပြစ်တင်သော သူကို တိတ်ဆိတ်စွာ နေစေလျက်၊ “အို စာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ဤ သူသည် မီးထဲက နှုတ်သော ထင်းစ ဖြစ်သည် မဟုတ်လော” ဟု မိန့်တော်မူ၏။ ဇာ၊ ၃: ၂။CCB2 396.1

    ယောရှု၏ ကြားဖြန်ဖြေခြင်း အမှုကို လက်ခံသောအခါ၊ “ညစ်ညူးသော အဝတ်ကို ချွတ်ပယ်လော့” ဟု အမိန့်ပေးပြီးလျှင်၊ ကောင်းကင်တမန်က ယောရှုအား၊ “သင့် အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်” ဟု ဆို၏။ “စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်၍ အဝတ်ကို ဝတ်စေကြ၏။” ဇာ၊ ၃: ၄၊ ၅။ သူ၏ အပြစ် နှင့် သူ့လူများ၏ အပြစ်များကို ဖြေလွှတ်၏။ ဣသရေလ လူတို့အား စင်ကြယ်သော အဝတ်ကို ဝတ်စေကြ၏။ ၎င်းကား သူတို့အား ပေးသော သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။CCB2 396.2

    စာတန်သည် ယောရှု နှင့် သူ၏ လူများကို အပြစ်တင်သည် နည်းတူ၊ ကာလ အဆက်ဆက် သူသည် ဘုရားသခင်၏ ကရုဏာတော် နှင့် နှစ်သက်တော်မူခြင်းကို ရှာဖွေနေသော သူတို့အား သူသည် အပြစ်တင်နေ၏။ ဗျာဒိတ်ကျမ်းတွင် သူအား “ငါတို့ ညီအစ်ကိုများကို အပြစ်တင်သော သူ၊” “နေ့ည မပြတ် ဘုရားသခင် ရှေ့တော်၌ သူတို့ကို အပြစ်တင်သော သူ” ဟု ခေါ်ဆိုထား၏။ ဗျာ၊ ၁၂: ၁၀။ ဆိုးသော သူ၏ တန်ခိုးမှ ကယ်နှုတ်ခြင်း ခံရ၍ မိမိတို့၏ အမည်ကို သိုးသငယ်၏ အသက်စာစောင်၌ ရေးထားခြင်း ခံရသော ဝိညာဉ်တိုင်းကို ပြန် ၍ တိုက်လှန်၏။ ဆိုးသော သူသည် တားဆီး ခုခံရန် စိတ်ပိုင်း ဖြတ်ခြင်း မပြုဘဲ၊ မည်သူ တစ်စုံတစ်ယောက်မျှ စာတန်၏ အိမ်ထောင်မှ ဘုရားသခင်၏ အိမ်ထောင်သို့ ဘယ်အခါမျှ ရောက်မလာနိုင်ချေ။ ထာဝရဘုရားကို ရှာသော သူတို့အား စာတန်က အပြစ်တင်ခြင်း အမှုမှာ သူတို့၏ အပြစ်များကို မနှစ်သက်သောကြောင့် မဟုတ်။ သူတို့၏ မှားယွင်းသော အကျင့်စာရိတ္တများကို သူသည် အလွန် နှစ်သက်၏။ သူတို့သည် ဘုရားသခင်၏ ပညတ်တော်ကို လွန်ကျူးခြင်းအားဖြင့် သာလျှင်၊ စာတန်သည်သူတို့ကို အောင်မြင်နိုင်၏။ သူသည် သခင်ခရစ်တော်ကို ရန်ငြိုးထားသောကြောင့်သာ အပြစ်တင်ခြင်းကို ပြု၏။ ကယ်တင်ခြင်း စီမံကိန်းအားဖြင့် သခင်ယေရှုသည် လူ အိမ်ထောင်ပေါ်၌ စိုးမိုးနေသော စာတန်၏ တန်ခိုးကို ချိုးဖျက်၍ ဝိညာဉ်တို့အား သူ၏ လက်မှ ကယ်တင်တော်မူ၏။ သခင်ခရစ်တော်၏ ကြီးမြတ်ခြင်း သက်သေများကို မြင်ရသောအခါ၊ ပုန်ကန်သော သူသည် အလွန် မုန်း၍ အမျက်ဒေါသထွက်လာသဖြင့်၊ ကိုယ်တော်ထံမှ ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံကြသော ကျန်ကြွင်းသော လူမျိုးကို အလွန် ဆိုးသော တန်ခိုး၊ လိမ္မာပါးနပ်သော သဘောဖြင့် လုယူရန် ကြိုးစား၏။CCB2 396.3

    သူသည် လူတို့အား ယုံမှားခြင်းကို ဖြစ်စေလျက် ဘုရားသခင်၌ ယုံကြည် အားထားခြင်း ပျက်ကွက်စေပြီး ဘုရားသခင်၏ မေတ္တာမှ ကွဲကွာစေ၏။ ဘုရားသခင်၏ ပညတ်တော်ကို ဖျက်ဆီးစေရန် သွေးဆောင်ပြီးနောက်၊ သူတို့ကို မိမိ ဖမ်းဆီးရသော သူတို့ကဲ့သို့ တောင်းဆို၍ ကိုယ်တော်ထံမှ သူတို့ကို တောင်းယူရန် သခင်ခရစ်တော်၏ အခွင့်အရာကို တိုက်ခိုက်ယူ၏။ အပြစ်လွှတ်ခြင်း နှင့် ကျေးဇူးတော်အတွက် ဘုရားသခင်ကို စိတ်အားကြီးစွာ ရှာသော သူတို့သည် ၎င်းကို ရရှိကြမည်ကို စာတန်သည် သိရှိ၏။ ထိုကြောင့် သူတို့အား စိတ်ပျက်စေခြင်းငှါ သူတို့ ရှေ့၌ သူတို့၏ အပြစ်များကို ဖော်ပြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်ရန် ကြိုးစားနေသော သူတို့ကို အပြစ်ရှာရန် သူသည် အမြဲ ကြံစည် ကြိုးစားနေ၏။ သူတို့၏ အကောင်းဆုံး နှင့် နှစ်သက်ဖွယ် အကောင်းဆုံး အလုပ်ကိုပင် ပျက်စီးသော အမှုဟု ထင်မှတ်စေရန် သူသည် ကြံစည် ကြိုးစား ၏။ အလွန် လျှို့ဝှက်စဉ်းလဲ၍ အရက်စက်ဆုံးသော မရေမတွက်နိုင်သော နည်းလမ်းများအားဖြင့်၊ သူတို့အား အပြစ်တင်ခွင့်ကို ရရှိရန် သူသည် ကြိုးစား အားထုတ်၏။CCB2 397.1

    လူသည် မိမိ ကိုယ်တိုင် ဤ အပြစ်တင်ချက်တို့ကို ရင်ဆိုင်ခြင်းငှါ မတတ်နိုင်။ သူသည် မိမိ၏ အပြစ်ကို ဝန်ခံ ဖော်ပြလျက် အပြစ်ကို ဝန်ခံ ဖော်ပြလျက် အပြစ်စွန်းကွက်သော ဝတ်လုံကို ဝတ်၍ ဘုရားသခင် ရှေ့တော်၌ ရပ်နေ၏။ သို့ရာတွင် မိမိတို့၏ ဝိညာဉ်ကို စောင့်ရှောက်ရန် ကိုယ်တော်အား၊ နောင်တရခြင်း၊ ယုံကြည်ခြင်းနှင့် အပ်နှံထားသော သူအပေါင်းတို့အတွက် ကျွန်ုပ်တို့၏ အမှုဆောင် သခင်ယေရှုသည် အကျိုးဖြစ်ထွန်းအောင် တောင်းပန်လျက် နေတော်မူ၏။ ကိုယ်တော်သည် သူတို့အတွက် တောင်းပန်လျက် ကရာနီကုန်း၏ ခွန်အားကြီးသော အကြောင်းပြချက်များအားဖြင့် သူတို့အား အပြစ်တင်သော သူကို ပယ်ရှားတော်မူ၏။ လက်ဝါးကပ်တိုင်၌ အသေခံတော်မူရသည် တိုင်အောင် ကိုယ်တော်သည် ဘုရားသခင်၏ ပညတ်တော်ကို နားထောင်ခြင်းအားဖြင့် ကောင်းကင်၌ ၎င်းမြေကြီးပေါ်၌ လည်းကောင်း ကိုယ်တော်သည် အခွင့်တန်ခိုး ရှိသမျှကို ရရှိတော်မူလျက် အပြစ်သင့်သော လူအတွက် ကိုယ်တော်သည် မိမိ ခမည်းတော်ထံမှ ကရုဏာနှင့် ပြန်၍ မိဿဟာယဖွဲ့ခြင်း အခွင့်ကို တောင်းတော်မူ၏။ လူတို့ကို အပြစ်တင်သော သူအား ကိုယ်တော်က၊ “အို စာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ဤ သူတို့သည် ငါ၏ အသွေးအားဖြင့် ဝယ်သော သူ၊ မီးထဲက နှုတ်ယူသော ထင်းစ ဖြစ်ကြသည်ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို ယုံကြည်ခြင်းနှင့် အားကိုးနေသော သူတို့သည်၊” ကြည့်ရှုလော့၊ သင့် အပြစ်ကို ငါဖြေရှင်းပြီ၊ တင့်တယ်သော အဝတ်ကို ဝတ်စေမည် ဟူသော စိတ်သက်သာ ဖွယ် ဂတိတော်ကို ရရှိကြ၏။CCB2 398.1

    သခင်ခရစ်တော်၏ ြေဖာင့်မတ်ခြင်း ဝတ်လုံကို ဝတ်ဆင်သော သူ အပေါင်းတို့သည် ရွေးချယ်ခြင်း ခံရ၍ သစ္စာရှိလျက် မှန်ကန်သော သူတို့ အဖြစ်နှင့် ကိုယ်တော်၏ ရှေ့တွင် ရပ်နေရကြမည်။သခင်ခရစ်တော်၏ လက်ထဲမှ သူတို့ကို နှုတ်ယူရန် စာတန်၌ တန်ခိုး မရှိ။ နောင်တရလျက် ယုံကြည်ခြင်းနှင့် ကိုယ်တော်၏ ကာကွယ်ခြင်းကို တောင်းဆိုသော သူ တစ်ယောက်ကိုမျှ သခင်ခရစ်တော်သည် ရန်သူ၏ လက်အောက်သို့ ရောက်သွားစေဖို့ ခွင့်ပြုတော်မူမည် မဟုတ်။ “ငါ၏ အစွမ်းသတ္တိကို ကိုးစား၍ ငါနှင့် မိဿဟာယဖွဲ့ကြစေ။ ငါနှင့် မိဿဟာယဖွဲ့ကြစေသော” ဟူသော ကိုယ်တော်၏ စကားများသည် ဂတိ ဝန်ခံချက် ဖြစ်၏။ ဟေရှာ၊ ၂၇: ၅။ ယောရှုအား ပေးသော ဂတိတော်သည် လူအပေါင်းတို့အဖို့ ဖြစ်၏။ “ငါ့ ပညတ်တရားကို စောင့်ရှောက်လျှင်၊ …… ရှေ့တော်၌ ရပ်နေသော သူ အချို့တို့ကို၊ သင့်အား လမ်းပြရသော သူ ဖြစ်မည် အကြောင်း ငါခန့်ထားမည်။” ဇာ၊ ၃: ၇။ ဤ လောက၌ပင် ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် သူတို့ တစ်ဖက်တစ်ချက်တွင် လျှောက်သွားကြလိမ့်မည်။ ၎င်းပြင် နောက်ဆုံး၌ ဘုရားသခင်၏ ပလ္လင်တော် ပတ်လည်တွင် ရပ်နေသော ကောင်းကင်တမန်တို့ အထဲတွင် သူတို့သည် ရပ်နေရကြမည်။CCB2 398.2

    ဘုရားသခင်၏ လူများဟု အသိအမှတ် ပြုခြင်း ခံရသော သူများတို့သည် ညစ်ညူးသော အဝတ်ကို ဝတ်လျက် ထာဝရဘုရား ရှေ့တော်တွင် ရပ်နေရကြသည်ဟု ပုံဆောင်ထားသည် အကြောင်းကို ထောက်ရှုလျက်၊ ဘုရားသခင်၏ နာမတော်ကို ဝန်ခံသော သူအပေါင်းတို့သည် နှိမ့်ချခြင်း ရှိလျက် မိမိတို့၏ စိတ်နှလုံးကို သေချာစွာ စစ်ဆေး ရှာဖွေရကြမည်။ သမ္မာတရားကို နားထောင်ခြင်းအားဖြင့် မိမိတို့၏ စိတ်ဝိညာဉ်ကို အမှန် ဖြူစင်စေသော သူတို့သည် မိမိတို့ ကိုယ်၌ အလွန် နှိမ့်ချသော သဘောနှင့် ပြည့်ဝကြလိမ့်မည်။ သခင်ခရစ်တော်၏ အစွန်းအကွက် ကင်းသော သဘောတော်ကို သာ၍ နီးကပ်စွာ မြင်ရလေလေ၊ ကိုယ်တော်၏ ပုံသဏ္ဍာန်တော်နှင့် တူညီလာလိုသော ဆန္ဒသည် သာ၍ ပြင်းထန်လာလေလေ ဖြစ်လိမ့်မည်။ ၎င်းပြင် မိမိတို့ ကိုယ်တိုင်၌ ဖြူစင် သန့်ရှင်းသော သဘောကို အနည်းငယ်သာ ရှိသည်ကို မြင်လာလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်တို့သည် မိမိတို့၏ အပြစ်ရှိသော အခြေအနေကို သိရှိလာရစဉ်အခါ၊ ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း၊ ကျွန်ုပ်တို့၏ သန့်ရှင်းခြင်း နှင့် ကျွန်ုပ်တို့၏ ရွေးနှုတ်ခြင်း အဖြစ် သခင်ခရစ်တော်ကို ကျွန်ုပ်တို့သည်အားကိုးရကြမည်။ သခင်ခရစ်တော်သာလျှင် ကျွန်ုပ်တို့အတွက် အကျိုးဖြစ်ထွန်းအောင် တောင်းပန်နိုင်တော်မူ၏။ ကျွန်ုပ်တို့၏ ကုသိုလ် အပေါ်၌ မဟုတ်ဘဲ ကိုယ်တော်တိုင်၏ ကုသိုလ် အပေါ်၌ အခြေတည်သော အကြောင်းပြချက်အားဖြင့်၊ ကိုယ်တော်သည် အပြစ်တင်သော သူကို တိတ်ဆိတ်စွာ နေစေတော်မူ၏။CCB2 399.1