Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ချိန်ခွင်၌ ချိန်စက်ခြင်း။

    ဘုရားသခင်သည် ကျွန်ုပ်တို့၏ အကျင့်စာရိတ္တ၊ ကျွန်ုပ်တို့၏ အပြုအမူ အလေ့အထ နှင့် ကျွန်ုပ်တို့၏ အကြံအစည်တို့ကို သန့်ရှင်းရာ ဋ္ဌာန၏ ချိန်ခွင်တွင် ချိန်စက်တော်မူလျက် ရှိ၏။ ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကိုယ်တော်ထံဆွဲယူရန် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူသော ကျွန်ုပ်တို့၏ ရွေးနှုတ်ရှင်က ချစ်ခြင်း မေတ္တာ နှင့် နားထောင်ခြင်းတွင် ကျွန်ုပ်တို့သည် လျော့နေသည်ဟု မိန့်တော်မူခြင်း ခံရလျှင် ကြောက်စရာကောင်းလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြီးမြတ် အဖိုးထိုက်သော ဆုလက်ဆောင်ကို ပေးတော်မူပြီ။ ကျွန်ုပ်တို့သည် မှောင်မိုက်ထဲ၌ မှားယွင်း လျှောက်သွားဖို့ မလိုမည် အကြောင်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အလင်းတရား နှင့် အလိုတော်ကို သိကျွမ်းခြင်း အခွင့် ပေးသနားတော်မူ၏။ နောက်ဆုံး စီရင်ဆုံးဖြတ်၍ ဆုလာဘ်ကို ပေးတော်မူသော နေ့တွင် ချိန်ခွင်၌ ချိန်စက်သဖြင့် လျော့နေကြောင်း တွေ့ရှိရခြင်း အမှုသည် ကြောက်စရာကောင်းသော အရာ ဖြစ်လိမ့်မည်။ ဘယ်အခါမျှ ပြင်၍ မရသော ကြောက်မက်ဖွယ် အမှားကြီး ဖြစ်လိမ့်မည်။ လူငယ် မိတ်ဆွေတို့၊ ဘုရားသခင်၏ စာစောင်တွင် သင်၏ နာမည်ကို ရှာမတွေ့ဘဲ ရှိရမည်လော။CCB2 163.1

    ဘုရားသခင်သည် သင့်အား မိမိအတွက် အလုပ် တစ်ခု ပြုလုပ်ရန် ခန့်ထားတော်မူသဖြင့် သင်သည် ဘုရားသခင် နှင့်အတူ လုပ်ဖော်ဆောင်ဖက် ဖြစ်လာရလိမ့်မည်။ သင်၏ ပတ်လည်၌ ကယ်တင်ရန် ဝိညာဉ်များ ရှိ၏။ သင်သည်စိတ်ရောကိုယ်ပါ ကြိုးပမ်း ဆောင်ရွက်မှုအားဖြင့် အားပေး ကူညီ၍ ကောင်းကြီး ချမ်းသာကို ပေးနိုင်သော သူများ ရှိကြပေသည်။ သင်သည် ဝိညာဉ်များအား အပြစ်ဒုစရိုက်မှ ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ ပြောင်းလဲပေး နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်အား မိမိ အကြောင်းကို ဖော်ပြဖို့ တာဝန် ရှိကြောင်းကို သိရှိလာသောအခါ၊ ဆုတောင်းခြင်း အမှု၌ သစ္စာရှိခြင်း နှင့် စာတန်၏ သွေးဆောင်ခြင်းကို တားဆီးရန် စောင့်နေရာ၌ သစ္စာရှိခြင်း အမှုများကို လိုနေကြောင်း သင် သိနားလည်လာလိမ့်မည်။ သင်သည် ခရစ်ယာန် အစစ်အမှန် ဖြစ်လျှင်၊ သင်သည် ပေါ့ဆ ပျင်းရိခြင်း၊ အဝတ်တန်ဆာ၌ ကြွားဝါခြင်း အမှုတို့ကို လိုက်စားနေခြင်းထက် လောကရှိ မိုက်မဲသော အကျင့်စာရိတ္တများအတွက် ညည်းတွား ငိုကြွေးခြင်း အမှုကို သာ၍ ပြုလုပ်နေလိမ့်မည်။ တိုင်းပြည်တွင် ပြုလုပ်နေသော စက်ဆုပ် ရွံ့ရှာဖွယ် အမှုများအတွက် ညည်းညူ ငိုကြွေးနေကြသော သူတို့ အထဲတွင် သင်သည် ပါဝင်လိမ့်မည်။ မာနကြီးခြင်း၊ ကိုယ်ကို မွမ်းမံ ပြင်ဆင်ခြင်း နှင့် အလှပြရန် လက်ဝတ်တန်ဆာများ ဆင်မြန်းခြင်း အမှုတို့၌ လိုက်စားစေရန် စာတန်က သွေးဆောင်ခြင်း အမှုများကို သင်သည် တားဆီး ကန့်ကွက်လိမ့်မည်။ မြင့်မြတ်သော တာဝန်များကို ဂရုမစိုက်ဘဲ၊ ဤ သေးနုပ် မရေရာသော အရာများကို နှစ်သက်နေကြသော စိတ်သဘောသည် ကျဉ်းမြောင်းလာ၍ အသိဉာဏ်သည် သိမ်ဖျင်းလာ၏။CCB2 163.2

    ကျွန်ုပ်တို့ ခေတ်ကာလရှိ လူငယ်များတို့သည် မိမိတို့ အလိုရှိကြလျှင်၊ သခင်ခရစ်တော် နှင့်အတူ အမှုဆောင်များ ဖြစ်လာနိုင်ကြသည်။ ၎င်းပြင် အမှုဆောင်ရွက်ခြင်း၌ သူတို့၏ ယုံကြည်ခြင်းသည် ခိုင်ခံ့လာ၍ ဘုရားသခင်ကို သိကျွမ်းခြင်း ပညာသည် တိုးပွားလာလိမ့်မည်။ မှန်ကန်သော ရည်ရွယ်ချက် ရှိသမျှ နှင့် မှန်ကန်သော အရာကို ပြုသော အမှု ရှိသမျှတို့ အကြောင်းကို အသက်စာစောင်၌ မှတ်သားထားလိမ့်မည်။ မိမိတို့၏ စိတ်အလို ဆန္ဒပြည့်စေဖို့ရန် အသက်ရှင်နေခြင်း နှင့် ဤ ဘဝ၏ အဖိုးမတန်၊ အချည်းနှီးသော အရာများအတွက် မိမိတို့၏ ဉာဏ်စွမ်းကို သိမ်ဖျင်းစေခြင်း အမှုတို့သည် အပြစ်ဒုစရိုက် ဖြစ်ကြောင်း လူငယ်တို့အား တွေ့မြင် သိရှိစေရန် နှိုးဆော်ခြင်းငှါ ကျွန်ုပ် အလိုရှိပါသည်။ သူတို့သည် ဤ လောက၏ သေးနုပ်၍ ဆွဲဆောင်နေသော အရာများ အထက်၌ မိမိတို့ အကြံအစည် နှင့် အပြောအဆိုတို့ကို မြှင့်တင်ပေး၍ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေဖို့ ရည်ရွယ်ကြလျှင်၊ အသိဉာဏ် အပေါင်းထက် လွန်ကဲသော ဘုရားသခင်၏ ငြိမ်သက်ခြင်းကို သူတို့သည် ရရှိကြလိမ့်မည်။ 73T 370,371;CCB2 164.1

    ဘုရားသခင်က လူငယ်တို့အား စိတ်အား ထက်သန်သော လူများ ဖြစ်လာရန်၊ ဘုရားသခင်၏ မြင့်မြတ်သော အမှုတော်ကို ဆောင်ရွက်ဖို့ ပြင်ဆင်ခြင်း ရှိ၍ တာဝန်များကို ထမ်းဆောင်ဖို့ သင့်တော်လာစေရန် အလိုရှိတော်မူ၏။ ခိုင်ခံ့၊ ရဲရင့်၍ ပျက်စီးခြင်း မရှိသော စိတ်နှလုံးနှင့် ပြည့်ဝလျက်၊ သူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေ၍ လူတို့အား ကောင်းကြီးပေးနိုင်မည် အကြောင်း၊ မိမိတို့ ရှေ့၌ ရှိသော တိုက်ပွဲကို ယောက်ျားပီသစွာ တိုက်လှန်ရန် စိတ်ပိုင်းဖြတ်သော လူငယ်တို့ကို ဘုရားသခင်သည် ခေါ်လျက် နေတော်မူ၏။ လူငယ်တို့သည် ကျမ်းစာကို သေချာစွာ လေ့ကျက်၍ မိမိတို့၏ ပြင်းထန်သော စိတ်ဆန္ဒကို တည်ငြိမ်စေလျက် မိမိတို့၏ ဖန်ဆင်းရှင် နှင့် ရွေးနှုတ်ရှင်၏ စကားသံတော်ကို နားထောင် လိုက်နာလျှင်၊ သူတို့သည် ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့ရမည် သာမက မိမိတို့ ကိုယ်ကို မြင့်မြတ် ကြီးမြင့်သော အခြေအနေသို့ ရောက်လိမ့်မည်။CCB2 165.1

    သင် သွားလေရာရာ၌ အလင်းတရားကို ယူဆောင်သွားလော့။ သင်သည် ရည်ရွယ်ချက်၌ ခိုင်ခံ့ တည်ကြည်ကြောင်းကို လည်းကောင်း၊ ဆိုးသော အပေါင်းအသင်း၏ သွေးဆောင်ခြင်းသို့ အလွယ်တကူ ပါ၍ စိတ်မခိုင်သော သူ မဟုတ်ကြောင်းကို လည်းကောင်း ဖော်ပြလော့။ ဘုရားသခင်ကို မရိုသေသော သူတို့၏ အကြံပေးချက်တို့ကို အလွယ်တကူ မလိုက်မပါဘဲ၊ ဆိုးသော အမှုမှ ဝိညာဉ်များကို ပြုပြင်ပေးပြီး ပြန်၍ ရရှိလျက် ကယ်ဆယ်ရန် ကြိုးစားပါ။CCB2 165.2

    ဆုတောင်းခြင်းကို အားကိုးပါ၊ မိမိတို့ကို ကန့်ကွက် တားဆီးသော သူတို့ကို နူးညံ့သိမ်မွေ့၍ နှိမ့်ချသော သဘောနှင့် သွေးဆောင်လော့။ လမ်းမှားထဲမှ ကယ်ဆယ်၍ သခင်ခရစ်တော်၏ အလံတော် အောက်သို့ ရောက်လာသော ဝိညာဉ် တစ်ဦးကြောင့် ကောင်းကင်၌ ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ၎င်းပြင် သင်၏ ဝမ်းမြောက်ခြင်း သရဖူ၌ ကြယ်တစ်လုံး တည်ရှိလာလိမ့်မည်။ ကယ်ဆယ်ခြင်း ခံရသော ဝိညာဉ်သည် သူ၏ ဘုရားတရား ကြည်ညိုမှု သြဇာညောင်းခြင်းကြောင့်၊ အခြားသော သူတို့အား ကယ်တင်ခြင်း တရား အကြောင်းကို သိကျွမ်းစေလိမ့်မည်။ ၎င်းပြင် ထိုနည်းအားဖြင့် အမှုတော်သည် တိုးပွား များပြားလာလိမ့်မည်။ ၎င်းပြင် တရားစီရင်တော်မူသော နေ့၌ အမှုတော်သည် မည်မျှလောက် ကြီးကျယ် တိုးတက်ကြောင်းကို ထင်ရှားစွာ သိရှိရလိမ့်မည်။CCB2 165.3

    သင်သည် အနည်းငယ်သာ ပြုလုပ်နိုင်သည်ဟု ထင်ရသောကြောင့်၊ သခင်ဘုရားအတွက် အမှုဆောင်ရွက်ရန် နှောင့်နှေးမနေပါနှင့်။ သင်၏ အနည်းငယ်သော အလုပ်ကိုပင် သစ္စာနှင့် ဆောင်ရွက်ပါ။ အကြောင်းမူကား၊ ဘုရားသခင်သည် သင် နှင့်အတူ အမှု ဆောင်ရွက်တော်မူမည်။ သခင်ဘုရား၏ စည်းစိမ်သို့ ဝင်စားဖို့ ထိုက်တန်သော သူ အဖြစ်နှင့် သင်၏ နာမည်ကို အသက်စာစောင်တွင် ဘုရားသခင်သည် ရေးထားတော်မူလိမ့်မည်။8MYP 21-23.CCB2 166.1