Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝိညာဉ်အရာတို့ကို နှစ်သက်လိုလားသော စိတ်က ဖြစ်ပွားလာစေခြင်း။

    လူငယ်တို့အတွက် ဘေးကင်း စိတ်ချရသော နည်းတစ်ခုကား မခြားမလပ် စောင့်နေလျက် နှိမ့်ချခြင်း နှင့် ဆုတောင်းခြင်း ဖြစ်သည်။ ဤ အရာများကို မပြုလုပ်ဘဲ ခရစ်ယာန် ဖြစ်နိုင်သည်ဟု သူတို့သည် မိမိတို့ ကိုယ်ကို အထင် မကြီးအပ်ကြပေ။ စာတန်သည် တောထဲ၌ သခင်ခရစ်တော်ထံသို့ ချဉ်းကပ်သောအခါမှာ ကဲ့သို့၊ မိမိ၏ သွေးဆောင်ခြင်း အမှု နှင့် လှည့်ဖြားရန် အကြံအစည်တို့ကို အလင်းဖြင့် ဖုံးအုပ် ကာကွယ်ထားတတ်၏။ ထိုအခါ သူသည် ကောင်းကင်တမန် တစ်ပါးကဲ့သို့ ထင်ရ၏။ ကျွန်ုပ်တို့ ဝိညာဉ်၏ ရန်သူသည် ကောင်းကင် ဧည့်သည်ကဲ့သို့ ကျွန်ုပ်တို့ ထံသို့ ချဉ်းကပ်လာလိမ့်မည် ဖြစ်၍ တမန်တော်က ဣန္ဒြေစောင့်ခြင်း နှင့် ဝီရိယ ရှိခြင်းသည်သာလျှင် ကျွန်ုပ်တို့၏ လုံခြုံမှု ဖြစ်သည်ဟု ထောက်ခံ ပြောဆိုထားပါသည်။ သတိမရှိခြင်း၊ ပေါ့ဆခြင်း ရှိလျက် ခရစ်ယာန် တာဝန်များကို ပျက်ကွက်စေသော လူငယ်တို့သည် သခင်ခရစ်တော် အောင်မြင်တော်မူသကဲ့သို့ အောင်မြင်ခြင်း ရှိရမည် အစား၊ ဆက်ခါဆက်ခါ ရန်သူ၏ သွေးဆောင်ခြင်း အောက်သို့ ကျရောက်နေတတ်သည်။23T 374;CCB2 155.1

    ထာဝရဘုရားဘက်၌ ရှိနေကြသည်ဟု အများက ပြောဆိုနေကြသော်လည်း၊ သူတို့၏ အပြုအမူ အားလုံးတို့သည် စာတန်ဘက်၌ ရှိနေကြောင်း ဖော်ပြနေ၏။ ကျွန်ုပ်တို့သည် မည်သူဘက်၌ ရှိနေကြကြောင်း မည်ကဲ့သို့ နည်းအားဖြင့် ဆုံးဖြတ် သိရှိရကြမည်နည်း။ မည်သူသည် ပြုလုပ်ရဲသနည်း။ ကျွန်ုပ်တို့သည် မည်သူ အကြောင်းကို ဆင်ခြင် စဉ်းစားနေကြသနည်း။ ကျွန်ုပ်တို့သည် မည်သူ၏ အကြောင်းကို စကားပြောရန် နှစ်သက်ကြသနည်း။ ကျွန်ုပ်တို့သည် မည်သူကို အထူး စွဲလမ်း၍ မည်သူအတွက် ကျွန်ုပ်တို့၏ အကောင်းဆုံး စွမ်းအားကို အသုံးပြုနေကြသနည်း။ ကျွန်ုပ်တို့သည် ထာဝရဘုရားဘက်၌ ရှိနေကြလျှင်၊ ကျွန်ုပ်တို့သည် ဘုရားသခင် အကြောင်းကို ဆင်ခြင် စဉ်းစားကြလိမ့် မည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အကြောင်းကိုသာ အကောင်းဆုံး စဉ်းစား ဆင်ခြင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် လောကနှင့် မိတ်ဆွေ ဖြစ်ကြမည် မဟုတ်။ ကျွန်ုပ်တို့၌ ရှိသမျှ၊ ကျွန်ုပ်တို့၌ ဖြစ်သမျှကို ဘုရားသခင်အား ဆက်ကပ် ပူဇော်ထားကြလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ယူဆောင်လိုကြလိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို လိုက်ကြလိမ့်မည်။ ၎င်းပြင် အရာခပ်သိမ်း၌ ဘုရားသခင် နှစ်သက်တော်မူစေရန် ပြုလုပ်ကြလိမ့်မည်။CCB2 155.2

    မှန်သော ပညာ သင်ကြားခြင်း အမှုသည် ကောင်းကျိုးများကို ဖြစ်မြောက်စေရန် ကျွန်ုပ်တို့၏ စွမ်းရည်သတ္တိများကို အသုံးပြုခြင်း ဖြစ်သည်။ လောကီဘက်တွင် ဦးနှောက်၊ အရိုး နှင့် ကြွက်သားတို့၏ ခွန်အားကို အသုံးပြုနေကြစဉ်၊ အဘယ်ကြောင့် ကျွန်ုပ်တို့သည် ဘာသာရေးကို အနည်းငယ်မျှလောက်သာ အရေးပေးတတ်ကြ သလဲ။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ တစ်ခုလုံး၏ အင်အားသည် ၎င်းဘက်၌ အားသန်နေသောကြောင့် ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် လောကီ လုပ်ငန်းများ၌သာ စိတ်အားကြီးစွာနှင့် လည်းကောင်း၊ အင်အားနှင့် လည်းကောင်း ဆောင်ရွက်ရန် မိမိတို့ ကိုယ်ကို လေ့ကျင့်ထားကြရာ၊ အဆုံး၌ စိတ်သည် ထိုအမှုကိစ္စဘက်တွင် လွယ်ကူစွာ ရောက်ရှိသွား၏။ ဤ အကြောင်းကြောင့် ခရစ်ယာန်တို့က ဘာသာရေးနှင့် ဆိုင်ရာ အသက်တာသည် အလွန် ခက်ခဲ၍ လောကီ အသက်တာသည် အလွန် လွယ်ကူသည်ကို တွေ့ရှိရကြသည်။ စွမ်းရည်သတ္တိများကို ထိုဘက်တွင် အသုံးချရန် လေ့ကျင့်ထားခဲ့လေပြီ။ ဘာသာရေးနှင့် ဆိုင်သော အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပါရှိသော သမ္မာတရားများကို သဘောတူကြ၏။ သို့ရာတွင် အသက်တာ၌ ၎င်းတို့ကို လက်တွေ့ ကျင့်လျက် ပုံသက်သေ မပြကြချေ။CCB2 156.1

    ဘာသာရေး ထင်မြင်ချက်များ နှင့် ဘုရားဝတ်ပြုကိုးကွယ် လိုသော စိတ်သဘောများကို ပြုပြင်ပေးခြင်း အမှုကို ပညာသင်ကြားရေးတွင် အပါအဝင် ဖြစ်အောင် မပြုလုပ်ကြချေ။ ဤ အရာတို့သည် လူတစ်ကိုယ်လုံး အပေါ်၌ သြဇာညောင်း၍ စိုးမိုး အုပ်ချုပ်လျက် ရှိရမည်။ မှန်သော အရာကို ပြုကျင့်ရန် ဓလေ့သည် လိုနေ၏။ တစ်ခါတစ်လေ အခွင့်သာသော အခါ၌သာ ပြုလုပ်တတ်ကြ၏။ သို့ရာတွင် ဘုရားနှင့် ဆိုင်သော အရာများ၌ သဘာဝအလျောက် အလွယ် တကူ ဆင်ခြင် စဉ်းစားလိုသော သဘောသည် စိတ်ထဲ၌ စိုးမိုးနေသော အခြေခံ တရား မဟုတ်ချေ။CCB2 156.2

    ဖြူစင်ခြင်းကို နှစ်သက်လာရန် စိတ်ကို သွန်သင် လေ့ကျင့်ပေးရမည်။ ဝိညာဉ်အရာတို့ကို နှစ်သက် လိုလားသော စိတ်မျိုးကို အားပေး တိုက်တွန်းရမည်။ သင်သည် ကျေးဇူးတော်၌ လည်းကောင်း၊ သမ္မာတရားကို သိကျွမ်းခြင်း၌ လည်းကောင်း ကြီးပွားတိုးတက်လိုလျှင်၊ အမှန်ပင် ထိုစိတ်မျိုးကို အားပေးရမည်။ ကောင်းမြတ်သော အရာ နှင့် မှန်သော သန့်ရှင်းခြင်းကို နှစ်သက်သော ဆန္ဒသည် ထိုမျှလောက်နှင့် မှန်ပေ၏၊ သို့ရာတွင် သင်သည ဤ နေရာမျှလောက်နှင့် ရပ်တန့်နေသော်၊ ဘာမျှ အကျိုးရှိလိမ့်မည် မဟုတ်။ ကောင်းသော ရည်ရွယ်ချက်များသည် မှန်ပေ၏။ သို့ရာတွင် ၎င်းတို့ကို လက်တွေ့အသုံးမပြုလျှင် အကျိုးပေးလိမ့်မည် မဟုတ်။ အများသော သူတို့သည် ခရစ်ယာန် ဖြစ်လာရန် မျှော်လင့်လျက် အလိုဆန္ဒ ရှိလျက်နေစဉ် ဆုံးရှုံးသွားကြလိမ့်မည်။ သို့ရာတွင် သူတို့သည် စိတ်အားကြီးစွာ ကြိုးပမ်းမှုကို မပြုကြ။ ထိုကြောင့် သူတို့ကို ချိန်ခွင်၌ ချိန်စက်သောအခါ၊ လျော့နေကြောင်းကို တွေ့ရလိမ့်မည်။ စိတ်အလိုဆန္ဒကို မှန်သော လမ်းဘက်၌ လေ့ကျင့်ပေးရမည်။ ကျွန်ုပ်သည် စိတ်ရော ကိုယ်ပါ ခရစ်ယာန် ဖြစ်ရလိမ့်မည်။ ကျွန်ုပ်သည် စုံလင်သော မေတ္တာ၏ အလျား၊ အနံ၊ အမြင့် အစောက်ကို သိရှိ နားလည်ရလိမ့်မည်။ သခင်ယေရှု၏ စကားများကို နားထောင်ပါ။ “ဖြောင့်မတ်ခြင်း ပါရမီကို ဆာငတ်မွတ်သော သူတို့သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ရကြလတ္တံ့။” မ၊ ၅: ၆။ ဖြောင့်မတ်ခြင်း ပါရမီကို ဆာငတ်မွတ်သော ဝိညာဉ်၏ အလိုကို ပြည့်စုံစေရန် သခင်ခရစ်တော်က လုံလောက်စွာ စီမံထားတော်မူ၏။32T 262-266;CCB2 157.1